မြန်မာသည် အေအေနှင့် အာဆာအပေါ် အပြစ်ဖို့နေကျဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် ပြောကြား

မြန်မာသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မော်တာကျည်များ ကျရောက်မှုနှင့်ပတ်သက်၍ အေအေနှင့် အာဆာအပေါ် အပြစ်ဖို့နေကျဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် Md Khorshed Alam က အင်္ဂါနေ့တွင် ပြောကြားလိုက်ကြောင်း ဒက္ကားထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

21 Sep 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် Md Khorshed Alam ။ (ဓာတ်ပုံ - Dhaka Tribune)

DMG ၊ စက်တင်ဘာ ၂၁

မြန်မာသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မော်တာကျည်များ ကျရောက်မှုနှင့်ပတ်သက်၍ အေအေနှင့် အာဆာအပေါ် အပြစ်ဖို့နေကျဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် Md Khorshed Alam က အင်္ဂါနေ့တွင် ပြောကြားလိုက်ကြောင်း ဒက္ကားထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မကြာသေးခင်က နယ်စပ် ဘင်ဒရိုဘင်မြို့တွင် မော်တာကျည် ကျရောက်ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအတွင်းဝန် Md Khorshed Alam သည် တနင်္လာနေ့တွင် ဒက္ကာရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်များကိုဖိတ်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်က စိုးရိမ်ပူပန်မှုများကို ရှင်းပြခဲ့သည်။

အဆိုပါတွေ့ဆုံမှု၌ မကြာသေးမီက အဖြစ်အပျက်အတွင်း မြန်မာဘက်ကပစ်ခတ်လိုက်သည့် မော်တာကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ခဲ့သည်ကို ရှင်းပြခဲ့သည်။ ရမ်းသမ်းပစ်ခတ်မှုများ၊ အရပ်သားသေဆုံးရမှုများနှင့် ဒဏ်ရာရရှိမှုများရှိခဲ့သလို နယ်စပ်ရှိပြည်သူများ၏ အသက်အိုးအိမ်များကို ထိခိုက်မှုများလည်းဖြစ်ပေါ်စေခဲ့သည်ဟု အတွင်းဝန် Md Khorshed Alam က ပြောကြားခဲ့သည်။

အာဆီယံသံအမတ်များက ဘင်္ဂလားဒေ့ရှ်၏ စိုးရိမ်မှုများအား မိမိတို့နိုင်ငံများသို့ တင်ပြပေးမည်ဟု ပြောကြားခဲ့သည်။

“မြန်မာအနေနဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကို အမြတ်ထုတ်ခြင်းမလုပ်နိုင်အောင် ကျွန်တော်တို့က သူတို့ရဲ့အကူအညီကို တောင်းခံခဲ့တာပါ”ဟု Md Khorshed Alam က အာဆီယံသံအဖွဲ့များအား ဖိတ်ခေါ်အသိပေးရခြင်းနှင့်ပတ်သက်ပြီး သတင်းထောက်များကို ဖြေကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ မော်တာကျည်များ ကျရောက်မှုနှင့် ပတ်သက်၍ မြန်မာသည် အေအေနှင့် အာဆာအပေါ် အပြစ်ဖို့နေကျဟုလည်း အတွင်းဝန် Md Khorshed Alam က သတင်းထောက်များကို ပြောကြားသည်။

အာဆီယံသံအဖွဲ့များအား ဖိတ်ခေါ်ရှင်းပြရာတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက် ၉ နိုင်ငံက တက်ရောက်ခဲ့ပြီး မြန်မာဘက်က ကိုယ်စားပြုတက်ရောက်သူ မရှိခဲ့ပေ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာသံအဖွဲ့အား တနင်္ဂနွေနေ့က ဆင့်ခေါ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ မော်တာကျည်များ ကျရောက်ပေါက်ကွဲမှုကို အသိပေးခဲ့သည်။ သို့သော်လည်း မြန်မာဘက်ကမူ အေအေနှင့် အာဆာတို့အပေါ်တွင်သာ အပြစ်ဖို့ခဲ့သည်ဟု ဒက္ကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မြန်မာအား ယခုကဲ့သို့ ဆင့်ခေါ်အသိပေးမှုသည် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လေးကြိမ်မြောက်လည်း ဖြစ်သည်။

ဗီဒီယိုများ