စီချွမ်ငလျင်ကြောင့် သေဆုံးသူ ၈၂ ဦးအထိရှိလာ

တရုတ်ပြည် စီချွမ်ခရိုင်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် စက်တင်ဘာ ၈ ရက်နေ့အထိ ၈၂ ဦးရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

09 Sep 2022

ဓာတ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၉

တရုတ်ပြည် စီချွမ်ခရိုင်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် စက်တင်ဘာ ၈ ရက်နေ့အထိ ၈၂ ဦးရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တနင်္လာနေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်သည် ၆ ဒသမ ၈ မဂ္ဂနီကျူ့ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံးဖြစ်သည့် အဆိုပါငလျင်ကြောင့် ဒဏ်ရာရသူ ၂၇၀ ကျော်ရှိပြီး ၃၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြသည်။

ငလျင်ဗဟိုချက်ဖြစ်သည့် လူဒင်မြို့တွင် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ၂ ဒသမ ၉ မဂ္ဂနီကျူ့ရှိသည့် နောက်ဆက်တွဲငလျင်တစ်ရပ် ထပ်မံလှုပ်ခတ်ခဲ့သည်။

အာဏာပိုင်များသည် လူဒင်တွင် ပိတ်ထားခဲ့သည့် လမ်းများကို ပြန်လည်ဖွင့်ပေးနေပြီဖြစ်သည်။

တရုတ်မိုးလေဝသခန့်မှန်းချက်များအရ လူဒင်တွင် မြေပြိုကျမှုများကဲ့သို့ သဘာဝဘေးဒဏ်များ ကြုံရနိုင်ခြေရှိကြောင်း သတိပေးထားသည်။

စီစီတီဗီက ထုတ်လွှင့်သည့် ဗီဒီယိုဖိုင်၌ မီးသတ်သမားများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် သွေးသံရဲရဲနှင့် အမျိုးသမီးတစ်ဦးကို အပျက်အစီးပုံများကြားမှ ဆွဲထုတ်နေကြသည်ကို တွေ့ရသလို အသက်ရှင်ကျန်ရစ်သူတစ်ဦးအား ထမ်းစင်နှင့်ထမ်းကာ မြစ်ကိုဖြတ်နေကြသည်ကို တွေ့ရသည်။

ငလျင်ကြောင့် ရေအားလျှပ်စစ် ဖြန့်ဖြူးရေးစက်ရုံ ၇ ရုံထက်မနည်း ပျက်စီးသွားကြောင်းလည်း ရေအရင်းအမြစ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ပြောကြားသည်။

မြေပြိုမှုနှင့် အဆောက်အအုံပြိုကျမှုများ ဖြစ်ပေါ်နိုင်သည့် နေရာများမှ ပြည်သူ ၁၁၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း စီစီတီဗီ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံခဲ့ရသည့် ဒေသများတွင် သိသိသာသာ မိုးရွာသွန်းမှုများ ကြာသပတေးနေ့အထိ ရှိနိုင်ကြောင်းလည်း တရုတ်မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

တရုတ်ပြည် အနောက်တောင်ပိုင်းဒေသများတွင် မကြာခဏဆိုသလို ငလျင်လှုပ်ခတ်မှုဒဏ်ကို ကြုံရလေ့ရှိသည်။ စီချွမ်ခရိုင် ဝမ်ချွမ်ဒေသတွင် ၂၀၀၈ ခုနှစ်က ၈ ဒသမလ၀ မဂ္ဂနီကျူ့ပြင်းအားရှိသည့် ငလျင်တစ်ရပ်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်းသောင်းချီ သေဆုံးခဲ့သည်။

ဗီဒီယိုများ