ဆိုရှယ်မီဒီယာပေါ်မှ ‘တရားမဝင်’ ဖော်ပြချက်များ ၂၄ နာရီအတွင်း ဖြုတ်ချရမည့်ဥပဒေ ဗီယက်နမ် ပြင်ဆင်

ဗီယက်နမ်နေိုင်ငံတွင် အစိုးရက တရားမဝင်ဟု သတ်မှတ်ထားသည့် အကြောင်းအရာများအား ဆိုရှယ်မီဒီယာများတွင် ဖော်ပြလာပါက ကုမ္ပဏီများဘက်က ၂၄ နာရီအတွင်း ဖျက်ချပေးရမည့် ဥပဒေအသစ်များ ပြဋ္ဌာန်းရန် ပြင်ဆင်လျက်ရှိကြောင်း နီးစပ်သူ ၃ ဦးထံမှ သိရသည့် အချက်အလက်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

22 Apr 2022

ဓာတ်ပုံ - Reuters

DMG ၊ ဧပြီ ၂၂

ဗီယက်နမ်နေိုင်ငံတွင် အစိုးရက တရားမဝင်ဟု သတ်မှတ်ထားသည့် အကြောင်းအရာများအား ဆိုရှယ်မီဒီယာများတွင် ဖော်ပြလာပါက ကုမ္ပဏီများဘက်က ၂၄ နာရီအတွင်း ဖျက်ချပေးရမည့် ဥပဒေအသစ်များ ပြဋ္ဌာန်းရန် ပြင်ဆင်လျက်ရှိကြောင်း နီးစပ်သူ ၃ ဦးထံမှ သိရသည့် အချက်အလက်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီယက်နမ်တွင် ဖေ့စ်ဘုတ်ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဘီလျံရှိသည်။ လက်ရှိဥပဒေကို ပိုမိုတင်းကြပ်သည့် ပြင်ဆင်ချက်များကြောင့် ဗီယက်နမ်သည် ဆိုရှယ်မီဒီယာ ကုမ္ပဏီများအတွက် အကျပ်တည်းဆုံးနိုင်ငံများအနက် တစ်ခုဖြစ်လာနေသည်။

ယခုစည်းကမ်းက အစိုးရကို ဆန့်ကျင်သည့် လုပ်ရပ်များကို နှိပ်ကွပ်နိုင်မည်ဖြစ်ရာ အာဏာရ ကွန်မြူနစ်ပါတီသည်လည်း ပိုမိုအင်အားကောင်းလာတော့မည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
အသစ်ချမှတ်မည့် ဥပဒေများအရ တရားမဝင်ကြောင်း အစိုးရသတ်မှတ်ထားသည့် ဖော်ပြချက်များကို ဆိုရှယ်မီဒီယာကုမ္ပဏီများဘက်က ၂၄ နာရီအတွင်း ဖျက်ချပေးရမည် ဖြစ်သလို တရားမဝင်ကြောင်း သတ်မှတ်ထားသည့် တိုက်ရိုက်ထုတ်လွှင့်မှု Livestreams များကိုလည်း သုံးနာရီအတွင်း ပိတ်ပေးရမည် ဖြစ်သည်။

သတ်မှတ်ချက်ကို မလိုက်နာနိုင်သည့် ကုမ္ပဏီများသည် သူတို့၏ ဆိုရှယ်မီဒီယာများ ဗီယက်နမ်နိုင်ငံတွင်း အသုံးပြုခွင့်မရှိဘဲ ပိတ်ပင်ခံရခြင်းအထိ ရင်ဆိုင်ရနိုင်ကြောင်း ယခုဖြစ်စဉ်နှင့် နီးစပ်သူများက ပြောသည်။

လက်ရှိ၌ ကုမ္ပဏီများသည် ဗီယက်နမ်အစိုးရဘက်က ပိတ်သိမ်းခိုင်းသည့် ပို့စ်များကို အရေးယူဆောင်ရွက်ရန် ရက်အနည်းငယ် အချိန်ရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြည်သူများကို တရားဝင် အသိမပေးရသေးသည့် ယခု ဥပဒေပြင်ဆင်ချက် အသစ်များကို ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်က နောက်လအတွင်း အတည်ပြု လက်မှတ်ရေးထိုးပြီး ဇူလိုင်လတွင် ဥပဒေ အသက်ဝင်မည်ဟု မျှော်လင့်ရသည်။

လူဦးရေ ၉၈ သန်းရှိသည့် ဗီယက်နမ်နိုင်ငံသည် ဖေ့စ်ဘုတ်အသုံးအများဆုံး ၁၀ နိုင်ငံတွင် ပါဝင်ပြီး အသုံးပြုသူ သန်းပေါင်း ၆၀ နှင့် ရ၀ ကြားတွင်ရှိကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအများစုတွင် ဆိုရှယ်မီဒီယာများပေါ်မှ ပို့စ်များအား ဖျက်ချရေးအတွက် သီးသန့်ဥပဒေများ သတ်မှတ်ထားခြင်း မရှိပေ။

သို့သော်လည်း အိန္ဒိယနိုင်ငံတွင် အစိုးရက ဖျက်ချပေးရန် တောင်းဆိုသည့် ပို့စ်များအား ကုမ္ပဏီများဘက်က ၃၆ နာရီအတွင်း ဖျက်ချပေးရသည်။

အင်ဒိုနီးရှားသည်လည်း အစိုးရက ဖျက်ပေးရန် တောင်းဆိုသည့် ပို့စ်များအား ကုမ္ပဏီများဘက်က ၂၄ နာရီအတွင်း ဖျက်ချပေးရမည့် ဥပဒေသစ်တစ်ရပ် ချမှတ်ရန် ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

ဗီဒီယိုများ