- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ကာဘူးလ်ဆေးရုံကို အိုင်အက်စ် တိုက်ခိုက်မှုကြောင့်လူ ရ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ
အစ္စလာမ်မစ် စစ်သွေးကြွများသည် အင်္ဂါနေ့တွင် အာဖဂန်မြို့တော်ရှိ စစ်ဆေးရုံတစ်ခုသို့ အဝင်ဝ၌ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံးလူ ရ ဦးသေဆုံးခဲ့ကြောင်း တာလီဘန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
04 Nov 2021

DMG ၊ နိုဝင်ဘာ ၄
အစ္စလာမ်မစ် စစ်သွေးကြွများသည် အင်္ဂါနေ့တွင် အာဖဂန်မြို့တော်ရှိ စစ်ဆေးရုံတစ်ခုသို့ အဝင်ဝ၌ ဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အနည်းဆုံးလူ ရ ဦးသေဆုံးခဲ့ကြောင်း တာလီဘန် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
ထိုတိုက်ခိုက်မှုသည် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို နွေရာသီတွင် အာဏာသိမ်း ထိန်းချုပ်ပြီးကတည်းက အိုင်အက်စ် (IS) များ၏ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုများစွာထဲမှ တစ်ခုဖြစ်သည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သေဆုံးသွားသူများထဲတွင် အမျိုးသမီးသုံးဦး၊ ကလေးတစ်ဦးနှင့်တာလီဘန်အစောင့်သုံးဦးတို့ ပါဝင်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာဟ်မူဂျာဟစ်က ဆိုသည်။ ထိုတိုက်ခိုက်မှုတွင် ဗုံးခွဲတိုက်ခိုက်သူ ငါးဦးလည်းသေဆုံးခဲ့ပြီး တာလီဘန်အစောင့်များက သူတို့ကိုဆေးရုံသို့ မဝင်ရောက်ရန် တားဆီးဟန့်တားခဲ့သည်ဟု သူကထပ်လောင်းပြောဆိုထားကာ အဆိုပါတိုက်ခိုက်မှုသည် ၁၅ မိနစ်အတွင်း ပြီးဆုံးသွားသည်ဟုလည်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောသည်။
"ဆေးရုံထဲက ဘယ်သူမှ ထိခိုက်သေဆုံးခဲ့ခြင်း မရှိပါဘူး" ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောဆို သည်။ ကုတင် ၄၀၀ ဆံ့ ဆေးရုံရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် လူနာများကို ပစ်မှတ်ထားသည့် အိုင်အက်စ် တို့၏ အစီအစဉ်များ ပျက်ပြားအောင် တာလီဘန်အစောင့်များက တားဆီးနိုင်ခဲ့သည် ဟုလည်း သူကဆက်လက် ပြောကြားသည်။
ထိုတိုက်ခိုက်မှု နောက်ပိုင်းတွင် တာလီဘန်အထူးတပ်ဖွဲ့များကို တပ်ဖြန့်လျက် ၎င်းဆေးရုံကို စေ့စေ့စပ်စပ် ရှာဖွေခဲ့ပြီး ထိုစစ်ဆင်ရေးတွင် ရဟတ်ယာဉ်တစ်စင်းကိုလည်း အသုံးပြုခဲ့သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ကာဘူးလ်မြို့၏ (၁၀) ခုမြောက်ခရိုင်ရှိ ဆာဒါမိုဟာမတ်ဒါဝုဒ်ကန် ဆေးရုံ တိုက်ခိုက်မှုအတွင်း လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ထုတ်ပြန်ပြောဆိုထားသည်။ ဒဏ်ရာရသူများထဲတွင် တာလီဘန် တိုက်ခိုက်ရေးသမား ငါးဦးလည်း ပါဝင်သည်ဟု မူဂျာဟစ်က ဆိုသည်။
ပြီးခဲ့သော ရက်သတ္တပတ်များအတွင်း အိုင်အက်စ် စစ်သွေးကြွများသည် ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။ တာလီဘန်များ နိုင်ငံ့ အာဏာသိမ်းပြီး ကတည်းက အိုင်အက်စ် တို့သည် တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်လာခဲ့သည်။