အီရန်ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လက်ချက်ကြောင့် သေဆုံးသူ ၃၁ ဦးအထိရှိလာ

အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုများကြောင့် သေဆုံးသူ အရပ်သားအရေအတွက်သည် ၃၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အော်စလိုအခြေစိုက် အဖွဲ့အစည်းတစ်ခုက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

23 Sep 2022

ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၂၃

အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုများကြောင့် သေဆုံးသူ အရပ်သားအရေအတွက်သည် ၃၁ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အော်စလိုအခြေစိုက် အဖွဲ့အစည်းတစ်ခုက စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၃၀ ကျော်နှင့် အခြားသော မြို့လယ်နေရာများတွင် ဆန္ဒပြပွဲများဖြစ်ပွားနေကာ ဆန္ဒပြသူများနှင့် အရပ်ဘက်လူမှုအခွင့်အရေး တက်ကြွလှုပ်ရှားသူများလည်း အုပ်စုလိုက် ဖမ်းဆီးခံရခြင်းများရှိနေကြောင်း အော်စလိုအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့(IHR)က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။

စာရိတ္တကြီးကြပ်ရေးလုံထိန်းများထံတွင် ဖမ်းဆီးခံရပြီးနောက် သေဆုံးသွားသော အမျိုးသမီးငယ်တစ်ဦးအတွက် မကျေမနပ်ဖြစ်ရာမှ ယခုကဲ့သို့ဆန္ဒပြပွဲများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် မာဆာအာမီနီသည် သူမ၏ခေါင်းချုပ်အား မသင့်လျော်သည့်နည်းဖြင့် ဝတ်ဆင်သည်ဟု စွပ်စွဲခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။ သူမသည် ခေါင်းကို ပြင်းထန်စွာရိုက်နှက်ခံရပြီး သေဆုံးခဲ့ရကြောင်း တက်ကြွလှုပ်ရှားသူများကပြောသည်။

ဆန္ဒပြမှုများအတွင်း အမျိုးသမီးများသည် ၎င်းတို့၏ ခေါင်းချုပ်များကို မီးရှို့ကာ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများလည်း အော်ဟစ်မှုများရှိသလို အီရန်ခေါင်းဆောင်များ၏ ရုပ်ပုံများကို မီးရှို့ပြခြင်းများလည်းရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ယာဉ်များလည်း မီးရှို့ခံရမှုများရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာပေါ်၌တွေ့ရသော ဗီဒီယိုဖိုင်တစ်ခုတွင်လည်း အမျိုးသမီးတစ်ဦးကို ပါးရိုက်ပြီးနောက် မော်တော်ဆိုင်ကယ်ပေါ်သို့ ပြန်တက်ရန်ပြင်သည့် အမျိုးသားတစ်ဦးအား အမျိုးသားတစ်စုက ဝိုင်းရိုက်ကြသည်ကို တွေ့မြင်ရသည်။

အီရန်အာဏာပိုင်များသည် အင်တာနက်သုံးစွဲမှုများကို ကြာသပတေးနေ့မှစတင်၍ ကန့်သတ်မှုများ ဆောင်ရွက်လျက်ရှိသည်။

အီရန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများအား ဖြိုခွင်းမှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အလေးထားစောင့်ကြည့်လျက်ရှိသည်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ဒီနေ့မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အခြေခံရပိုင်ခွင့်တွေအတွက် ဆန္ဒထုတ်ဖော်နေကြတဲ့ ရဲရင့်တဲ့အီရန်ပြည်သူတွေ၊ အမျိုးသမီးတွေနဲ့အတူ ရပ်တည်လျှက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဗီဒီယိုများ