- ရခိုင်နှင့်အစပ် တိုင်း ၃ ခုတွင် စစ်ကောင်စီ အင်အားအလုံးအရင်းနှင့် ထိုးစစ်အရှိန်မြှင့်နေ
- သမ္မတထရမ့်၏ အနီးကပ်မဟာမိတ် ချာလီကာ့ခ် ပစ်သတ်ခံရ
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးပါ ငါးဖမ်းစက်လှေ တစ်စီးကို AA ဖမ်းဆီး
- ကျောက်တော်၊ ဇီးချောင်းတောင်တန်းကို စစ်ကောင်စီ ဗုံးကြဲ
- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
ဒီမိုကရက်တစ်သမ္မတလောင်းပြိုင်ပွဲဝင် ဂျိုးဘိုင်ဒင်အား ရိုက်သတ်ရမည့်ခွေးရူးဟု မြောက်ကိုရီးယား ဖော်ပြ
မြောက်ကိုရီးယားသည် ၎င်း၏ရန်ဘက်များကို မကြာခဏ ဆိုးဝါးသောစကားလုံးများဖြင့် ပြောဆိုလေ့ရှိသော်လည်း ယခုစကားလုံးသည်ကား ၎င်းတို့၏ သုံးနှုန်းနေကျစကားလုံးများအရကြည့်လျှင်ပင် ကြမ်းတမ်းလွန်းနေခဲ့သည်။
16 Nov 2019

အိုဘားမားအစိုးရလက်ထက်က ဒုတိယသမ္မတဖြစ်ခဲ့ဖူးပြီး လက်ရှိသမ္မတလောင်းရွေးပွဲဝင် မစ္စတာဂျိုးဘိုင်ဒင်၏ မြောက်ကိုရီးယားအပေါ် ဝေဖန်ခဲ့ခြင်းအား တန်ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားကလည်း ၎င်းကို ရိုက်သတ်ရမည့်ခွေးရူးဟု တုံ့ပြန်ပြောဆိုလိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ရန်ဘက်များကို မကြာခဏ ဆိုးဝါးသောစကားလုံးများဖြင့် ပြောဆိုလေ့ရှိသော်လည်း ယခုစကားလုံးသည်ကား ၎င်းတို့၏ သုံးနှုန်းနေကျစကားလုံးများအရကြည့်လျှင်ပင် ကြမ်းတမ်းလွန်းနေခဲ့သည်။
“ဘိုင်ဒင်လိုလူမျိုးက ဒီမိုကရက်တစ်ပြည်သူ့သမ္မတ ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကြီး၏ ဂုဏ်သိက္ခာကို သေးသိမ်အောင် အသရေဖျက်ဝံ့သည်” ဟု မြောက်ကိုရီးယား၏ နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁၅ ရက်နေ့ သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။
“ဘိုင်ဒင်ကဲ့သို့ ခွေးရူးမျိုးကို လွှတ်ထားပါက လူအများကို ထိခိုက်နိုင်သဖြင့် တုတ်ဖြင့် ရိုက်သတ်ရမည် ဖြစ်ကြောင်း” လည်း အဆိုပါသတင်းတွင်ပြောကြားထားပြီး ဂျိုးဘိုင်ဒင်၏အမည်ကို စာလုံးပေါင်းမှားယွင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ဘိုင်ဒင်က ၎င်းတို့၏ခေါင်းဆောင် ကင်ဂျုံအန်းအား မည်ကဲ့သို့ စော်ကားပြောဆိုခဲ့သည်ဆိုသည်ကိုမူ KCNA က တိတိကျကျဖော်ပြခဲ့ခြင်း မရှိပေ။
သို့ရာတွင် ထွက်ရှိပြီးသား ဂျိုးဘိုင်ဒင် ၏ မဲဆွယ်ကြော်ငြာတစ်ခုထဲတွင် သမ္မတထရမ့်၏ နိုင်ငံခြားရေး မူဝါဒများကိုရှုတ်ချထားပြီး အာဏာရှင်များ၊ မင်းဆိုးမင်းညစ်များကိုမြှောက်ပင့်ကာ မိတ်ဆွေများကို လက်တွဲဖြုတ်သူဟု ဘိုင်ဒင်က ဝေဖန်ထားသည်။
အဆိုပါ ကြော်ငြာထဲတွင် ထရမ့်နှင့်ကင်ဂျုံအန်းတို့လက်ဆွဲနူတ်ဆက်နေပုံကိုပြသနေစဉ် အာဏာရှင် မင်းဆိုးမင်းညစ်ဟူသောစကားကို ဘိုင်ဒင်ကပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျိုးဘိုင်ဒင်သည် သူငယ်ပြန်ရောဂါကို နောက်ဆုံးဆင့်အထိရောက်နေသူဖြစ်ကြောင်း၊ အသက်ထွက်ရန် နီးနေပြီဖြစ်ကြောင်း စသည်ဖြင့်လည်း KCNA သတင်းဌာနက လွန်လွန်ကျူးကျူး ပြောကြားထားသည်။
သမ္မတထရမ့်လက်ထက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံခဲ့ပြီး ကိုရီးယား ပြန်လည်ပေါင်းစည်းရေးနှင့် နျူကလီးယားသဘောတူညီချက်ရရှိရေး မျှော်လင့်ချက်များ တိုးပွားလာခဲ့သော်လည်း နောက်ပိုင်းတွင် အခြေအနေမှာ ဆက်လက်တိုးတက်လာခဲ့ခြင်းမရှိပေ။