ကွပ်မျက်မှုများက မြန်မာကို ပို၍ အထီးကျန်သွားစေမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ပြော

ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးအား မြန်မာစစ်ကောင်စီက ကွပ်မျက်လိုက်ခြင်းကြောင့် မြန်မာအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပိုမို အထီးကျန်သွားမည်ဖြစ်ပြီး အလွန်အမင်း စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

26 Jul 2022

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီ။ (ဓာတ်ပုံ - Japan Times)

DMG ၊ ဇူလိုင် ၂၆

ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦးအား မြန်မာစစ်ကောင်စီက ကွပ်မျက်လိုက်ခြင်းကြောင့် မြန်မာအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပိုမို အထီးကျန်သွားမည်ဖြစ်ပြီး အလွန်အမင်း စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်ခေါ်နှင့် ဦးအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့တွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့ ကွပ်မျက်သည့်လုပ်ရပ်ကြောင့် လူထု၏ သဘောထားအမြင်များ ပိုမိုတင်းမာသွားမည်ဖြစ်သလို ပဋိပက္ခကိုလည်း ပိုမိုနက်ရှိုင်းသွားစေမည်ဟု ဝန်ကြီးဟာယာရှီက ကြေညာချက်တွင် ထည့်သွင်းပြောကြားထားသည်။

ဤအချက်သည် ဂျပန်က ထပ်တလဲလဲ တိုက်တွန်းနေသည့် မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းရေးသာမက ထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရေးတို့နှင့်ပါ ပြောင်းပြန်ဖြစ်နေသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးဂျင်မီသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ဦးဇေယျာသော်သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ရ၆ ဦးနှင့် မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၁ ဦးရှိကြောင်း အေအေပီပီ၏ ဇူလိုင်လ ၂၂ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ