တရုတ်ပြည် ကွမ်တုံတစ်မြို့တည်းမှာ နေ့စဉ်ကိုဗစ်ကူးစက်မှု ငါးသိန်းခန့်ရှိနေ

တရုတ်ပြည် ကွမ်တုံမြို့ကြီးတွင် နေ့စဉ်ကိုဗစ်ကူးစက်မှု ပမာဏသည် ငါးသိန်းဝန်းကျင်ခန့် ရှိနေကြောင်း အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။

By Admin 25 Dec 2022

တရုတ်ပြည် ကွမ်တုံတစ်မြို့တည်းမှာ နေ့စဉ်ကိုဗစ်ကူးစက်မှု ငါးသိန်းခန့်ရှိနေ

ဓာတ်ပုံ - Reuters

DMG | ဒီဇင်ဘာ ၂၅

တရုတ်ပြည် ကွမ်တုံမြို့ကြီးတွင် နေ့စဉ်ကိုဗစ်ကူးစက်မှု ပမာဏသည် ငါးသိန်းဝန်းကျင်ခန့် ရှိနေကြောင်း အစိုးရအရာရှိကြီးတစ်ဦးက ပြောကြားလိုက်သည်။

မြို့တော်စည်ပင်သာယာဌာနမှ ကျန်းမာရေးအရာရှိက နေ့စဉ်ကူးစက်မှုအသစ် ပမာဏသည် ၄၉၀၀၀၀ နှင့် ၅၃၀၀၀၀ အကြားတွင်ရှိကြောင်း ပြောကြားသည်ဟု ကွန်မြူနစ်ပါတီက ကွမ်တုံတွင် ထုတ်ဝေသည့် စာစောင်တစ်ခု၌ ဖော်ပြထားသည်။

မြို့နေလူဦးရေ ၁၀ သန်းခန့်ရှိသည့် ကွမ်တုံတွင် ကူးစက်မှုမှာ အလွန်မြန်ဆန်လျက်ရှိပြီး အမြင့်ဆုံးအနေအထားသို့ ရောက်ရှိရန် နီးကပ်နေပြီဟု ကျန်းမာရေးအရာရှိ ဘိုတောက်က ပြောကြားကြောင်း စာစောင်တွင် ဖော်ပြသည်။

လာမည့်သီတင်းပတ်အတွင်း ကူးစက်မှုပမာဏသည် ၁၀ ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်နိုင်သည်ဟုလည်း ဘိုတောက်က ပြောကြားသည်။

သူ၏ပြောကြားချက်ကို အခြားသတင်းဌာန အများအပြားကလည်း ထပ်ဆင့်ဖော်ပြခဲ့ကြသည်။

သို့သော်လည်း စနေနေ့ထုတ်ဝေသည့် စာစောင်တွင်မူ အဆိုပါပြောကြားချက်ကို ဆင်ဆာဖြတ်ချန်လှပ်ထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က အစောပိုင်း ၂၄ နာရီအတွင်း ပြည်တွင်းကူးစက်မှု စုစုပေါင်းသည် ၄၁၀၃ သာရှိကာ သေဆုံးသူမရှိဟု ဆိုသည်။

တရုတ်အစိုးရသည် ၎င်း၏ ကိုဗစ်သုညမူဝါဒနှင့် ဆက်စပ်သည့် စည်းကမ်းများကို ယခုလအတွင်း မြန်မြန်ဆန်ဆန် ဖြေလျှော့လျက်ရှိသည်။ လျှပ်တပြက်လော့ဒေါင်းချမှုများ၊ ကိုဗစ်သံသယ လူအုပ်စုများကို ကာလရှည်ကြာ ကွာရန်တင်းသွင်းမှုများကိုလည်း ရပ်တန့်ထားသည်။

ဖြေလျှော့မှုများနောက်ပိုင်းတွင် တရုတ်မြို့ကြီးများ၌ ကူးစက်မှုများ အဆမတန် ပွားများလာခဲ့ကာ ဆေးဝါးပြတ်လပ်မှုများ၊ ဆေးရုံများတွင် လူနာများ ပြည့်ကျပ်မှုများ ရင်ဆိုင်ရလျက်ရှိသည်။

မဖြစ်မနေ ကိုဗစ်စစ်ဆေးရေး စည်းကမ်းကို ရပ်ဆိုင်းလိုက်ပြီးနောက်တွင် အာဏာပိုင်များသည် ကိုဗစ်ကူးစက်မှု ပမာဏကို တွက်ချက်နိုင်ခြင်း မရှိတော့ပေ။

ဗီဒီယိုများ