တရုတ်မြို့ကြီးအချို့ရှိ ဆေးရုံများတွင် သက်ကြီးပိုင်း ကိုဗစ်လူနာများဖြင့် ပြည့်နေ

ကိုဗစ်ကူးစက်မှုများ အဆမတန် မြင့်တက်လျက်ရှိသည့် တရုတ်ပြည်တွင် မြို့ကြီးအချို့ရှိ ဆေးရုံများ၌ သက်ကြီးပိုင်း ကိုဗစ်လူနာများ အများအပြား ရောက်ရှိလာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 24 Dec 2022

တရုတ်မြို့ကြီးအချို့ရှိ ဆေးရုံများတွင် သက်ကြီးပိုင်း ကိုဗစ်လူနာများဖြင့် ပြည့်နေ

ဓာတ်ပုံ - AFP

DMG | ဒီဇင်ဘာ ၂၄

ကိုဗစ်ကူးစက်မှုများ အဆမတန် မြင့်တက်လျက်ရှိသည့် တရုတ်ပြည်တွင် မြို့ကြီးအချို့ရှိ ဆေးရုံများ၌ သက်ကြီးပိုင်း ကိုဗစ်လူနာများ အများအပြား ရောက်ရှိလာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်ပြည်တွင် အစိုးရက ကိုဗစ်သုညမူဝါဒကို ကျင့်သုံးနေရာမှ ရုတ်ချည်းဆိုသလို လော့ဒေါင်းစည်းကမ်းများကို ဖယ်ရှားလိုက်ခြင်း၊ ကိုဗစ်စစ်ဆေးမှုများကို ရပ်ဆိုင်းလိုက်ခြင်း တို့နှင့်အတူ မြို့ကြီးအများအပြားတွင် ကူးစက်မှုများ မတန်တဆ မြင့်တက်လာခြင်းနှင့် ရင်ဆိုင်နေရသည်။

ချုံကင်းရှိ ဆေးရုံကြီးတစ်ခုမှ ဝန်ထမ်းတစ်ဦးက နေ့စဉ် လူနာဆယ်ဦးခန့် သယ်ယူနေရပြီး အများစုမှာ ကိုဗစ်လူနာများဖြစ်သည်ဟု ဆိုသည်။

“ဆေးရုံမှာကိုက ကိုဗစ်ကူးစက်ခံထားရတဲ့ ဝန်ထမ်းတွေ အများကြီးပဲ။ ဒါပေမဲ့ အလုပ်ဆက်လုပ်ဖို့ကလွဲလို့ တခြားရွေးစရာ မရှိဘူး” ဟု သူက ဆိုသည်။

ရှန်ဟိုင်းရှိ ဆေးရုံတစ်ခုတွင် အေအက်ဖ်ပီမှ သတင်းထောက်တစ်ဦး သွားရောက်သတင်းယူစဉ် ဆေးခန်းပြင်ပ ကော်ရစ်ဒါတွင် စောင့်ဆိုင်းနေရသူ လူနာ ၁၅ ဦးခန့်အထိ ရှိနေသည်ကို တွေ့ရသည်။

တရုတ်ပြည်တစ်ဝန်းတွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူ သက်ကြီးဦးရေ သန်းပေါင်းများစွာ ရှိနေသည်။

ကူးစက်မှုများ မတန်တဆ မြင့်တက်လာနေသည့်အတွက် ကိုဗစ်အချက်အလက်များ ထုတ်ပြန်ပေးရန် တရုတ်အာဏာပိုင်များကို အမေရိကန်အစိုးရက တောင်းဆိုထားသည်။ အမေရိကန်သည် တရုတ်ကို ကိုဗစ်ကာကွယ်ဆေးများ ကူညီပေးပို့မည်ဟုလည်း ကမ်းလှမ်းပြောကြားထားသည်။

အစိုးရက ထုတ်ပြန်သည့် လမ်းညွှန်ချက်အသစ်များတွင်မူ သေဆုံးမှုအများအပြားကို ကိုဗစ်ကြောင့်ဟု ဖော်ပြထားခြင်း မရှိပေ။

ဗီဒီယိုများ