- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
လိင်ပြောင်းအမျိုးသမီးအား ကလေး၏ တရားဝင်ဖခင်အဖြစ် ဂျပန်တရားရုံး ဆုံးဖြတ်
၃ နှစ်အရွယ် ယခုကလေးငယ်သည် အဆိုပါ လိင်ပြောင်းအမျိုးသမီး၏ ဒုတိယကလေးဖြစ်သည်။ သူခွဲစိတ်မှု မခံယူမီက ယောကျ်ားအဖြစ် ရှိနေခဲ့စဉ် သူ၏ သုက်ပိုးဖြင့် ဇနီးက သန္ဓေတည်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
22 Jun 2024

ဂျပန်တရားရုံးတစ်ခုက လိင်ပြောင်းအမျိုးသမီးတစ်ဦးအား ၃ နှစ်အရွယ် ကလေးငယ်၏ တရားဝင် အုပ်ထိန်းခွင့်ရသူ ဖခင်အဖြစ် ဇွန်လ ၂၁ ရက်နေ့တွင် အသိအမှတ်ပြု ဆုံးဖြတ်လိုက်ကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးသည် ယခင်က အမျိုးသားဖြစ်ကာ ၂၀၁၈ ခုနှစ်တွင် ခွဲစိတ်ကုသမှု ခံယူ၍ အမျိုးသမီးအဖြစ် လိင်ပြောင်းခဲ့သည်။
၃ နှစ်အရွယ် ယခုကလေးငယ်သည် အဆိုပါ လိင်ပြောင်းအမျိုးသမီး၏ ဒုတိယကလေးဖြစ်သည်။ သူခွဲစိတ်မှု မခံယူမီက ယောကျ်ားအဖြစ် ရှိနေခဲ့စဉ် သူ၏ သုက်ပိုးဖြင့် ဇနီးက သန္ဓေတည်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
"လိင်ပြောင်းသွားသည့်အတွက် ကလေးကို အသိအမှတ်ပြု၍ မရနိုင်တော့ဟု ဆိုလျှင် သူ့ကို မှီခို သို့မဟုတ် အမွေခံအဖြစ် သတ်မှတ်၍ ရနိုင်တော့မည် မဟုတ်။ ဤအချက်သည် ကလေး၏ လူမှုဘဝဖူလုံရေး အကျိုးစီးပွားနှင့် သွေဖီလျက်ရှိသည်" ဟု တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်အတွင်းကမူ တိုကျိုရှိ အဆင့်မြင့်တရားရုံးက ထိုလိင်ပြောင်းအမျိုးသမီးအား သူလိင်မပြောင်းမီက မွေးခဲ့သည့် ပထမကလေးငယ်၏ တရားဝင်ဖခင်အဖြစ်သာ အသိအမှတ်ပြု ဆုံးဖြတ်ခဲ့သည်။ ထိုအမျိုးသမီးသည် ကလေးနှစ်ဦးလုံး၏ ဖခင်ဖြစ်ကြောင်း ဒီအန်အေ စစ်ဆေးချက်များ အတည်ပြုထားပြီးသည့် ကြားမှ ယခုကဲ့သို့ ထိုစဉ်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံတွင် လိင်တူလက်ထပ်မှုကို အသိအမှတ် မပြုပေ။ လိင်ခံယူချက် ကွဲပြားမှုပြဿနာ (Gender Dysphoria) များနှင့် ပတ်သက်ပြီး လိင်ပြောင်းမှတ်ပုံတင်မည် ဆိုလျှင် ကာယကံရှင်၏ မျိုးပွားအင်္ဂါကိုပါ ခွဲစိတ်ပြောင်းလဲရမည်ဟု ဥပဒေက သတ်မှတ်ထားသည်။ အခြားတစ်ဘက်တွင်လည်း ဤဥပဒေသည် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သွေဖီနေသည်ဟု ဂျပန်ထိပ်တန်း တရားရုံးတစ်ခုက ၂၀၂၃ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။