မနီလာအကျဉ်းထောင်တွင် တွေ့ရှိခဲ့ရသည့် ရုပ်အလောင်း ၇၀ ကို သဂြိၤုဟ်

ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးနှင့် လူအပြည့်ကျပ်ဆုံး အကျဉ်းထောင်တွင် တွေ့ရှိခဲ့ရသည့် ရုပ်အလောင်းများအနက် အလောင်း ၇၀ အား ဒီဇင်ဘာလ ၂ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 03 Dec 2022

မနီလာအကျဉ်းထောင်တွင် တွေ့ရှိခဲ့ရသည့် ရုပ်အလောင်း ၇၀ ကို သဂြိၤုဟ်

ဓာတ်ပုံ - AFP

DMG | ဒီဇင်ဘာ ၃

ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးနှင့် လူအပြည့်ကျပ်ဆုံး အကျဉ်းထောင်တွင် တွေ့ရှိခဲ့ရသည့် ရုပ်အလောင်းများအနက် အလောင်း ၇၀ အား ဒီဇင်ဘာလ ၂ ရက်နေ့တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်အာဏာပိုင်များသည် မနီလာရှိ ရင်ခွဲရုံတစ်ခုတွင် အကျဉ်းသားအလောင်း ၁၇၀ ကျော် တွေ့ရှိခဲ့ရသည်။ သတင်းထောက်တစ်ဦးကို သတ်ဖြတ်ရာတွင် အဓိကတာဝန်ရှိသူဖြစ်သည့် ဘီလီဘစ်အကျဉ်းထောင်မှူးနှင့် အကျဉ်းထောင်အရာရှိကြီးဖြစ်သူ ဂျီရက်ဘန်တက်အား ပြီးခဲ့သော အောက်တိုဘာလက ရာထူးမှ ဆိုင်းငံ့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ ယခုကဲ့သို့ နောက်ဆက်တွဲ ဖြစ်စဉ်များ ထပ်မံသိရှိလာရခြင်း ဖြစ်သည်။

အကျဉ်းထောင်ကျန်းမာရေးမှူး စီဆီလာဗီလာနူဗာက အလောင်း ၁၇၀ အနက် အကျဉ်းသားအများစုသည် သာမန် ကျန်းမာရေးကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ သို့သော်လည်း အလောင်းများမှာ ပုပ်ပွပျက်စီးနေပြီဖြစ်ကာ စစ်ဆေးမှုများ အတိအကျမပြုလုပ်နိုင်တော့သဖြင့် ကျန်းမာရေးမှူး၏ ပြောကြားချက်များကို လူထုအကြား သံသယဖြစ်လျက်ရှိသည်။

ဘန်တက်လက်ထက်၌ အကျဉ်းထောင်အတွင်း အာဏာအလွဲသုံးစားလုပ်မှုများ ရှိခဲ့သည်ကိုလည်း အာဏာပိုင်များ စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့အနက် အကျဉ်းထောင်တွင်း မြင်းနှင့် မြွေများ မျိုးပွားမွေးမြူခြင်းများလည်း ပါဝင်သည်။

အကျဉ်းထောင်ဝင်းအတွင်း၌ ဒုတိယကမ္ဘာစစ်က ဂျပန်စစ်သားများ မြှုပ်နှံခဲ့သည့် ရတနာများရှိသည်ဟု ယူဆကာ ရှာဖွေရန် တူးဖော်ထားသည့် ကျင်းကြီးတစ်ကျင်းလည်း တွေ့ရသည်။ ဘန်တက်ကမူ အဆိုပါကျင်းသည် ရေကူးကန်ဆောက်လုပ်ရန် တူးဖော်ထားခြင်းဟု ငြင်းဆိုသည်။

ဘီလီဘစ်အကျဉ်းထောင်တွင် အကျဉ်းသား ၂၉၀၀၀ ကျော်ရှိသည်။ အဆိုပါပမာဏသည် ထောင်တွင်းသတ်မှတ်ချက်ထက် ၄၀၀ ရာခိုင်နှုန်း အထိပိုများနေခြင်းဖြစ်သည်။ အကျဉ်းထောင်အတွက် ဆရာဝန်မှာလည်း ငါးဦးသာရှိသည်။

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း၌ အကျဉ်းထောင်များအတွင်း အကျဉ်းသားသေဆုံးမှုသည် ၂၀၂၁ ခုနှစ်တွင် ၁၁၆၆ ဦးအထိရှိခဲ့ကြောင်း အစိုးရ၏ လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောကြားသည်။ ဤပမာဏသည် ပြီးခဲ့သော ၃၂ နှစ်အတွင်း ဖိလစ်ပိုင်၌ အမြင့်ဆုံးအရေအတွက်လည်း ဖြစ်သည်။

ဗီဒီယိုများ