ဘဝခြားနေတဲ့ အိမ်ထောင်သည်တွေ

စာဖတ်သူတို့ မိမိရဲ့အိမ်ထောင်ဘက်နဲ့ တစ်နာရီလောက် ခွဲနေနိုင်ကြလား။ ဟောင်ကောင်မှာတော့ အခန်းခတွေဈေးကြီးလွန်းလို့ အိမ်ခွဲနေကြရတဲ့ လင်မယားတွေ ရှိပါတယ်။

By Foreign Desk 04 Oct 2019

ဂျွိုက်စီလင်းကတော့ အခန်းအဆင်မပြေလို့ သူ့ခင်ပွန်းနဲ့ တူတူမနေရဘဲ မိဘအိမ်မှာကပ်နေရပါတယ်။ သူငယ်ငယ်တုန်းက အိပ်ခဲ့တဲ့ ခုတင်မှာ တခြားပစ္စည်းတွေနဲ့ ကြပ်ညှပ်ပြီး အိပ်ရပါတယ်။ (ဓာတ်ပုံ - BBC)

"စာဖတ်သူတို့ မိမိရဲ့အိမ်ထောင်ဘက်နဲ့ တစ်နာရီလောက် ခွဲနေနိုင်ကြလား။ ဟောင်ကောင်မှာတော့ အခန်းခတွေဈေးကြီးလွန်းလို့ အိမ်ခွဲနေကြရတဲ့ လင်မယားတွေ ရှိပါတယ်။"

လမ်လော့နဲ့ ဂျေဆင်ချောင်တို့ဟာ ဒစ်စနေးလန်းမှာ အလုပ်လုပ်ရင်း ၂၀၁၂ မှာ ချစ်ကြိုက်ခဲ့ကြပါတယ်။ နှစ်ယောက်လုံး အချင်းချင်းသဘောကျ၊ ကောင်လေးက ကောင်မလေးနဲ့တူတူ ညစာစားပြီး ချစ်ခွင့်ပန်၊ ကောင်မလေးက လက်ခံ။ ဒါနဲ့ပဲ သုံးနှစ်အကြာမှာ သူတို့ အိမ်ထောင်ပြုပြီး ကလေးတစ်ယောက် ရလာပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်ထောင်သည်ဘဝကတော့ ချစ်သူဘဝတုန်းကလို ပန်းခင်းတဲ့လမ်း မဟုတ်တော့ပါဘူး။

အသက် ၃၁ နှစ်အရွယ် လော့ဟာ ဟောင်ကောင်အရှေ့ပိုင်းက သူ့မိဘအိမ်မှာ နေပြီး အဲဒီကနေ တစ်နာရီကျော်ကြာ သွားမှရောက်တဲ့နေရာမှာတော့ သူ့ခင်ပွန်း ချောင်ဟာ သူ့မိဘတွေနဲ့အတူ နေပါတယ်။ သူတို့ရဲ့ သုံးနှစ်အရွယ် သမီးလေး ယု ဟာ တနင်္လာကနေ ကြာသပတေးအထိ အမေအိမ်မှာနေပြီး ကျန်တဲ့ရက်တွေမှာ သူ့အဖေဆီသွားနေပါတယ်။ နှစ်ဘက်မိဘအိမ်တွေကလည်း သေးလွန်းတော့ လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက် ကပ်နေဖို့ မဖြစ်နိုင်ပါဘူး။
“အစပိုင်းမှာ ကျွန်မ ဘယ်လိုမှမခံစားနိုင်ခဲ့ဘူး၊ တခါတလေဆို ကျွန်မတို့ သံသယတောင်ဝင်မိတယ်၊ ခွဲနေကြရတော့ ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်သည်မဟုတ်သလိုဘဲ ခံစားရတာလေ” လို့ လော့ ကပြောပါတယ်။ ဒီပုံစံနဲ့ အသားကျဖို့ တစ်နှစ်လောက် ကြာခဲ့တယ်လို့ သူကဆိုပါတယ်။

ကြားရတာ ဆန်းတော့ဆန်းနေပါလိမ့်မယ်။ ဒါပေမဲ့ ဟောင်ကောင်မှာတော့ အိမ်ခြံမြေဈေးတွေ မတတ်နိုင်လို့ ဒီလိုနေထိုင်ရသူတွေ ပိုများလာနေပါတယ်။ လော့နဲ့ ချောင်တို့ဟာ အခန်းခတွေ ဈေးကြီးလွန်းလို့ အိမ်ခွဲနေကြရတဲ့ စုံတွဲတွေအများကြီးထဲက နမူနာတစ်ခုသာဖြစ်ပါတယ်။

ဈေးကြီးလွန်းလို့ အိပ်မက်တောင်မက်ဖို့မလွယ်

၂၀၁၈ မှာထွက်ရှိခဲ့တဲ့ အစိုးရအချက်အလက်တွေအရ ဟောင်ကောင်မှာ အသက် ၂၅ နဲ့ ၃၄ ကြား လက်ထပ်ပြီးစုံတွဲ ၁၀ တွဲမှာ တစ်တွဲလောက်စီဟာ အိမ်ခွဲနေရပါသတဲ့။ အိုးနဲ့အိမ်နဲ့ တူတူနေကြတဲ့ စုံတွဲတွေထဲမှာလည်း ၁၂ ရာနှုန်းထက်မနည်းတဲ့ ပမာဏဟာ မိဘအိမ်တွေမှာ ကပ်နေကြတာဖြစ်ပါတယ်။

(ဓာတ်ပုံ - Flickr)

ဟောင်ကောင်ဟာ ကမ္ဘာမှာ အိမ်ခြံမြေဈေး အမြင့်ဆုံးအဖြစ် ဗိုလ်စွဲလာတာ ၉ နှစ်ဆက်တိုက် ရှိနေပါပြီ။ ၂၀၁၉ အိမ်ခြံမြေနှုန်းထားတွေကို လေ့လာချက်အရ ဟောင်ကောင်ဟာ ကုန်ကျစရိတ် အမြင့်ဆုံးနေရာမှာ ရှိနေပါတယ်။ ဒီလေ့လာချက်ဟာ နိုင်ငံ ၈ နိုင်ငံက မြို့ပြဧရိယာ ၃၀၉ နေရာကို စာရင်းပြုစုထားတာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ အိမ်တစ်ဆောင်ရဲ့ ပျမ်းမျှတန်ဖိုးဟာ မိသားစုတစ်စု တစ်နှစ်စာပျမ်းမျှဝင်ငွေထက် ၂၁ ဆ ပိုများပါတယ်။ ယှဉ်ပြရမယ်ဆိုရင် ဥရောပဈေးကွက်က တန်ဖိုးအကြီးဆုံး အိမ်တစ်ဆောင်ရဲ့ တန်ဖိုးဟာ မိသားစုတစ်စုရဲ့ တစ်နှစ်စာ ပျမ်းမျှဝင်ငွေထက် ၈.၃ ဆပဲပိုများပါတယ်။

ဟောင်ကောင်မှာက တစ်လွှာငှားပြီး အခန်းခွဲနေကြဖို့တောင် လွယ်တဲ့ကိစ္စပါဘူး။ ဒီလိုခွဲထားတဲ့ အခန်းတစ်ခန်းကို ငှားရမ်းခဟာ တစ်လကို ဟောင်ကောင်ဒေါ်လာ ၄၀၀၀ (အမေရိကန် ဒေါ်လာ ၅၁၀) ဝန်းကျင်လောက်ကုန်ကျပါတယ်။ ဒါတောင် ခုတင်တစ်လုံးပဲဆံ့တဲ့အခန်း ဖြစ်ပါတယ်။

အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား ဟောင်ကောင်အလုပ်သမားတစ်ယောက်ရဲ့ ပျမ်းမျှ တစ်လဝင်ငွေဟာ ဟောင်ကောင်ဒေါ်လာ ၁၀,၇၅၀ (ကန်ဒေါ်လာ ၁၃၇၀ ခန့်) ရှိပါတယ်။ အသက် ၃၀ နဲ့ ၃၉ ကြား အလုပ်သမားတွေထဲမှာလည်း ဟောင်ကောင်ဒေါ်လာ ၂၁, ၀၀၀ ထက်ဝင်ငွေပိုရကြတာ မရှိသလောက်ပါပဲ။ လင်မယားနှစ်ယောက်လုံး လစာကောင်းကောင်း ရကြတယ်ဆိုရင်တောင် အလယ်လတ်တန်းစားတွေ အတွက်ကတော့ အိမ်ကောင်းကောင်းလေးတစ်လုံး ရဖို့မျှော်လင့်ချက်က မဖြစ်နိုင်သလောက်ပါပဲလို့ မိုက်ကယ်ရောက်စ်က ပြောပါတယ်။ သူဟာ ဟောင်ကောင်အစိုးရရဲ့ ရင်နှီးမြှုပ်နှံမှုပရိုဂရမ်မှာ ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

မီဒီယာဝန်ထမ်းတစ်ဦး ဖြစ်တဲ့ လော့ နဲ့ ဒစ်စနေးလန်း ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ချောင် တို့နှစ်ယောက်ရဲ့ ဝင်ငွေဟာ ပျမ်းမျှဝန်ထမ်းတစ်ယောက်ရဲ့လစာထက် နည်းနည်းလေး ပိုလျော့ပါတယ်။ သူတို့ရဲ့ မိဘတွေကို အိမ်လခ ပေးစရာမလိုဘူးဆိုပေမယ့် သူတို့နှစ်ယောက်ဟာ ကိုယ်ပိုင်အိမ်အတွက် ပိုက်ဆံစုရင်း ကလေးအတွက် ကုန်ကျစရိတ်တွေလည်း သုံးနေရပါသေးတယ်။
“ကျွန်တော်တို့ တူတူနေဖို့တော့ စီစဉ်ထားတယ်၊ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး” လို့ ချောင်က ဆိုပါတယ်။

ချစ်နေလျက်နဲ့ ဝေး

အတူနေထိုင်ခွင့် ရဖို့အတွက် လူငယ်စုံတွဲ အများအပြားဟာ အစိုးရက ထောက်ပံ့ပေးတဲ့ ပြည်သူ့အိမ်ရာတွေမှာ နေထိုင်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဒီအိမ်ရာတွေမှာ အခန်းတစ်ခန်း ရဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ စုံတွဲတစ်တွဲအတွက် အခန်းရဖို့ စောင့်ဆိုင်းရတဲ့အချိန်ဟာ ပျမ်းမျှ ငါးနှစ်ခွဲခန့် ရှိပါတယ်။ ၂၀၁၉ ဇူလိုင်လက စာရင်းတွေအရ ပြည်သူ့အိမ်ရာတွေမှာ နေထိုင်ခွင့် လျှောက်ထားတဲ့ လျှောက်လွှာပေါင်း ၁၄၇,၀၀၀ ရှိပါတယ်။

ကေသီတန်းနဲ့ သူ့ခင်ပွန်း လူးဝစ်လီတို့ကတော့ ပြည်သူ့အိမ်ရာမှာ သေချာပေါက် နေရာရအောင် စီစဉ်ခဲ့ကြပါတယ်။ လီဟာ သူတို့အိမ်ထောင်မပြုခင် ၅ နှစ်ခန့်အလို ၂၀၁၂ တည်းက ဒီနေရာအတွက် ကြိုလျှောက်ခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - BBC)

ကေသီတန်းနဲ့ သူ့ခင်ပွန်း လူးဝစ်လီတို့ကတော့ ပြည်သူ့အိမ်ရာမှာ သေချာပေါက် နေရာရအောင် စီစဉ်ခဲ့ကြပါတယ်။ လီဟာ ၂၀၁၂ တည်းက ဒီနေရာအတွက် လျှောက်ထားလိုက်ပါတယ်။ သူတို့ဟာ ၂၀၁၇ ရောက်မှ လက်ထပ်ကြတာပါ။ “ကျွန်မတို့နှစ်ယောက်လုံးက အဲဒီတုန်းက သေချာနေခဲ့တာဆိုတော့ အခန်းမရသေးပေမယ့် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ တန်းက ပြောပါတယ်။

လီရဲ့ ကြိုတင်တွက်ချက်ခဲ့မှုကြောင့် သူတို့စုံတွဲဟာ လက်ထပ်ပြီး တစ်နှစ်ပဲ အိမ်ခွဲနေခဲ့ရပါတယ်။ ခုတော့ ၁၅ ပေပတ်လည် အခန်းတစ်ခန်း သူတို့ရထားပါပြီ။ အဲဒီမှာ သူတို့လင်မယားနဲ့အတူ ကြောင်လေးတစ်ကောင်ပါ မွေးထားပါတယ်။
“ကျွန်မတို့နှစ်ယောက် တူတူမရှိဘဲ အချိန်ကြာသွားရင် မပြည်စုံတဲ့မိသားစုလို ခံစားနေရမှာ။ ခုတော့ အခန်းရလို့ အရမ်းဝမ်းသာမိတယ်။ အခန်းမရှိရင် ကလေးယူဖို့လည်း စဉ်းစားလို့မရဘူး” လို့ တန်းက ပြောပါတယ်။

တန်းနဲ့ လီတို့လို အိမ်ခန်းမရှိလို့ ကလေးယူဖို့ တွန့်ဆုတ်နေကြတဲ့ ကိစ္စဟာ ဒေသကြီးတစ်ခုလုံးအပေါ်မှာ ရိုက်ခတ်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ဟောင်ကောင်ရဲ့ အနာဂတ်လူဦးရေဟာ သူတို့လိုစုံတွဲတွေအပေါ်မှာ မူတည်နေလို့ဖြစ်ပါတယ်။ အစိုးရထုတ်ပြန်တဲ့ စာရင်းတွေအရ ဟောင်ကောင်ရဲ့ ကလေးမွေးဖွားနှုန်းဟာ ၁၉၈၁ ခုနှစ်က လူ ၁၀၀၀ မှာ ၁၆.၈ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၇ ခုနှစ်မှာတော့ ၇.၇ ရာခိုင်နှုန်းအထိ ခေါက်ချိုး လျော့ကျသွားပါတယ်။

နောက်တစ်ဘက်မှာကျတော့ ဟောင်ကောင်ဟာ အာရှမှာ သက်ကြီးရွယ်အိုအများဆုံး ဒေသတွေထဲကတစ်ခု ဖြစ်နေပြန်ပါတယ်။ ၂၀၃၆ ခုနှစ်ရောက်ရင် ဟောင်ကောင်ရဲ့ သက်ကြီးဦးရေဟာ စုစုပေါင်းလူဦးရေရဲ့ သုံးပုံတစ်ပုံအထိ ဖြစ်လာနိုင်တယ်လို့ တွက်ထားကြပါတယ်။ ကလေးမွေးဖွားနှုန်းသာ ခုပုံစံအတိုင်း ဆက်လက် နိမ့်ကျနေမယ်ဆိုရင် ၂၀၆၆ ရောက်ရင် ၁၅ နှစ်အောက် ကလေးငယ်ဦးရေဟာ စုစုပေါင်း ဟောင်ကောင်လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတော့မယ်။

ခွဲနေရတော့ ပိုလွမ်းပြီး ပိုချစ်ကြသလား

အိမ်ထောင်သည်စုံတွဲတွေ ခွဲနေရချိန်မှာ စိုးရိမ်ရတာဟာ နေရာအကွာအဝေးတစ်ခုတည်း မဟုတ်ပါဘူး၊ ဆက်ဆံရေး အခြေခံလိုအပ်ချက်တွေလည်း ကပ်ပါလာပါတယ်။ နှစ်ယောက်အတူမရှိတဲ့ အိမ်ထောင်ရေးကို ဘယ်လိုများ ခိုင်မြဲအောင် ထိန်းသိမ်းကြပါလိမ့်။

ဂျွိုက်စီလင်းကတော့ အခန်းအဆင်မပြေလို့ သူ့ခင်ပွန်းနဲ့ တူတူမနေရဘဲ မိဘအိမ်မှာကပ်နေရပါတယ်။ သူငယ်ငယ်တုန်းက အိပ်ခဲ့တဲ့ ခုတင်မှာ တခြားပစ္စည်းတွေနဲ့ ကြပ်ညှပ်ပြီး အိပ်ရပါတယ်။ (ဓာတ်ပုံ - BBC)

ဝီလ်ဖရက်ဝေါင်းနဲ့ ဂျွိုက်စီလင်း တို့စုံတွဲကတော့ တစ်အိမ်တည်းတူတူနေရဖို့ နှစ်ချီစောင့်ရဦးမှာကို သိပေမယ့် ဒီနှစ်အစောပိုင်းက လက်ထပ်လိုက်ကြပါတယ်။ သူတို့ဟာ မက်ဆေ့ပို့တာ၊ ဖုန်းပြောတာ၊ ချိန်းတွေ့တာတွေ စီစဉ်ပြီး ဆက်ဆံရေးကိုနွေးထွေးအောင် ထိန်းသိမ်းကြပါတယ်။
“ကြားရတာတော့ ဆန်းနေမလားမသိဘူး၊ ဒါပေမဲ့ ခွဲနေရတာလည်း တကယ်တော့ အိမ်ထောင်သည်ဘဝရဲ့ ဆက်ဆံရေးကို ပိုအသက်ဝင်စေတယ်ဗျ” လို့ ဝေါင်းက ဆိုပါတယ်။

လော့နဲ့ ချောင်တို့လည်း သူတို့လိုပါပဲ။ သူတို့ရဲ့ကလေးကို မိဘတွေနဲ့ လွှဲထားလို့ရတဲ့ အချိန်တွေဆိုရင် နှစ်ယောက်ချိန်းတွေ့တာ ခရီးတူတူထွက်တာတွေ လုပ်ကြပါတယ်။ တခါတလေ နှစ်ယောက်အတူတူ ဟိုတယ်မှာ ညအိပ်တာတွေ၊ သမီးလေးကိုခေါ်ပြီး မိသားစုတူတူ ဒစ်စနေးလန်းကို သွားကြတာတွေ စီစဉ်ကြပါတယ်။

ဘဝနေဝင်ချိန်ထိ ကံခေ

စုံတွဲတွေ ဒီလိုမျိုး ဆုံတွေ့ချိန် ရကြတယ်ဆိုပေမယ့် တချို့တွေကျတော့လည်း အထီးကျန်စွာနဲ့ ခွဲနေကြရပြန်ပါတယ်။

မာဟိုရှင်းဆိုရင် အသက် ၆၉ နှစ်ရှိပါပြီ။ အရင်ကတော့ သူဟာ မကာအိုက လောင်းကစားရုံတစ်ခုမှာ နေ့စားအလုပ်သမားဖြစ်ပါတယ်။ သူဟာဆိုရင်လည်း အသက် ၆၂ နှစ်အရွယ် သူ့ဇနီးနဲ့ ခွဲနေရသူတစ်ဦးပါ။

၆၉ နှစ်အရွယ် မာဟိုရှင်းရဲ့အခန်းပါ။ သူ့ရဲ့အခန်းက ၁၂ ပေ ၅ ပေ ခန့်သာကျယ်ပြီး ပြတင်းပေါက်မရှိပါဘူး။ (ဓာတ်ပုံ - BBC)

မာ ရဲ့အခန်းက ၁၂ ပေ ၅ ပေ ခန့်သာကျယ်ပြီး ပြတင်းပေါက်မရှိပါဘူး။ ဒါတောင် သူ့အတွက် အစိုးရရဲ့ လစဉ်ထောက်ပံ့ငွေ ဟောင်ကောင်ဒေါ်လာ ၅,၀၀၀ (ကန်ဒေါ်လာ ၆၃၅) ထဲက သုံးပုံနှစ်ပုံလောက် ကုန်ကျခံပြီး ငှားထားရတာပါ။ သူ့ဇနီးဂျင်ဟာ တရုတ်ပြည်မကြီးထဲက ဟန်ကျိုးမှာရှိတဲ့ သူ့အိမ်ကို သုံးလေးလ တစ်ခါလောက်စီ ပြန်ပါတယ်။ အလည်အပတ်သဘော ဖြစ်သလို မာရဲ့ အခန်းကျဉ်းကျဉ်းလေးက လေဝင်လေထွက်မကောင်းတဲ့အတွက် သူမရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်လို့ဖြစ်ပါတယ်။

သူတို့လည်း အစိုးရဆီက အခန်းလျှောက်ပြီး စောင့်နေတာ သုံးနှစ်ရှိပါပြီ။ သူတို့နှစ်ယောက်လည်း တူတူနေလိုက် အိမ်ခွဲနေလိုက် ဖြစ်နေပြီး နှစ်ယောက် တူတူရှိချိန်တွေမှာ သိပ်ပျော်ရတယ်လို့ ဂျင်ကဆိုပါတယ်။

စောသန္တာအေး
(ကိုးကား - The married couples in Hong Kong who live apart, BBC)

ဗီဒီယိုများ