- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာ့ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းခန့်ရှိမည်ဟု ကုလ ခန့်မှန်း
အရပ်သား ဧရိယာများကို ခွဲခြားမှုမရှိဘဲ သိမ်းကြုံး တိုက်ခိုက်နေခြင်းများ အပါအဝင် ကယားပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၁ သိန်းခန့်ရှိနိုင်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
09 Jun 2021

DMG ၊ ဇွန် ၉
အရပ်သား ဧရိယာများကို ခွဲခြားမှုမရှိဘဲ သိမ်းကြုံး တိုက်ခိုက်နေခြင်းများ အပါအဝင် ကယားပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၁ သိန်းခန့်ရှိနိုင်ကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့က ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် လုံခြုံရေးနှင့် လူသားချင်း စာနာထောက်ထားမှု အခြေအနေများ အလျင်အမြန် ဆိုးရွားလာခြင်းအပေါ် ကုလသမဂ္ဂအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ကြီးက ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာစစ်တပ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့အား ဖြုတ်ချကာ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ စစ်တပ်၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားကြသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် ဇွန်လ ၈ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း ၈၅၇ ဦးရှိကာ ချုပ်နှောင်ခံထားရသူ စုစုပေါင်း ၄၇၀၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာစစ်တပ်သည် နယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ အရေးပေါ်အကူအညီ လိုအပ်နေသူ အများအပြား ရှိနေသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသွားအလာကန့်သတ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အကူအညီများပေးဝေရန် ကြန့်ကြာနေရကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကယားပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့်တိုင်း ဒေသများရှိ အကူအညီလိုအပ်နေသူများကို တိုက်ရိုက်ကူညီခွင့်ပေးရန် ကုလသမဂ္ဂအဖွဲ့က တောင်းဆိုထားသည်။
လက်ရှိ မြန်မာ့ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ အားလုံးအနေဖြင့် အရပ်သားများနှင့် အရပ်ဘက်အဆောက်အဦများကို အကာအကွယ်ပေးရန်၊ တိုက်ခိုက်သူများနှင့် အရပ်သားများကို ပစ်မှတ်ခွဲခြားရန်နှင့် လိုအပ်မှ ပစ်ခတ်ရန် စသည့် အခြေခံမူများကို လိုက်နာပေးရန်လည်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။