မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည့် ခွေးကို ပထမဆုံးအကြိမ် တွေ့ရှိ၊ သတိထားကြရန် WHO တိုက်တွန်း

လူသားမှ ခွေးထံသို့ မျောက်ကျောက်ကူးစက်မှုကို ပထမဆုံအကြိမ်အဖြစ် တွေ့ရှိရပြီးနောက်တွင် မျောက်ကျောက်ကူးစက်ခံထားရသူများ အနေဖြင့် တိရစ္ဆာန်များနှင့် ထိတွေ့မှုကို ရှောင်ရှားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်သည်။

20 Aug 2022

ဓာတ်ပုံ - AFP

DMG ၊ ဩဂုတ် ၂၀

လူသားမှ ခွေးထံသို့ မျောက်ကျောက်ကူးစက်မှုကို ပထမဆုံအကြိမ်အဖြစ် တွေ့ရှိရပြီးနောက်တွင် မျောက်ကျောက်ကူးစက်ခံထားရသူများ အနေဖြင့် တိရစ္ဆာန်များနှင့် ထိတွေ့မှုကို ရှောင်ရှားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အတူနေထိုင်သည့် အမျိုးသားနှစ်ဦးနှင့် ၎င်းတို့မွေးထားသည့် ခွေးတစ်ကောင်ထံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံထားရကြောင်း ပြီးခဲ့သောသီတင်းပတ်တွင် လန်းဆက် (The Lancet) ဆေးပညာဂျာနယ်၌ ဖော်ပြခဲ့သည်။

“ဒါဟာ လူသားကနေ တိရစ္ဆာန်ဆီ ကူးစက်တဲ့ ပထမဆုံးဖြစ်စဉ်ပါ။ ခွေးမျိုးစိတ်ထဲမှာ ပထမဆုံး ကူးစက်ခံရမှုဖြစ်တယ် လို့လည်း ကျွန်မတို့ ယူဆပါတယ်” ဟု WHO ၏ မျောက်ကျောက်ရောဂါဆိုင်ရာ နည်းပညာအဖွဲ့ အကြီးအကဲ ရိုစမွန်လူးဝစ်က သတင်းထောက်များကို ပြောကြားသည်။

ယခုကဲ့သို့ ခုန်ကျော်ကူးစက်မှုများသည် သီအိုရီအရ ဖြစ်နိုင်ခြေရှိသည်ကို ပညာရှင်များ သဘောပေါက်ထားပြီးသား ဖြစ်ကြောင်းလည်း သူမက ပြောသည်။

အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ အနေဖြင့်လည်း လူနာရှင်များကို သူတို့၏ အိမ်မွေးတိရစ္ဆာန်များနှင့် သီးသန့်နေကြရန် အကြံပေးလျက်ရှိသည်ဟုလည်း သူမက ပြောကြားသည်။

အိမ်ပြင်ပရှိ ကြွက်များနှင့် အခြားတိရစ္ဆာန်များထံသို့ ကူးစက်မှုကို လျှော့ချနိုင်ရန်အတွက် အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ရေးသည် အထူးအရေးကြီးသည်ဟု ရိုစမွန်လူးဝစ်က သတိပေးသည်။

ရောဂါပိုးများသည် အမျိုးအစားမတူသော သတ္တဝါများအကြား ကူးစက်လာပြီဆိုလျှင် ဗီဇပြောင်းပြီး ပို၍အန္တရာယ် ရှိလာနိုင်မှုကို ပညာရှင်များက စိုးရိမ်မှုများရှိသည်။

“အန္တရာယ်ပိုများတဲ့ အနေအထားကတော့ အကောင်ရေထူထပ်ပေါများတဲ့ နို့တိုက်သတ္တဝါတွေအကြားမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သွားတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်” ဟု WHO အရေးပေါ်ကူညီရေး ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က သတင်းထောက်များကို ပြောကြားသည်။

မျောက်ကျောက်ရောဂါကို ၁၉၅၈ ခုနှစ်က ဒိန်းမတ်နိုင်ငံ၌ သုတေသနပြုလုပ်ရန် မွေးမြူထားသည့် မျောက်များအကြားတွင် စတင်တွေ့ရှိခဲ့သည်။ လူများထံတွင် ကူးစက်မှုကို ၁၉၇၀ ခုနှစ်တွင် အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းနိုင်ငံများ၌ ပထမဆုံး တွေ့ရှိခဲ့သည်။

မျောက်ကျောက်ရောဂါ ကူးစက်မှုများမှာ အဓိကအားဖြင့် လိင်တူဆက်ဆံသည့် အမျိုးသားများအကြားတွင် တွေ့ရှိရခြင်း ဖြစ်သည်။

ဗီဒီယိုများ