- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
ဥရောပနိုင်ငံများ မျောက်ကျောက်ရောဂါကူးစက်မှုကို ‘အရေးပေါ်’ ဖြေရှင်းကြရန် WHO တောင်းဆို
ဥရောပတွင် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ‘အရေးပေါ်’ အခြေအနေအဖြစ် သတ်မှတ်ပြီး ဖြေရှင်းကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သော သီတင်းနှစ်ပတ်အတွင်း ရောဂါကူးစက်မှုသည် သုံးဆအထိ မြင့်တက်လာကြောင်းလည်း WHO က သတိပေးသည်။
04 Jul 2022

DMG ၊ ဇူလိုင် ၄
ဥရောပတွင် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ‘အရေးပေါ်’ အခြေအနေအဖြစ် သတ်မှတ်ပြီး ဖြေရှင်းကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင်လ ၁ ရက်နေ့တွင် တောင်းဆိုလိုက်သည်။ ပြီးခဲ့သော သီတင်းနှစ်ပတ်အတွင်း ရောဂါကူးစက်မှုသည် သုံးဆအထိ မြင့်တက်လာကြောင်းလည်း WHO က သတိပေးသည်။
“ကျယ်ပြန့်လာတဲ့ ပထဝီဧရိယာတစ်ဝိုက်မှာ မျောက်ကျောက်ရောဂါ အခြေကုပ်ယူလာနေတာကို ကာကွယ်ဖို့အတွက် အစိုးရတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ လုပ်ဆောင်ချက်တွေကို တိုးမြှင့်ဆောင်ရွက်ကြဖို့ကို ဒီကနေ့ ကျွန်တော် အထူးအလေးပေး ပြောကြားလိုပါတယ်” ဟု WHO ၏ ဥရောပ ညွှန်ကြားရေးမှူး ဟန်းစ်ဟင်နရီကလူဂီက ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသော မျောက်ကျောက်ရောဂါသည် ပြီးခဲ့သည့် မေလအစောပိုင်းမှ စတင်၍ အခြားဒေသများနှင့် ဥရောပနိုင်ငံများတွင်ပါ ဖြစ်ပွားမှုများ တွေ့လာနေရသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မျောက်ကျောက်ဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းဖြစ်သော ကူးစက်မှု ၄၅၀၀ သည် ဥရောပတွင် ဖြစ်ပွားခဲ့ခြင်းဟု ကလူဂီက ထောက်ပြသည်။
လက်ရှိအချိန်တွင် မျောက်ကျောက်ကူးစက်မှု တွေ့ရှိထားသည့် နိုင်ငံစုစုပေါင်းမှာ ၃၁ နိုင်ငံ ရှိနေပြီဖြစ်သည်။
ဥရောပသည် ကူးစက်မှုများ၏ ဗဟိုချက်မနေရာအဖြစ် ရှိနေပြီး အန္တရာယ်ဖြစ်စေနိုင်သည့် ပမာဏလည်း မြင့်မားဆဲဟု ကလူဂီ၏ ပြောကြားချက်အရ သိရသည်။
WHO အနေဖြင့် ဤရောဂါကို လတ်တလောတွင် အရေးပေါ်ကျန်းမာရေး အခြေအနေ သို့မဟုတ် နိုင်ငံတကာက ဂရုပြုရမည့် အခြေအနေအဖြစ် မသတ်မှတ်ထားသော်လည်း များမကြာမီတွင် ဤအနေအထားကို ပြန်လည်သုံးသပ်ရန်ရှိကြောင်း သူကပြောသည်။
မျောက်ကျောက်ရောဂါကို လက်ရှိအချိန်၌ မြို့ပြဒေသများရှိ လူငယ်များအကြား အမျိုးသားချင်း လိင်ဆက်ဆံမှုမှတစ်ဆင့် အဓိက ကူးစက်သည်ကို တွေ့ရကြောင်း WHO ၏ ထုတ်ပြန်ချက်များအရ သိရသည်။ လိင်မှတဆင့် ကူးစက်နိုင်ခြေ ရှိ မရှိကို စစ်ဆေးနေဆဲဖြစ်ပြီး အဓိကကူးစက်မှုမှာ အနီးကပ်ထိတွေ့မှုကြောင့် ဖြစ်သည်။