ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် နေတိုးအဖွဲ့ ဆွေးနွေး

ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ကသောင်းကနင်းဖြစ်ရပ်များ ကြုံလာရမှုနှင့်အတူ ယခုကိစ္စလည်း တကျော့ပြန် ထွက်ပေါ်လာခြင်း ဖြစ်သည်။

By Admin 16 Feb 2023

ဓာတ်ပုံ - NATO
ဓာတ်ပုံ - NATO

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့အကြား မကြေမလည်ဖြစ်နေရသည့် အမျိုးသားလုံခြုံရေးအသုံးစရိတ် သတ်မှတ်ပမာဏ ပိုမိုတိုးမြှင့်ရေး အချေအတင်ဆွေးနွေးမှုကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပြန်လည်စတင်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ကသောင်းကနင်းဖြစ်ရပ်များ ကြုံလာရမှုနှင့်အတူ ယခုကိစ္စလည်း တကျော့ပြန် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်နှစ်နီးပါး ကြာလာပြီဖြစ်သည့် ရုရှား၏ ဘက်စုံထိုးစစ်နှင့်အတူ ဥရောပမဟာမိတ် နိုင်ငံများသည် ၎င်းတို့၏ စစ်တပ်များအတွက် အသုံးစရိတ်များကို ဘီလျံပေါင်းများစွာ ပိုမိုတိုးမြှင့် သုံးစွဲလာနေကြရသည်။

နေတိုး၏ လက်ရှိသတ်မှတ်ချက်ဖြစ်သည့် လုံခြုံရေးစရိတ်ကို နိုင်ငံဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိ သုံးစွဲခွင့် သတ်မှတ်ချက်အား တိုးမြှင့်ရန် အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံအချို့က တွန်းအားပေးလျက်ရှိသည်။

လက်ရှိသတ်မှတ်ချက် ၂ ရာခိုင်နှုန်းသည် ကြမ်းခင်းသတ်မှတ်ချက်သာဖြစ်ပြီး လိုအပ်ပါက ပိုတိုးချဲ့ရန် အစီအစဉ်အား သဘောတူပုံပေါ်သည့် နေတိုးအဖွဲ့ဝင် နိုင်ငံအရေအတွက်သည်လည်း ပိုမိုတိုးလာလျက်ရှိသည်။

“၂ ရာခိုင်နှုန်း သတ်မှတ်ချက်မှာ ငြိမ်နေရုံလောက်နဲ့ကတော့ လုံလောက်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီပမာဏဟာ တခြားဟာတွေ အားလုံးအတွက် အခြေခံသတ်မှတ်ချက်ပဲ ဖြစ်သင့်ပါတယ်” ဟု ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတိုရီးယပ်က ဘရပ်ဆဲတွင် ဗုဒ္ဓဟူးနေ့ကျင်းပသည့် ဆွေးနွေးပွဲ ပြောကြားသည်။

သို့သော်လည်း လုံခြုံရေးစရိတ်သတ်မှတ်ချက်ကို တိုးမြှင့်ရန်အစီအစဉ်အား လက်ခံရန်တုံ့ဆိုင်းနေကြသည့် နိုင်ငံအချို့လည်း ရှိနေသည်။ 

“နှစ်ရာခိုင်နှုန်းက အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံက မတူကြဘူးဆိုတော့ အလျှော့အတင်း ရှိဖို့ကိုလည်း အာမခံချက်ပေးနိုင်ဖို့ လိုပါတယ်” ဟု လူဇင်ဘက်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဖရန်ချစ်ဘော့ချ်က ပြောကြားသည်။

အနောက်အုပ်စု စစ်ရေးမဟာမိတ် အဖွဲ့သည် ကာကွယ်ရေးစရိတ်အား ၂ ရာခိုင်နှုန်းအောက် သုံးစွဲရန် သတ်မှတ်ချက်ကို လွန်ခဲ့သော ၁၆ နှစ်ခန့်က ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ၂၀၀၇-၂၀၀၈ ထိုကာလသည် စီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံအများအပြားတွင် အသုံးစရိတ်များ လျှော့ချနေကြရသော ကာလလည်း ဖြစ်သည်။

ဗီဒီယိုများ