- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဖိလစ်ပိုင်တွင် ကိုဗစ် ကူးစက်မှု ၁ သန်းကျော်ပြီ
အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု စုစုပေါင်း တစ်သန်းကျော်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
26 Apr 2021

DMG ၊ ဧပြီ ၂၆
အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု စုစုပေါင်း တစ်သန်းကျော်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှုစုစုပေါင်း ၉ ထောင်နီးပါး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကူးစက်မှုစုစုပေါင်းသည် လက်ရှိတွင် ၁,၀၀၆,၄၂၈ အထိ ရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များ ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။
ရောဂါကြောင့် သေဆုံးသူစုစုပေါင်းမှာ ၁၆၈၅၃ ဦး ရှိနေပြီ ဖြစ်သဖြင့် အရှေ့တောင်အာရှတွင် ကိုဗစ်ဒဏ် ဒုတိယ အဆိုးဆုံး ခံစားနေရသော နိုင်ငံဖြစ်သည်။
သို့သော်လည်း ဆေးစစ်မှုများကို အကန့်အသတ်ဖြင့်သာ ပြုလုပ်နိုင်သဖြင့် အမှန်တကယ် ကိန်းဂဏန်းပမာဏမှာ ယခုထက် အများအပြား ပိုနိုင်ခြေ ရှိနေသည်။
ဖိလစ်ပိုင်အစိုးရသည် ကူးစက်မှုကို လျှော့ချနိုင်ရန်အတွက် မတ်လကုန်ပိုင်း၌ မြို့တော်မနီလာနှင့် ဘေးပတ်ပတ်လည်ရှိ ခရိုင် ၄ ခုကို လော့ဒေါင်း ချမှတ်ခဲ့သည်။
အစိုးရသည် ကူးစက်မှုနည်းသည့် ဒေသများမှ ကျန်းမာရေးဝန်ထမ်းများအား ကူးစက်မှုအမြင့်ဆုံး ရှိနေသည့် မြို့တော် မနီလာသို့ ပြောင်းရွှေ့ တာဝန်ချထားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း နေ့စဉ်ကူးစက်မှုမှာ ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပြီး နေ့စဉ် ၄ ထောင်နီးပါးခန့်သာ စစ်ဆေးတွေ့ရှိခဲ့သည်။
သို့သော်လည်း ယခုအချိန်၌ လော့ဒေါင်း ကန့်သတ်ချက်များအား ဖြေလျှော့ပေးလိုက်ပါက ကူးစက်မှုများ တဖန်ပြန်လည် မြင့်တက်လာမည်ကိုလည်း ကျန်းမာရေး ပညာရှင်များက ထောက်ပြလျက်ရှိသည်။
ဖိလစ်ပိုင်တွင် လက်ရှိ ကိုဗစ်ကန့်သတ်ချက်များကြောင့် အားကစားရုံများ၊ အလှပြင်ဆိုင်များ အပါအဝင် စီးပွားရေးလုပ်ငန်း အများအပြားမှာ ပိတ်ထားရသလို အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်း များမှာလည်း အကန့်အသတ်ဖြင့်သာ လည်ပတ်ခွင့်ရှိသည်။
နဂိုတည်းက ချွတ်ခြုံကျနေသည့် နိုင်ငံ၏စီးပွားရေးသည် လော့ဒေါင်းကန့်သတ်ချက် များကြောင့် ပိုမိုဆိုးဝါးလျက်ရှိသည်။
ပြီးခဲ့သည့် နှစ်ပတ်တာ လော့ဒေါင်းကာလအတွင်း နိုင်ငံတစ်ဝန်း အလုပ်လက်မဲ့ ဦးရေ ၂ သန်းခွဲခန့် ရှိပြီး မိသားစုဝင်ငွေသည်လည်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၂၀ နီးပါး ကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတဒူတာတေ၏ စီးပွားရေးအကြံပေးက ခန့်မှန်းထားသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှုစုစုပေါင်းမှာ ဧပြီလ ၂၆ ရက်နေ့အထိ ၁၄၈ သန်းနီးပါး ရှိနေပြီဖြစ်ကာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်းမှာ သုံးသန်းကျော်သွားပြီ ဖြစ်သည်။