ပါကစ္စတန်နိုင်ငံဧရိယာ သုံးပုံတစ်ပုံ ရေလွှမ်းမိုးခံထားရ

ပါကစ္စတန်နိုင်ငံတွင် ဇွန်လတည်းက စတင်ရွာသွန်းလျက်ရှိသည့် မုတ်သုံမိုးကြောင့် လက်ရှိအထိ နိုင်ငံဧရိယာ သုံးပုံတစ်ပုံအထိ ရေလွှမ်းမိုးလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်မှာလည်း သုံးလအတွင်း ၁၁၀၀ ဝန်းကျင် ရှိနေပြီဖြစ်သည်။

By Foreign Desk 31 Aug 2022

ဓာတ်ပုံ - AFP

DMG ၊ သြဂုတ် ၃၁

ပါကစ္စတန်နိုင်ငံတွင် ဇွန်လတည်းက စတင်ရွာသွန်းလျက်ရှိသည့် မုတ်သုံမိုးကြောင့် လက်ရှိအထိ နိုင်ငံဧရိယာ သုံးပုံတစ်ပုံအထိ ရေလွှမ်းမိုးလျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်မှာလည်း သုံးလအတွင်း ၁၁၀၀ ဝန်းကျင် ရှိနေပြီဖြစ်သည်။

ဇွန်လတည်းက ရွာသွန်းနေသည့် မိုးသည် ဆယ်စုနှစ်တစ်ခုကာလအတွင်း အဆိုးဆုံးရေကြီးမှုကို ဖြစ်ပေါ်စေပြီး သီးနှံစိုက်ခင်းများလည်း ပျက်စီးသွားကာ နေအိမ် တစ်သန်းကျော် ပျက်စီးသွားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ရေကြီးမှုဒဏ်ကို ခံစားနေရသူ စုစုပေါင်း ၃၃ သန်းခန့်ရှိပြီး အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းများသည် လမ်းပန်းဆက်သွယ်ရေးအားလုံး ပျက်စီးနေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ရင်ဆိုင်နေရသည်။

ပါကစ္စတန်အလယ်ပိုင်းရှိ ဒီရာဂါဇီခန်ဒေသမှ မိန်းကလေးငယ်တစ်ဦးက “အစားအသောက် ချက်ပြုတ်ဖို့ နေရာမရှိဘူးရှင့်” ဟု အေအက်ဖ်ပီသို့ ဖြေကြားသည်။

မြေပြင်အခြေအနေများကို မြင်တွေ့ရသည်မှာ မယုံနိုင်အောင်ပင် ဖြစ်ရကြောင်း ပါကစ္စတန် ဥတုရာသီပြောင်းလဲမှု အရေးဆိုင်ရာဝန်ကြီး ရှယ်ရီရာမန်က ပြောသည်။

“ကျွန်မတို့ ရေစုပ်စက်တွေ လှမ်းပို့တော့ သူတို့က ရေတွေ ဘယ်နေရာကို ပစ်ထုတ်ရမှာလဲလို့ မေးကြတယ်။ နေရာတိုင်း ရေဖုံးနေတော့ ရေစုပ်ထုတ်ဖို့နေရာမှ မရှိတော့တာ” ဟု သူမက ဆိုသည်။

ပါကစ္စတန်တွင် ယခုကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းမှုမျိုး မကြုံဖူးသည်မှာ ဆယ်စုနှစ်သုံးခုခန့်ရှိနေပြီဖြစ်သည်။

ပါကစ္စတန်အရာရှိများက ကမ္ဘာတစ်ဝန်းတွင် ပြင်းထန်မိုးလေဝသများ ဖြစ်ပေါ်စေသည့် ဥတုရာသီပြောင်းလဲမှုကို အပြစ်တင်ကြသည်။ အစိုးရက အရေးပေါ်အခြေအနေ ကြေညာထားကာ နိုင်ငံတကာအကူအညီများလည်း တောင်းခံထားသည်။

ပြီးခဲ့သောရက်များအတွင်း တူရကီနှင့် ယူအေအီးတို့မှ အကူအညီလေယာဉ်များ ရောက်ရှိခဲ့ပြီး ကနေဒါ၊ သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကလည်း အကူအညီများ ပေးအပ်မည်ဟု ကတိပြုထားသည်။

ကုလသမဂ္ဂက ပါကစ္စတန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၆၀ အကူအညီပေးရေးအတွက် စတင်ဆောင်ရွက်မည်ဟု ယနေ့ (သြဂုတ် ၃၀) ကြေညာခဲ့သည်။

ဗီဒီယိုများ