- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ပါကစ္စတန်မှာ ရဲဌာနချုပ်အတွင်းကဗလီ ပေါက်ကွဲမှုကြောင့် ၈၀ ကျော်သေဆုံးပြီး ၁၅၀ ထက်မနည်းဒဏ်ရာရ
လက်ရှိအချိန်အထိ သေဆုံးမှုကို အတည်ပြုထားနိုင်သူ ၈၃ ဦးရှိပြီး အရေအတွက်မှာ ထပ်မံမြင့်တက်လာဖွယ် ရှိနေသည်။
31 Jan 2023
ဓာတ်ပုံ - AFP
ပါကစ္စတန်နိုင်ငံ ပက်ရှဝါပြည်နယ်ရှိ ဗလီတစ်လုံးတွင် တနင်္လာနေ့ညပိုင်းက လူအများဝတ်ပြုနေစဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၈၀ ကျော် သေဆုံးပြီး ၁၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လုံခြုံရေးတင်းကြပ်ထားသည့် ရဲတပ်ဖွဲ့ဌာနချုပ်အတွင်း တည်ရှိသော ဗလီတွင် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြင်းထန်လှသည့် အဆိုပါပေါက်ကွဲမှုကြီးကြောင့် နံရံတစ်ခုလုံး ပြိုဆင်းသွားကာ ခေါင်မိုးနေရာအချို့လည်း ပေါက်ထွက်သွားခဲ့သည်။
“အပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့ ရဲတွေ အများကြီးပဲ” ဟု ပက်ရှဝါရဲချုပ် မူဟာမက်အီဂျက်ခန်က ပြောကြားသည်။ ယခုပေါက်ကွဲသွားသည့် ဗလီသို့ ရဲတပ်ဖွဲ့ဝင် ၃၀၀ မှ ၄၀၀ ခန့်အထိ ပုံမှန်လာရောက်ဝတ်ပြုလေ့ရှိကြောင်း သူက ခန့်မှန်းပြောကြားသည်။
“သူတို့ကို မြန်မြန်ဆန်ဆန် ကယ်ထုတ်ဖို့ ကြိုးစားနေကြပါတယ်” ဟုလည်း သူက ပြောကြားသည်။
လက်ရှိအချိန်အထိ သေဆုံးမှုကို အတည်ပြုထားနိုင်သူ ၈၃ ဦးရှိပြီး အရေအတွက်မှာ ထပ်မံမြင့်တက်လာဖွယ် ရှိနေသည်။
ယခုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားမှု မရှိသေးပေ။
ပက်ရှဝါပြည်နယ်ရှိ ရဲတပ်ဖွဲ့ဌာနချုပ်သည် မြို့တော်အတွင်း၌ လုံခြုံရေး အတင်းကြပ်ဆုံး နေရာများအနက် တစ်ခုဖြစ်သည်။ အဆိုပါဌာနချုပ်၌ ထောက်လှမ်းရေးနှင့် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဗျူရိုတို့ရှိသည်။
ယခုပေါက်ကွဲမှုသည့် ယူအေအီးသမ္မတ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘက်မြို့သို့ လာရောက်လည်ပတ်မည့် နေ့၌ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယူအေအီးသမ္မတ၏ ခရီးစဉ်မှာ ရာသီဥတု ဆိုးရွားနေသည့်အတွက် နောက်ဆုံးအချိန်ကျမှ ဖျက်သိမ်းလိုက်ပြီး မလာရောက်ခဲ့ပေ။