သေဒဏ်ပေးစီရင်မှုကို ရှုတ်ချကြောင်း အမေရိကန်နှင့်ဗြိတိန် အပါအဝင် အခြားနိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံခေါင်းဆောင်များအား သေဒဏ်ပေးကွပ်မျက်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်နှင့် ဗြိတိန်အပါအဝင် ၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့ ပူးတွဲပြီး ကြေညာချက်တစ်စောင်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

26 Jul 2022

ကွပ်မျက်ခံရသူများအနက် တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်အား ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - AP

DMG | ဇူလိုင် ၂၆

မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံခေါင်းဆောင်များအား သေဒဏ်ပေးကွပ်မျက်ခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန်နှင့် ဗြိတိန်အပါအဝင် ၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့ ပူးတွဲပြီး ကြေညာချက်တစ်စောင်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂအထူးကိုယ်စားလှယ်လို့ ပူးပေါင်းပြီး ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“မြန်မာစစ်အစိုးရက ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံ ခေါင်းဆောင်များအား ကွပ်မျက်လိုက်ခြင်းသည် ပြစ်တင်ရှုတ်ချသင့်သော အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုထားသည့် စစ်အာဏာရှင်၏ လုပ်ရပ်ကို ပိုမိုထင်ရှားစေသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်ခေါ်နှင့် ဦးအောင်သူရဇော်တို့သည် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ရာတွင် စီစဉ်ညွှန်ကြားခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ ကိုယ်တိုင်ပါဝင်ကျူးလွန်ခြင်းတို့တွင် ပြစ်မှုထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ကာ အဆိုပါဖြစ်ဒဏ်ကို စီရင်ပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

“မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ …အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရန်၊ ပြည်သူများ၏ ဆန္ဒသဘောထားများကို လေးစားရန် နှင့်  ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်လျှောက်လှမ်းရန် စစ်အာဏာရှင်အား တိုက်တွန်းသည်” ဟု နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီကလည်း ယခုကဲ့သို့ ကွပ်မျက်သည့်လုပ်ရပ်ကြောင့် မြန်မာသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပိုမို အထီးကျန်သွားမည်ဟု ဇူလိုင်လ ၂၅ ရက်နေ့က ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂၁၂၀ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဇူလိုင်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၁၇၈၂ ဦးရှိကာ သေဒဏ်ချမှတ်ခံထားရသူ ၇၂ ဦးရှိကြောင်း အေအေပီပီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဗီဒီယိုများ