ယူကေဝန်ကြီးချုပ်အသစ်ကို စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာမည်

ရာထူးမှထွက်ခွာတော့မည့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နေရာကို အစားထိုးမည့် ဝန်ကြီးချုပ်အသစ်အား စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာမည်ဟု လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက ဇူလိုင်လ ၁၁ ရက်နေ့တွင် ကြေညာလိုက်သည်။

13 Jul 2022

အရှုပ်တော်ပုံ ပြဿနာများကြောင့် ရာထူးမှနုတ်ထွက်တော့မည့် လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်။ (ဓာတ်ပုံ - AFP)

DMG ၊ ဇူလိုင် ၁၃

ရာထူးမှထွက်ခွာတော့မည့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နေရာကို အစားထိုးမည့် ဝန်ကြီးချုပ်အသစ်အား စက်တင်ဘာလ ၅ ရက်နေ့တွင် ကြေညာမည်ဟု လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက ဇူလိုင်လ ၁၁ ရက်နေ့တွင် ကြေညာလိုက်သည်။

ဝန်ကြီးချုပ်ဂျွန်ဆင်၏ အရှုပ်တော်ပုံများကို ကန့်ကွက်သည့်အနေဖြင့် အစိုးရအဖွဲ့တွင်း၌ ရာထူးမှနုတ်ထွက်သူ ၅၀ ကျော်ရှိလာပြီးနောက်တွင် ဘောရစ်ဂျွန်ဆင်သည် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။

အဆိုပါကြေညာမှုနှင့်အတူ ခေါင်းဆောင်နေရာ ဆက်ခံမည့်သူကို ရွေးချယ်ရန် လိုအပ်လာပြီးနောက် လက်ရှိတွင် ဝန်ကြီးချုပ်နေရာအတွက် ခန့်မှန်းထားသူ ၁၁ ဦးအထိ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒေါင်းနင်းလမ်းနေအိမ်မှ ဘောရစ်ဂျွန်ဆင် အမြန်ဆုံးထွက်ခွာပေးရန် တောင်းဆိုမှုများနှင့်အတူ လွှတ်တော်အမတ်များ၏ လုပ်ငန်းစဉ်များ နွေဦးအားလပ်ရက်များအထိ ကြန့်ကြာမနေစေရန်အတွက် အဆိုပါအရေအတွက်ကို ၂ ဦးအထိ လျှော့ချဖွယ်ရှိကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

ဝန်ကြီးချုပ်ရာထူးနေရာအတွက် အဆိုတင်သွင်းမှုများကို ဇူလိုင်လ ၁၂ ရက်နေ့တွင် လက်ခံမည်ဖြစ်သည်။ နွေဦးရုံးပိတ်ရက်များအပြီး လွှတ်တော်ပြန်စသည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ဖြင့် စတင်မည်ဟု ၁၉၂၂ ကော်မီတီဥက္ကဌ ဂရေဟမ်ဘရက်ဒီက သတင်းထောက်များအား ပြောကြားသည်။

၁၉၂၂ ကော်မီတီ၏ တွဲဖက်စီမံခန့်ခွဲရေးမှူး ဘော့ဘလက်မန်းက ၎င်းတို့အနေဖြင့် အားလပ်ရက်စတင်သည့် ဇူလိုင် ၂၁ ရက်မတိုင်မီ အပြီးသတ်ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်ဟု ပြောကြားသည်။

ပထမဆုံးမဲခွဲဆုံးဖြတ်မှုကို ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကာ ဒုတိယမဲခွဲမှုကို ၁၄ ရက်နေ့တွင် ဆက်လုပ်နိုင်ခြေရှိသည်ဟု ဂရေဟမ်ဘရက်ဒီ၏ ပြောကြားချက်အရ သိရသည်။

ဗီဒီယိုများ