- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ခရီးသည်တင်လေယာဉ်နှင့် စစ်ရဟတ်ယာဉ် တိုက်မိပြီး မြစ်ထဲ ပျက်ကျသွားခြင်းကြောင့် သေဆုံးသွားသူများအားလုံးကို ဆယ်ယူရရှိပြီးပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောကြားလိုက်သည်။
05 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၅
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ခရီးသည်တင်လေယာဉ်နှင့် စစ်ရဟတ်ယာဉ် တိုက်မိပြီး မြစ်ထဲ ပျက်ကျသွားခြင်းကြောင့် သေဆုံးသွားသူများအားလုံးကို ဆယ်ယူရရှိပြီးပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြောကြားလိုက်သည်။
သေဆုံးသွားသူ ၆၇ ဦးအနက် ရုပ်အလောင်း တစ်လောင်းမှလွဲ၍ ကျန်သော ၆၆ ဦးလုံးကို မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုထားပြီးပြီဟု အစိုးရ၏ ထုတ်ပြန်ချက် တစ်ရပ်တွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေးဝန်ထမ်းများသည် အေးစက်နေသော ပိုတိုမက်မြစ်ထဲတွင် ရုပ်အလောင်းများကို ရက်အတန်ကြာ ရှာဖွေခဲ့ကြရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့၊ ညဉ့်ပိုင်းက ကန်းဆက်ပြည်နယ်မှ ထွက်ခွာလာသည့် ခရီးသည်တင် လေယာဉ်သည် ရော်နယ်ရေဂင်လေဆိပ်သို့ ဆင်းသက်ရန် ပြင်စဉ် စစ်ရဟတ်ယာဉ် တစ်စီးနှင့် တိုက်မိကာ ပိုတိုမက်မြစ်ထဲသို့ ပျက်ကျခဲ့သည်။
လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၆၄ ဦးနှင့် ရဟတ်ယာဉ်ပေါ်မှ ၃ ဦးတို့ အားလုံး သေဆုံးခဲ့သည့် ဤဖြစ်စဉ်သည် နှစ်ပေါင်း ၂၀ အတွင်း အမေရိကန်၌ အသေအပျောက် အများဆုံး လေကြောင်း မတော်တဆမှုလည်း ဖြစ်သည်။
လေယာဉ်ကွင်းရှိ လေကြောင်းထိန်းချုပ်ရေး မျှော်စင်တွင် ဝန်ထမ်းအင်အား အလုံအလောက် မရှိချိန်တွင် ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဟု အမေရိကန်အခြေစိုက် သတင်းမီဒီယာအချို့က ရေးသားဖော်ပြမှုများရှိသည်။
အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေး ဘုတ်အဖွဲ့က ယခုဖြစ်စဉ်အတွက် ကနဦး စစ်ဆေးချက် အစီရင်ခံစာကို ရက် ၃၀ အတွင်း ရရှိရန် မျှော်လင့်ထားသည့်။ စစ်ဆေးချက် အပြည့်အစုံမှာမူ တစ်နှစ်နီးပါးခန့် ကြာနိုင်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။