- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အမေရိကန်တွင် အထက်တန်းကျောင်းတစ်ကျောင်း၌ ပစ်ခတ်မှုဖြစ်ပွားပြီး ၃ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ အင်္ဂါနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ် ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Dec 2021

DMG ၊ ဒီဇင်ဘာ ၂
အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ အင်္ဂါနေ့က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူငယ် ၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒီထရွိုက်မြို့မြောက်ဘက် မိုင် ၄၀ ခန့်အကွာရှိ အောက်စဖို့ မြို့ငယ်လေးတွင် ဖြစ်ပွားခဲ့သည့် ယခုဖြစ်စဉ်၌ အသက် ၁၅ နှစ်အရွယ် လူငယ်ကျောင်းသား တစ်ဦးက ၅ မိနစ်အတွင်း ၁၅ ချက်၊ အချက် ၂၀ ခန့် ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကျောင်းသားသည် ရဲတပ်ဖွဲ့ထံ၌ လက်နက်ချခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
အောက်စဖို့အထက်တန်းကျောင်းတွင် စာသင်ကြားနေကြချိန်၌ ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးသူသုံးဦးမှာ အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ၁၄ နှစ်နှင့် ၁၇ နှစ် အသီးသီးရှိကြသည့် အမျိုးသမီးငယ်နှစ်ဦး ဖြစ်သည်။ ဆရာတစ်ဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အုတ်ကလန်စီရင်စု ရဲဌာနက ပြောကြားသည်။ ဒဏ်ရာရသူ များအနက် နှစ်ဦးမှာ အရေးပေါ်အခြေအနေ ခွဲစိတ်ကုသမှု ခံယူနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
အော်တိုမက်တစ်သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ယူဆရသူအား လက်ရှိတွင် ထိန်းသိမ်းထားပြီး ပစ်ခတ်သည့် အကြောင်းရင်းကို မသိရသေးပေ။
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ၂၀၂၁ ခုနှစ်အတွင်း စာသင်ကျောင်းများအတွင်း ပစ်ခတ်မှု ၁၃၈ ကြိမ်အထိ ရှိခဲ့ပြီး ယခုဖြစ်စဉ်သည် သေဆုံးသူ အများဆုံးဖြစ်သည်။ အဆိုပါပစ်ခတ်မှုများအတွင်း သေဆုံးသူစုစုပေါင်းမှာ ၂၆ ဦးအထိရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန်နိုင်ငံသမိုင်းတွင် အသေအပျောက်အများဆုံး စာသင်ကျောင်းပစ်ခတ်မှုမှာ ၂၀၀၇ ခုနှစ်က ဘလက်စ်ဗက်မြို့ရှိ ဗာဂျီးနီးယား နည်းပညာကျောင်းတွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူအပါအဝင် စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့သည်။