တရုတ်ရှန်ဟိုင်းတွင် ကိုဗစ်ကူးစက်မှု အလွန်အမင်းမြင့်တက်လာသဖြင့် စာသင်ကျောင်းများ ပိတ်မည်

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် တနင်္လာနေ့မှစ၍ စာသင်ကျောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ရှန်ဟိုင်းအာဏာပိုင်များက စနေနေ့တွင် ကြေညာလိုက်သည်။

By Admin 18 Dec 2022

တရုတ်ရှန်ဟိုင်းတွင် ကိုဗစ်ကူးစက်မှု အလွန်အမင်းမြင့်တက်လာသဖြင့် စာသင်ကျောင်းများ ပိတ်မည်

ဓာတ်ပုံ - Reuters

DMG | ဒီဇင်ဘာ ၁၈

တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် တနင်္လာနေ့မှစ၍ စာသင်ကျောင်းများကို ပိတ်ထားမည်ဖြစ်ကြောင်း ရှန်ဟိုင်းအာဏာပိုင်များက စနေနေ့တွင် ကြေညာလိုက်သည်။

နောက်နှစ်နွေရာသီတွင် ကျောင်းပြီးမည့် အလယ်တန်းနှင့် အထက်တန်း အတန်းများမှအပ ကျန်အတန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီဟု အာဏာပိုင်များက ပြောကြားသည်။

တရုတ်သည် ကိုဗစ်သုည မူဝါဒကို ကျင့်သုံးပြီး ကူးစက်မှုများ ရှိလာလျှင်လည်း ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းလေ့ရှိသည်။ တရုတ်ပြည်တစ်ဝန်း ကိုဗစ်ထိန်းချုပ်ရေးအတွက် တင်းကြပ်သော စည်းကမ်းများ ချမှတ်ထားရာမှ အစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဆိုပါစည်းကမ်း အားလုံးနီးပါးကို ရုတ်ချည်းဆိုသလို ဖယ်ရှားခဲ့သည်။

ဖြေလျှော့မှုများ နောက်ပိုင်းတွင် ကူးစက်မှုများ တဟုန်ထိုး ပြန်လည်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြို့တော်ဘေကျင်းတွင်လည်း ကူးစက်မှုများ အတောမသတ် ပွားများလျက်ရှိသည်။ ရှန်ဟိုင်းတွင် ဘေကျင်းထက် ကူးစက်မှုပိုများပြီး ယခင်က တစ်ဦးတစ်လေ ကူးစက်ခြင်းမျိုးမှ ယခုအခါ မိသားစုလိုက် ကူးစက်နေခြင်းမျိုး တွေ့လာရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တရုတ်၏ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ ကူးစက်ရောဂါလေ့လာမှုဆိုင်ရာ အကြီးအကဲဖြစ်သူ ဝူရှန်ယူက နိုင်ငံသည် လက်ရှိအချိန်မှ ၂၀၂၃ မတ်လအထိ ကူးစက်မှုလှိုင်း သုံးကြိမ်အထိ ရင်ဆိုင်ရဖွယ်ရှိသည်ဟု ပြောကြားသည်။ အဆိုပါလှိုင်းများအတွင်း တရုတ်လူဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကူးစက်ခံရနိုင်ကြောင်း ဝူရှန်ယူက ခန့်မှန်းထားသည်။

တရုတ်အစိုးရသည် ယခင်က ကိုဗစ်စစ်ဆေးမှုများကို အများအပြား ပြုလုပ်လေ့ရှိသည်။ သို့သော်လည်း ယခုအခါ လက္ခဏာပြသည့် လူနာများမှလွဲ၍ အခြားသူများကို စစ်ဆေးမှု မပြုတော့ဘဲ ရပ်ဆိုင်းထားသည့်အတွက် ကူးစက်မှုပမာဏအမှန်ကို မှတ်တမ်းတင်ရာတွင် တိကျမှုမရှိတော့ပေ။

အစိုးရက တရားဝင်ထုတ်ပြန်သည့် သေဆုံးကိုဗစ်လူနာ စာရင်းမှာလည်း မေးခွန်းထုတ်စရာများ ရှိနေသည်။ အာဏာပိုင်များသည် ဒီဇင်ဘာလ ၄ ရက်နေ့ နောက်ပိုင်း ကိုဗစ်သေဆုံးမှုများကို စာရင်းပြခြင်း မရှိတော့ပေ။ သေဆုံးသူ အရေအတွက်မှာ လက်ရှိအထိ ၅၂၃၅ တွင်သာ ရှိနေဆဲဖြစ်သည်။

ဗီဒီယိုများ