ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့်ပစ်ခတ်ခံရ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သောကြာနေ့က မဲဆွယ်စည်းရုံရေးတစ်ခု ပြုလုပ်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံသို့ သယ်ဆောင်သွားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

07 Jul 2022

ဓာတ်ပုံများ - AP

DMG ၊ ဇူလိုင် ၈

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် သောကြာနေ့က မဲဆွယ်စည်းရုံရေးတစ်ခု ပြုလုပ်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ဆေးရုံသို့ သယ်ဆောင်သွားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

သယ်ဆောင်သွားချိန်၌ အသက်မရှူတော့သလို နှလုံးခုန်မှုလည်း ရပ်တန့်နေကြောင်း အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်းအား လုပ်ကြံရန်ကြိုးပမ်းမှုဖြင့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးအား ဖမ်းဆီးထားပြီး သူ့ထံမှ သေနတ်တစ်လက် သိမ်းဆည်းမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည့် အချက်အလက်များကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံ NHK က ကြေညာသည်။

ရှင်ဇိုအာဘေးသည် ဂျပန်အနောက်ပိုင်း နာရာဒေသရှိ ရထားဘူတာပြင်ပတွင် ဟောပြောမှုစတင်ပြီး မိနစ်အနည်းငယ်အကြာ၌ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

“သူ မိန့်ခွန်းပြောနေတုန်း အမျိုးသားတစ်ယောက်က နောက်ဘက်က ရောက်လာတာ” ဟု NHK သတင်းဌာနအား အမျိုးသမီးငယ်တစ်ဦးက ဖြေကြားသည်ကို တွေ့ရသည်။

အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဝန်ကြီးချုပ်ဟောင်းသည် လက်ရှိအချိန်အထိ သတိမေ့မျောနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း ဖော်ပြထားသည်။

ဂျပန်သည် ကမ္ဘာ့အလုံခြုံဆုံးဟု သတ်မှတ်ထားသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး သေနတ်ကိုင်ဆောင်မှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသော နိုင်ငံ ဖြစ်သဖြင့် ယခုတိုက်ခိုက်မှုကြောင့် ထိတ်လန့်ဖွယ်ရာ ဖြစ်လျက်ရှိသည်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် ကျန်းမာရေးမကောင်းသဖြင့် ၂၀၂၀ တွင် ရာထူးမှဆင်းပေးခဲ့သည်။ အာဘေး၏နေရာကို လက်ရှိဝန်ကြီးချုပ် ဖုမိအိုကိရှိဒက ဆက်ခံခဲ့သည်။

ဗီဒီယိုများ