မြန်မာစစ်တပ်အတွက် အင်ဒိုနီးရှားက လက်နက်ရောင်းနေသည်ဟု သံသယရှိမှု စစ်ဆေးပေးရန်တောင်းဆို

အစိုးရပိုင် ကုမ္ပဏီသုံးခုသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန် နောက်ပိုင်း၌ စစ်တပ်အား လက်နက်ကိရိယာများ ရောင်းချနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စုပေါင်းပြီး အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

By Admin 04 Oct 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

အင်ဒိုနီးရှားအစိုးရပိုင် ကုမ္ပဏီများက မြန်မာစစ်တပ်အား လက်နက်ရောင်းချနေသည်ဟု သံသယရှိမှုအပေါ် စစ်ဆေးပေးရန် အင်ဒိုနီးရှားအစိုးရအား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက အောက်တိုဘာလ ၃ ရက်နေ့က တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။  

အစိုးရပိုင် ကုမ္ပဏီသုံးခုသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးချိန် နောက်ပိုင်း၌ စစ်တပ်အား လက်နက်ကိရိယာများ ရောင်းချနေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက စုပေါင်းပြီး အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

တိုင်ကြားသည့် အဖွဲ့များမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၊ Myanmar Accountability Project အဖွဲ့နှင့် အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့ Marzuki Darusman တို့ဖြစ်သည်။

အင်ဒိုနီးရှား အစိုးရပိုင် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ PT Pindad ၊ သင်္ဘောကုမ္ပဏီ PT PAL နှင့် အာကာသလေကြောင်း ကုမ္ပဏီ PT Dirgantara Indonedia တို့သည် မြန်မာကုမ္ပဏီ True North မှတစ်ဆင့် မြန်မာအတွက် လက်နက်များ ရောင်းချခဲ့သည်ဟု အဆိုပါတိုင်ကြားစာ၌ ဖော်ပြထားသည်။ True North ကုမ္ပဏီကို မြန်မာစစ်ကောင်စီအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏သား ပိုင်ဆိုင်သည်ဟုလည်း တိုင်ကြားစာက ဖော်ပြသည်။

မြန်မာသည် အဆိုပါကုမ္ပဏီများထံမှ ပစ္စတို၊ ချေမှုန်းရေးရိုင်ဖယ်နှင့် တိုက်ပွဲဝင်ယာဉ်များအပါအဝင် အမျိုးအစားမျိုးစုံ ဝယ်ယူခဲ့သည်ဟု တက်ကြွလှုပ်ရှားသည့် အဖွဲ့များက ပြောကြားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာနက ဆက်သွယ်မှုအား PT Pindad နှင့် PT PAL ကုမ္ပဏီတို့ဘက်မှ လတ်တလော အကြောင်းပြန်ခြင်း မရှိပေ။ PT Pindad ကုမ္ပဏီသည် ၎င်းတို့အနေဖြင့် မြန်မာအတွက်  ၂၀၁၆ ခုနှစ်တည်းက မည်သည့် ကုန်ပစ္စည်းမျှ ရောင်းချခြင်း မရှိတော့ကြောင်း အစောပိုင်းတွင် မီဒီယာများကို ဖြေကြားထားသည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

PT Dirgantara Indonesia ကုမ္ပဏီကလည်း မိမိတို့အနေဖြင့် မြန်မာသို့မဟုတ် မြန်မာနှင့် ဆက်စပ်သည့် တတိယအဖွဲ့အစည်း တစ်ခုခုနှင့် တစ်ခါမှ သဘောတူစာချုပ် ချုပ်ဆိုခြင်း မရှိခဲ့ကြောင်း ပြောကြားထားသည်။

ရိုက်တာသတင်းဌာနက မြန်မာကုမ္ပဏီ True North အားဆက်သွယ်ခဲ့သော်လည်း တစုံတရာ အကြောင်းပြန်ခြင်း မရှိပေ။ သို့သော်လည်း ရက်စွဲဖော်ပြမထားသည့် ကုမ္ပဏီပရိုဖိုင်းတွင် ဆိုခဲ့ပါ အင်ဒိုနီးရှား ကုမ္ပဏီသုံးခုအား “ဗျူဟာမြောက် မိတ်ဘက်ကုမ္ပဏီများ” အဖြစ် ဖော်ပြထားသည်ဟု ရိုက်တာသတင်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံလက်ရှိဥက္ကဌဖြစ်သည်။ မြန်မာ့အရေးတွင် ကြားဝင်ဆောင်ရွက်မှုများ ရှိသော်လည်း အောင်မြင်မှုတစုံတရာ တိတိပပ မရှိသေးပေ။ အင်ဒိုနီးရှားသည် အာဏာသိမ်းမှုနောက်ပိုင်း ‘မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှုများကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံးက တားမြစ်ရေး’ ကုလသမဂ္ဂ၏ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည့် နိုင်ငံဖြစ်သည်။ 

ယခုတိုင်ကြားချက်နှင့် ပတ်သက်ပြီး လေ့လာနေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားထားသည်။

ဗီဒီယိုများ