- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
အမေရိကန်တွင် လေဆင်နှာမောင်းများကြောင့် လူ ၂၄ ဦးထက်မနည်း သေဆုံး
အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်တွင် အင်္ဂါနေ့အစောပိုင်းက တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းများကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။
04 Mar 2020

အမေရိကန်နိုင်ငံ တန်နက်စီပြည်နယ်တွင် အင်္ဂါနေ့အစောပိုင်းက တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းများကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။
တနင်္လာနေ့ညဉ့်သန်းခေါင်တွင် ရုတ်တရက် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းများကြောင့် အဆောက်အအုံ ၁၄၀ ကျော်မှာ တစ်စစီပျက်စီးသွားပြီး အပျက်အစီးများအောက်တွင် ပိတ်မိနေသူအများအပြားရှိသည်။ ပိတ်မိနေသူများအား ယခုအချိန်ထိ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်သည်။ ဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူ အများအပြားရှိပြီး ပျောက်ဆုံးသူအရေအတွက်ကို ယခုအချိန်ထိ အတိအကျ မသိရသေးကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

လေဆင်နှာမောင်းများသည် အလျင်အမြန် ရွေ့လျားသွားသဖြင့် လူအများအပြားမှာ လုံခြုံရာနေရာများသို့ ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ကြပေ။ အချို့မှာ အိပ်ရာထဲတွင်ပင် သေဆုံးသွားခြင်းဖြစ်သည်။“လူကြီးပိုင်းထဲက တော်တော်များများဆို အိပ်နေရင်းတန်းလန်းပဲ။” ဟု ပတ္တနမ်ကောင်တီ မြို့တော်ဝန် ရန်ဒီပေါ်တာက ပြောကြားသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်အခြေအနေ ကြေညာထားပြီး ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ရှာဖွေရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် မှာကြားထားသည်။

လေဆင်နှာမောင်းတစ်လုံးကြောင့် နက်ရှ်ဗီလီမြို့လယ်ခေါင်အပါအဝင် ၁၀ မိုင်ပတ်လည်ရှိ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ ပျက်စီးခဲ့ရသလို အခြားတစ်နေရာ၌လည်း ၂ မိုင်ခန့် ရွေ့လျားတိုက်ခတ်သွားသည့် လေဆင်နှာမောင်းကြောင့် အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးခဲ့သည်။ အိမ်ခြေအချို့မှာ အောက်ခြေ ဖောင်ဒေးရှင်းများအထိ ပျက်စီးသွားခြင်းဖြစ်သည်။
နံရံများ၊ ခေါင်မိုးများ၊ ဓာတ်အားလိုင်းများ၊ သစ်ပင်များ အပျက်အစီးများကြောင့် လမ်းများလည်း ပိတ်ဆို့နေသဖြင့် သွားလာရန် အခက်အခဲများ ပေါ်ပေါက်လျက်ရှိသည်။ နက်ရှ်ဗီလီအရှေ့ဘက် မိုင် ၈၀ ခန့်အကွာတွင်လည်း လေဆင်နှာမောင်းကြောင့် အိမ်များနှင့် ဆိုင်များမှာ ပြားပြားဝပ်သွားခဲ့သည်။ နက်ရှ်ဗီလီ ဓာတ်အားပေးကုမ္ပဏီကလည်း ဓာတ်အားပြတ်တောက်နေသော နေရာပေါင်း ၄၇၀၀၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
လုယက်မှုတစ်ခုလည်း ဖမ်းဆီးရမီးခဲ့ပြီး အာဏာပိုင်များသည် ဒေသတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ၌ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် နက်ရှ်ဗီလီနှင့် ဝီလဆင်ကောင်တီတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ရွေးကောက်ပွဲကျင်းပရန် နာရီပိုင်းအလိုတွင် လေဆင်နှာမောင်းများ တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဒေါ်နယ်ထရမ့်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တယ်လီဖုန်းဆက်သွယ် ပြောကြားခဲ့ပြီး ဗဟိုအစိုးရအထောက်အပံ့များ ပေးအပ်ရန် ကတိပြုထားကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။ သမ္မတထရမ့်သည် လေဆင်နှာမောင်းဒဏ် ခံခဲ့ရသည့် နေရာသို့ သောကြာနေ့တွင် သွားရောက်မည်ဖြစ်သည်။