- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကျွန်ကုန်ကူးမှုနှင့်ဆက်နွယ်သည့် အတိတ်ကလုပ်ရပ်များအတွက် ယူကေဗဟိုဘဏ် တောင်းပန်
ယူကေဗဟိုဘဏ်(Bank of England) သည် အတိတ်က ဘဏ်ဥက္ကဌအချို့ ကျွန်စနစ်နှင့် ဆက်စပ်မှုရှိခဲ့သည့်အတွက် တောင်းပန်လိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
20 Jun 2020

ယူကေဗဟိုဘဏ်(Bank of England) သည် အတိတ်က ဘဏ်ဥက္ကဌအချို့ ကျွန်စနစ်နှင့် ဆက်စပ်မှုရှိခဲ့သည့်အတွက် တောင်းပန်လိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ဂျော့ချ်ဖလွိုက် သေဆုံးမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် လူမျိုးရေးခွဲခြားဆက်ဆံမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပျံ့နှံ့လာမှုနှင့်အတူ ဗြိတိသျှ အဖွဲ့အစည်းများသည်လည်း အတိတ်က ၎င်းတို့၏ ဆောင်ရွက်ချက်အချို့နှင့် ပတ်သက်၍ ရင်ဆိုင်ဖြေရှင်းရန် တွန်းအားပေးခံနေရသည်။
ဗဟိုဘဏ်က လူကုန်ကူးမှုအား “အင်္ဂလိပ်သမိုင်း၏ လက်ခံနိုင်စရာမရှိသော အစိတ်အပိုင်းတစ်ခု” ဟု သုံးနှုန်းပြောကြားလိုက်ပြီး ၎င်းဖြစ်စဉ်နှင့် ပတ်သက်မှုရှိခဲ့သည့် ခေါင်းဆောင်ဟောင်းများ၏ ပုံရိပ်များအား ထုတ်ဖော်ပြသခြင်း ပြုမည်မဟုတ်ကြောင်း ကတိပေးလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ဗြိတိသျှကုမ္ပဏီနှစ်ခုသည် အတိတ်က ကျွန်ကုန်ကူးမှုနှင့် ဆက်စပ်မှုများ ရှိခဲ့သည့်အတွက် ကန့်ကွက်ဆန္ဒဖော်ထုတ်ခံခဲ့ရသည်။ ထိုကုမ္ပဏီနှစ်ခုက လူနည်းစုများအား ထောက်ပံ့ကူညီမည့် ပရောဂျက်များအတွက် ငွေကြေးအထောက်အကူပေးရန် ကြာသပတေးနေ့တွင် ကတိပေးပြီးနောက်တွင် ယူကေဗဟိုဘဏ်က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မေလ ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်သေဆုံးမှုနောက်ပိုင်း၌ ကမ္ဘာ့နိုင်ငံအများအပြားတွင် လူမျိုးစုအချင်းချင်း တန်းတူအခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်ခဲ့ပြီး နယ်ချဲ့ဝါဒနှင့် ကျွန်ကုန်ကူးမှုနှင့် ဆက်နွယ်ခဲ့သူများ၏ ရုပ်ထုများအား ဖြိုလှဲမှုများ ရှိခဲ့သည်။
ဇွန်လအစောပိုင်းကလည်း ဘရစ်စတိုမြို့တွင် ဆန္ဒဖော်ထုတ်သူများသည် ၁၇ ရာစုက ကျွန်ကုန်ကူးသူတစ်ဦး ဖြစ်သည့် အက်ဒဝပ်ကော်စတင်၏ ရုပ်ထုအား လှဲချကာ ဒရွတ်တိုက်ဆွဲယူပြီး ဘရစ်စတိုဆိပ်ကမ်းတွင် ပစ်ချခဲ့ကြသည်။