ယူကရိန်းအား ဥရောပသမဂ္ဂ အဖွဲ့ဝင်လောင်းအဖြစ် EU လက်ခံ

ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်လောင်းအဖြစ် ဇွန်လ ၂၃ ရက် ကြာသပတေးနေ့တွင် အတည်ပြုလက်ခံလိုက်ပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

25 Jun 2022

၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ဘရပ်ဆဲလ်မြို့တွင် EU ထိပ်သီးအစည်းအဝေး ကျင်းပရာနေရာ ပြင်ပ၌ ယူကရိန်းကို EU အဖွဲ့ဝင်အဖြစ် လက်ခံရေးအတွက် ဆန္ဒဖော်ထုတ်နေကြသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ ဇွန် ၂၅

ဥရောပသမဂ္ဂသည် ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်လောင်းအဖြစ် ဇွန်လ ၂၃ ရက် ကြာသပတေးနေ့တွင် အတည်ပြုလက်ခံလိုက်ပြီ ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘရပ်ဆဲလ်တွင် EU ၂၇ နိုင်ငံ၏ ခေါင်းဆောင်များ အစည်းအဝေးတစ်ရပ် ကျင်းပပြီးနောက် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

EU ဆုံးဖြတ်ချက်အပေါ် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက တွစ်တာပေါ်၌ “ယူကရိန်းရဲ့ အနာဂတ်ဟာ EU ထဲမှာရှိတယ်” ဟု ရေးသားထားသည်။

“ဒါဟာ အောင်မြင်မှုတစ်ရပ် ဖြစ်ပါတယ်။ ဒီအချိန်ကာလကို ကျွန်တော်တို့ နှစ်ပေါင်း ၃၀ နဲ့ ရက်ပေါင်း ၁၂၀ ကြာ စောင့်ခဲ့တာဖြစ်ပါတယ်” ဟု သူက အင်စတာဂရမ်တွင် ရေးသားထားသည်။

ယူကရိန်းသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရုရှားတို့ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ပတ်ဝန်းကျင်အကြာတွင် EU အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ကြာသပတေးနေ့ ဆုံးဖြတ်ချက်သည် EU အတွက် ပုံမှန်မဟုတ်သည့် မြန်ဆန်သောလုပ်ရပ်လည်း ဖြစ်ကာ ယူကရိန်းတို့ ရင်ဆိုင်နေရသည့် စစ်ပွဲကလည်း မြန်မြန်ဆန်ဆန် ဆုံးဖြတ်ရန် တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။

EU သည် ယူကရိန်းနှင့် နယ်စပ်ချင်းထိစပ်နေသည့် ယခင်ဆိုဗီယက်အဖွဲ့ဝင်နိုင်ငံဟောင်း မော်ဒိုဗာကိုလည်း အဖွဲ့ဝင်လောင်းအဖြစ် အတည်ပြုခဲ့သည်။

EU ၏ယခုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရုရှားဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

EU အဖွဲ့ဝင်ဖြစ်ရန်အတွက် နိုင်ငံတစ်နိုင်ငံအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အသေးစိတ်သတ်မှတ်ချက်များ ပြည့်မီရန်လိုအပ်သည်။ အဆိုပါနိုင်ငံသည် တရားဥပဒေ စိုးမိုးရေးနှင့်အတူ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်လည်း ပြည့်စုံရန်လိုသည်။ ယူကရိန်းနိုင်ငံအနေဖြင့် အမြစ်တွယ်နေသော အစိုးရအဖွဲ့ အကျင့်ပျက်ခြစားမှုများကို ထိန်းကွပ်ရန်နှင့် အခြားသော ပြုပြင်ပြောင်းလဲမှုများကိုပါ ဆောင်ရွက်ရဦးမည် ဖြစ်သည်။

ယူကရိန်း-ရုရှား စစ်ပွဲ စတင်ချိန်မှစ၍ EU နိုင်ငံများသည် ယူကရိန်းနိုင်ငံကို ငွေကြေး၊ လက်နက်များ ထောက်ပံ့ကူညီချက်ရှိသလို ရုရှားအပေါ်တွင်လည်း စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

EU ၏ အဖွဲ့ဝင်လောင်းဖြစ်ခြင်းကြောင့် လုံခြုံရေးအာမခံချက်များ ချက်ချင်းရရှိမည်တော့ မဟုတ်သေးပေ။ သို့သော်လည်း အဖွဲ့ဝင်ဖြစ်ပြီးသည်နှင့် တစ်ပြိုင်နက် အဆိုပါနိုင်ငံကို လက်နက်အင်အားဖြင့် ကျူးကျော်ခံရပါက အခြားသော EU အဖွဲ့ဝင်နိုင်ငံအားလုံးက အင်အားအပြည့်ဖြင့် ပါဝင်ကူညီပေးရမည်ဖြစ်သည်။

ဗီဒီယိုများ