ဆီးရီးယားရေနံမြေများသို့ အမေရိကန်တပ်များတပ်စွဲထားမှု နိုင်ငံတကာဥပဒေနှင့်မညီဟု ရုရှားပြော

ယခုဆီးရီးယားရေနံမြေများတွင် အမေရိကန်တို့ တပ်စွဲထားခြင်းနှင့် ထပ်မံအင်အားတိုးမြှင့်မည့် အစီအစဉ်တို့နှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သောကြေညာချက်တွင် အမေရိကန်တို့သည် ဆီးရီးယားရေနံမြေ လုံခြုံရေးအတွက်အမှန်တကယ် စိုးရိမ်၍မဟုတ်ဘဲ ရေနံမှောင်ခိုသမားများကို ကာကွယ်လိုခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။

By Foreign Desk 26 Oct 2019

ဆီးရီးယားရေနံမြေများ IS အကြမ်းဖက်တပ်ဖွဲ့များလက်အောက်သို့ မကျရောက်အောင်ကာကွယ်ရန်ဟု အမေရိကန်တို့ကပြောကြားသည် Photo Credit - AFP

ဆီးရီးယားအရှေ့ပိုင်းတွင် အမေရိကန်တပ်များတပ်စွဲထားခြင်းနှင့် ယခုအင်အားထပ်မံဖြည့်တင်းရန်လုပ်ဆောင်နေခြင်းမှာ အမှန်တကယ်လုံခြုံရေးအတွက်စိုးရိမ်၍မဟုတ်ဘဲ ရေနံမှောင်ခိုသမားများကိုကာကွယ်ရန်ပေးရန်အတွက်သာဖြစ်ပြီး နိုင်ငံ တကာဥပဒေနှင့်လည်းမညီကြောင်းနှင့်ရုရှားကစွပ်စွဲပြောကြားလိုက်သည်ဟု CNAသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စ်ပါက ဆီးရီးယားရေနံမြေများ IS အကြမ်းဖက်တပ်ဖွဲ့များလက်အောက်သို့ မကျရောက်အောင်ကာကွယ်ရန် အမေရိကန် သံချပ်ကာယာဉ်များနှင့် တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဟု ပြီးခဲ့သော သောကြာနေ့ကပြောကြားလိုက်ပြီးနောက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က ဆီးရီးယားအရှေ့မြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ကိုဆုတ်ခွာစေခဲ့ပြီးနောက် ယခုအခါ ဆီးရီးယားအရှေ့ပိုင်းရှိရေနံမြေများတွင် အမေရိကန်တို့၏လုံခြုံရေးအင်အားတိုးမြှင့် မည့် ကာကွယ်ရေးဝန်ကြီး၏မှတ်ချက်စကားထွက်ပေါ်လာခြင်းဖြစ်သည်။

သမ္မတထရမ့်က ဆီးရီးယားအရှေ့မြောက်ပိုင်းမှ အမေရိကန်တပ်များကိုဆုတ်ခွာစေခဲ့ပြီးနောက် တူရကီတို့က ယင်းဒေသရှိ IS အကြမ်းဖက်များကိုတိုက်ခိုက်ရာ၌အမေရိကန်တို့၏မဟာမိတ်ဖြစ်ခဲ့သော ကာ့ဒ်တပ်ဖွဲ့များကို ရက်သတ္တပတ် တစ်ပတ်ကြာမျှ ထိုးစစ်ဆင်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

ယခုဆီးရီးယားရေနံမြေများတွင် အမေရိကန်တို့ တပ်စွဲထားခြင်းနှင့် ထပ်မံအင်အားတိုးမြှင့်မည့် အစီအစဉ်တို့နှင့်ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သောကြေညာချက်တွင် အမေရိကန်တို့သည် ဆီးရီးယားရေနံမြေ လုံခြုံရေးအတွက်အမှန်တကယ် စိုးရိမ်၍မဟုတ်ဘဲ ရေနံမှောင်ခိုသမားများကို ကာကွယ်လိုခြင်းသာဖြစ်သည်ဟု ဖော်ပြထားသည်။

ဆီးရီးယားအရှေ့ပိုင်းတွင် တစ်လလျှင် အမေရိကန် ဒေါ်လာသန်း ၃၀ ခန့်အထိအကျိုးအမြတ်ရရှိနေသော ရေနံမှောင်ခိုသမားများကို အမေရိကန်တပ်ဖွဲ့များနှင့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများက ကာကွယ်ပေးနေသည်ဟု ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

ဆီးရီးယားပြည်တွင်းစစ်တွင် လက်ရှိသမ္မတဘာရှာအာဆတ်အနိုင်ရအောင် ကူညီပေးခဲ့သောရုရှားနိုင်ငံက ဆီးရီးယား နိုင်ငံအတွင်းအမေရိကန်တပ်များတပ်စွဲထားမှုကို ဥပဒေနှင့်မညီသည့်လုပ်ရပ်အဖြစ် ဟိုယခင်ကတည်းက တောက်လျှောက်ပြောကြားလာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆီးရီးယားအရှေ့မြောက်ပိုင်းမှ အမေရိကန်တပ်များဆုတ်ခွာသွားပြီးနောက်တွင် ရုရှားသည် ဆီးရီးယားတွင် ၎င်း၏ ပါဝင်ပတ်သက်မှုကိုထပ်မံမြှင့်တင်လာခဲ့ပြီး ဆီးရီးယား-တူရကီနယ်စပ်တွင် ဖြစ်ပွားလျက်ရှိသော တူရကီနှင့် ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကြားတိုက်ပွဲများတွင် ကြားဝင်ပတ်သက်ရန် တူရကီတို့နှင့်ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ထားသည်။

ဗီဒီယိုများ