နျူကလီးယားစက်ရုံရှိသည့် နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများရပ်ရန် ရုရှားကို အမေရိကန် တောင်းဆို

ယူကရိန်းရှိ နျူကလီးယားစက်ရုံများအနီးတွင် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းရန် အိမ်ဖြူတော်က ရုရှားကို သြဂုတ်လ ၈ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

10 Aug 2022

အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ရှိသူ ကယ်ရင်းဂျင်ပီယာ။ (ဓာတ်ပုံ - AFP)

DMG ၊ ဩဂုတ် ၁၀

ယူကရိန်းရှိ နျူကလီးယားစက်ရုံများအနီးတွင် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်ဆိုင်းရန် အိမ်ဖြူတော်က ရုရှားကို သြဂုတ်လ ၈ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

“နျူကလီးယားစက်ရုံတစ်ခုအနီးမှာ တိုက်ပွဲဖြစ်တာဟာ အန္တရာယ်ကြီးပါတယ်” ဟု အိမ်ဖြူ တော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရင်းဂျင်ပီယာက သတင်းထောက်များကို ပြောကြားသည်။ ကန်တက်ကီပြည်နယ်ရှိ ရေလွှမ်းမိုးခံရသည့်နေရာများသို့ သွားရောက်မည့် သမ္မတဂျိုးဘိုင်ဒန်၏ လေယာဉ်ခရီးစဉ်တစ်ခုအတွင်း Air Force One ပေါ်သို့မတက်ခင် ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။

“ယူကရိန်းနျူးကလီးယားစက်ရုံတွေအနီးမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအားလုံး ရပ်ဆိုင်းပေးဖို့နဲ့ ယူကရိန်းကို အပြည့်အဝထိန်းချုပ်ခွင့်ပြန်ပေးဖို့ကိုပါ ရုရှားကို ကျွန်မတို့ ဆက်လက် တောင်းဆိုသွားမှာပါ”  ဟု ဂျင်ပီယာက ပြောသည်။

ဥရောပ၏ အကြီးဆုံး အဏုမြူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုကြီးတစ်ခုဖြစ်သည့် ဇာပိုရီဇီယာသည် ရုရှား ကျူးကျော်လာသည့် အစောပိုင်းကာလကတည်းက သိမ်းယူခဲ့သည့်စက်ရုံတစ်ခုဖြစ်ပြီး ထိုနေရာ တွင် မကြာသေးမီကဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကြောင့် နျူးကလီးယားမတော်တဆမှုတစ်ခု ကြုံရနိုင်သည့် အခြေအနေကို စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ရသည်။

ယူကရိန်းအစိုးရကလည်း နိုင်ငံအရှေ့ပိုင်းရှိ နျူးကလီးယား ဓာတ်အားပေးစက်ရုံအနီးတစ်ဝိုက်တွင် စစ်မဲ့ဇုန် သတ်မှတ်ပေးနိုင်ရေး တနင်္လာနေ့က တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်း စက်ရုံအစိတ်အပိုင်းများစွာာ ထိခိုက်ပျက်စီးခဲ့ရသည့် ပစ်ခတ်မှုမြင်ကွင်းများကို မြင်တွေ့ခဲ့ကြရပြီး ဓာတ်ပေါင်းဖိုတစ်ခုပိတ်ခဲ့ရသည်။

ဓာတ်အားပေးစက်ရုံတွင် တပ်စွဲထားသည့် ရုရှားတပ်များကိုဖယ်ရှားရန်နှင့် စစ်မဲ့ဇုန်တစ်ခုကို စက်ရုံရှိသည့် နယ်မြေတွင်သတ်မှတ်ရန် အမှန်တကယ် လိုအပ်နေပြီဖြစ်ကြောင်း ယူကရိန်းနျူကလီးယား စွမ်းအင်ကုမ္ပဏီဖြစ်သည့် အီနာဂို အက်တမ် ဥက္ကဋ္ဌ ပီထရို ကိုတင်က ပြောကြားသည်။

စက်ရုံအနီးတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခုကြောင့် နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA)က “နျူးကလီးယားဘေးအန္တရာယ်ကြီးတစ်ခု ကြုံတွေ့လာနိုင်ခြေ” ကိုသတိပေးခဲ့သည်။

ယူကရိန်းတပ်ဖွဲ့များသည် ဇာပိုရီယာဇီယာစက်ရုံကို ပစ်ခတ်ခဲ့သည်ဟု ရုရှားအစိုးရက တနင်္လာနေ့က စွပ်စွဲလိုက်ပြီး ဥရောပတခွင်တွင် “နျူကလီးယား ကပ်ဘေးသင့်မှုအကျိုးဆက်များ” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ဗီဒီယိုများ