မီးနှင့်ကစားလျှင် မီးလောင်ခံရမည်’ ဟု ဘိုင်ဒန်ကို ရှီကျင့်ဖျင် ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ဆုံမှုတွင် ရှီကျင့်ဖျင်က ဘိုင်ဒန်အား ‘မီးနှင့်မကစား’ ရန် သတိပေးခဲ့သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

29 Jul 2022

သမ္မတဘိုင်ဒန်နှင့် သမ္မတရှီကျင့်ဖျင်။ ဓာတ်ပုံ - Japan Times

DMG | ဇူလိုင် ၂၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဇူလိုင်လ ၂၈ ရက်နေ့က တွေ့ဆုံမှုတွင် ရှီကျင့်ဖျင်က ဘိုင်ဒန်အား ‘မီးနှင့်မကစား’ ရန် သတိပေးခဲ့သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေးထိပ်သီး နှစ်နိုင်ငံမှ သမ္မတနှစ်ဦးသည် ဖုန်း သို့မဟုတ် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံခဲ့ကြပြီး တွေ့ဆုံချိန် ၂ နာရီနှင့် ၁၇ မိနစ်အထိ ကြာမြင့်ခဲ့သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး သမ္မတရှီကျင့်ဖျင်သည့် အမေရိကန်အား အကဲဆတ်သည့် စကားလုံးများဖြင့် ပြောဆိုခဲ့သည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ကြေညာသည်။

“မီးနဲ့ကစားသူဟာ နောက်ဆုံးကျရင် ကိုယ်တိုင် မီးလောင်ခံရမှာပဲ” ဟု ရှီကျင့်ဖျင်က ဘိုင်ဒန်အား ပြောကြားခဲ့သည်ဟု ဆိုသည်။

“အမေရိကန်ဘက်က ဒါကို အပြည့်အဝ နားလည်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟုလည်း ရှီက ပြောခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

နှစ်ဦးသား “လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံရန် အရေးပါမှုကို သဘောတူခဲ့ကြပြီး နှစ်ဘက်အဆင်ပြေမည့်အချိန်ကို ညှိနှိုင်းကာ စီစဉ်ရန် ဆွေးနွေးခဲ့ကြသည်” ဟု အမေရိကန် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

လူချင်းတွေ့ဆုံမည့် အချိန်နှင့် နေရာအသေးစိတ်ကိုမူ မသိရပေ။

တရုတ်သည် ထိုင်ဝမ်ကျွန်းအား ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး မကြာခဏ ဆိုသလို လေကြောင်းကျူးကျော်မှုများ ပြုလုပ်လေ့ရှိသည်။

လတ်တလောတွင် အမေရိကန်အောက်လွှတ်တော် ဥက္ကဌ ထိုင်ဝမ်သို့ လာရောက်မည့်အရေးနှင့် ပတ်သက်၍လည်း တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ဝါရှင်တန်အနေဖြင့် “နောက်ဆက်တွဲ ဆိုးကျိုးများ ရင်ဆိုင်ရမည်” ဟု တရုတ်ဘက်က သတိပေးထားသည်။

ဗီဒီယိုများ