အကြမ်းဖက်ခေါင်းစဉ်အောက်က AA နှင့် အစိုးရ၏ နိုင်ငံတော်လုံခြုံရေး

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပုံစံသည် ရှင်းရှင်းလင်းလင်း မရှိလှပေ။ အာဏာရ NLD ပါတီ၏ အစိုးရအဖွဲ့သည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ မရောက်နိုင်သေးသော တိုင်းရင်းသားလက်နက်ကိုင်များအရေးကိုလည်း ရင်ဆိုင်နေရသည်။ အဆိုပါ လက်နက်ကိုင် အုပ်စုများထဲတွင် ရက္ခိုင့်တပ်တော်(AA) လည်း တစ်ခုအပါအဝင်ဖြစ်သည်။

By Foreign Desk 31 Mar 2020

ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ် ရွှေစာကျေးရွာ၌ လုံခြုံရေးယူထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AP)

မြန်မာအစိုးရသည် ရက္ခိုင့်တပ်တော်(အေအေ) အား မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြီးခဲ့သော မတ်လ ၂၃ ရက်နေ့တွင် သတ်မှတ်ကြေညာခဲ့သည်။ ယခုကြေညာချက်သည် အလွန်အမင်း အံ့အားသင့်စရာတော့ မရှိပေ။ သို့သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်ရှိနေသည့် ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေများကြားက နေပြည်တော်အစိုးရ၏ အေအေအဖွဲ့နှင့် ရခိုင်ပြည်နယ်အရေးအပေါ် ထားရှိသော အမြင်အပေါ် အလေးထား စောင့်ကြည့်ရမည့်အနေအထား ရှိနေပေသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပုံစံသည် ရှင်းရှင်းလင်းလင်း မရှိလှပေ။ အာဏာရ NLD ပါတီ၏ အစိုးရအဖွဲ့သည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ မရောက်နိုင်သေးသော တိုင်းရင်းသားလက်နက်ကိုင်များအရေးကိုလည်း ရင်ဆိုင်နေရသည်။ အဆိုပါ လက်နက်ကိုင် အုပ်စုများထဲတွင် ရက္ခိုင့်တပ်တော် (အေအေ) လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အေအေသည် ရခိုင်ပြည်တွင် ရှိနေသည့် မွတ်ဆလင်အရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ခေါင်းဆောင်များ အကြား မကျေမလည်ဖြစ်နေသော အခြေအနေ၊ အာဆာ (ARSA) အဖွဲ့အုံကြွမှု စသည့် အရှုပ်အထွေးများကြားတွင် ပေါ်ထွက်လာသော ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုလျက်ရှိသည်။

အေအေနှင့် မြန်မာ့တပ်မတော်အကြား ရင်ဆိုင်တိုက်ပွဲများသည် ၂၀၁၉ ခုနှစ်အတွင်း ပိုမိုပြင်းထန်လာခဲ့ကာ လက်ရှိအချိန်၌ သေဆုံးသူ ဒါဇင်နှင့်ချီ ရှိနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူမှာလည်း ၁၄၀,၀၀၀ ခန့် ရှိသွားပြီဖြစ်သည်။

နေပြည်တော်အစိုးရသည် အေအေအဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ် ရည်ညွှန်းပြောဆိုကာ စစ်ဆင်ရေးများ အရှိန်မြှင့်ဆောင်ရွက်ခဲ့သလို ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ခဲ့သည်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတည်းက ဖြစ်သည်။

ယခုလည်း အေအေ၏ လုပ်ဆောင်ချက်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူလူထု၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ဆိုကာ အစိုးရသည် အေအေလက်နက်ကိုင် အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်း အဖြစ် ကြေညာလိုက်သလို တရားမဝင် အဖွဲ့အစည်းအဖြစ်လည်း သတ်မှတ်လိုက်ပြီဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၏လက်မှတ်ဖြင့် ထုတ်ပြန်သော ကြေညာချက်၌ အေအေအဖွဲ့နှင့် ၎င်းနှင့်ဆက်နွယ်သည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိလ်များအား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့သည် ဒေသခံများအား စည်းရုံးခြင်း ခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ကာ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို အန္တရာယ်ပေးနေကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

AA လေ့ကျင့်ရေးတပ်သားများ (ဓာတ်ပုံ - South Asian Monitor / VOA)

ယခုကြေညာချက်သည် အလွန်အမင်းအံ့အားသင့်စရာ ကိစ္စရပ်တစ်ခုတော့ မဟုတ်ပေ။ မြန်မာအစိုးရသည် တရားဝင်ထုတ်ဖော် မကြေညာသေးသော်လည်း အေအေအဖွဲ့အား အကြမ်းဖက်ဟု သုံးနှုန်းကာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြုမူဆက်ဆံမှုများ ယခင်တည်းက ရှိနေခဲ့ပြီးဖြစ်သည်။ အေအေ၏ တုံ့ပြန်ချက်တွင်လည်း အစိုးရ၏ကြေညာချက်အပေါ် အံ့အားသင့်မှု ထွေထွေထူးထူး ဖော်ပြထားခြင်းမျိုး မရှိပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရ၏ အားတက်သရော ပါဝင်ဆောင်ရွက်လိုစိတ် နည်းပါးမှုကိုသာ တုံ့ပြန်ထားပြီး အေအေအဖွဲ့၏ တရားဝင်မှုသည် ရခိုင်လူထု၏ ထောက်ခံမှုအပေါ်တွင်သာ မူတည်ကြောင်း ပြောဆိုထားသည်။

မြန်မာအစိုးရသည် ပြင်းထန်သောအရေးယူမှုများ အပေါ် ပိုမိုအားထားလာသည်ကိုတော့ ယခုထုတ်ပြန်ချက်တွင် တွေ့မြင်နေရသည်။ အေအေ၏တိုက်ခိုက်မှုများ ပြင်းထန်လာသည်နှင့်အမျှ အစိုးရသည် စစ်ရေးအရ ဖြေရှင်းလိုသော တပ်မတော်၏အမြင်ဘက်သို့ ပိုယိမ်းလာသည်ကို တွေ့ရသည်။

အခြားတစ်ဘက်တွင်လည်း ကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာတွင် ပေါ်ထွက်လာသော တိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် အေအေနှင့် အစိုးရအကြားတွင် ရှိနေသော တင်းမာမှုများသည် ပိုမိုမြင့်တက်လာဖွယ်ရာသာ ရှိနေသည်။ ပဋိပက္ခများ အဆုံးသတ်ရေး မျှော်လင့်ချက်များသည်လည်း နဂိုတည်းက ဝါးတားတားဖြစ်နေရာမှ တင်းမာမှုများကြောင့် ပိုမိုဆိုးဝါးလာဖွယ်သာ ရှိနေပေသည်။

အစိုးရ၏ ယခုခြေလှမ်းမှ မည်ကဲ့သို့သောရလဒ်များ ထွက်ပေါ်လာမည်ကို လာမည့်သီတင်းပတ်များအတွင်း မြင်တွေ့လာရတော့မည်ဖြစ်သည်။ အေအေအဖွဲ့၏ တုံ့ပြန်ချက်၊ အစိုးရ၏ လုပ်ရပ်နှင့် တိုက်ပွဲများအကြားတွင် ရှိနေသော ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုများသည် စောင့်ကြည့်ရမည့် ရလဒ်များဖြစ်သည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်၌ ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်လျှက်ရှိသလို အထွေထွေရွေးကောက်ပွဲကိုလည်း ယခုနှစ်အတွင်း ကျင်းပမည်ဖြစ်သည်။ လတ်တလောပေါ်ပေါက်လာသော ကိုရိုနာဗိုင်းရပ်စ်အရေးကိုလည်း ဖြေရှင်းရန်ရှိနေသည်။ ထိုထိုသောကိစ္စရပ်များကြား၌ ထွက်ပေါ်လာသော မြန်မာအစိုးရ၏ ကြေညာချက်နှင့်အတူ အေအေ အရေးသည်လည်း အလေးထားစောင့်ကြည့်ရမည့် ကိစ္စရပ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်လေသည်။

  • စောသန္တာအေး
    (The Diplomat သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော What Does Myanmar’s New Arakan Army Terrorist Designation Mean for the Country’s Security? ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။)

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ