- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
အာရက္ခတပ်တော်နှင့် လိုအပ်သည့် ဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု ကုလအတွင်းရေးမှူးချုပ်ပြော
ရခိုင်ပြည်တွင် အာရက္ခတပ်တော်သည် လက်ရှိအရှိတရားတစ်ခု ဖြစ်သည့်အတွက် AA နှင့် ဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု မိမိ အနေဖြင့် ယုံကြည်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်သည်။
17 Mar 2025

ရခိုင်ပြည်တွင် အာရက္ခတပ်တော်သည် လက်ရှိအရှိတရားတစ်ခု ဖြစ်သည့်အတွက် AA နှင့် ဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု မိမိ အနေဖြင့် ယုံကြည်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြားလိုက်သည်။
ဘင်္ဂလားဒေ့ရှ်သို့ လေးရက်တာ ခရီးစဉ်ဖြင့် ရောက်ရှိနေသည့် အန်တိုနီယို ဂူတားရက်က မတ်လ ၁၅ ရက် စနေနေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ရခိုင်ပြည်က ရိုဟင်ဂျာလူထုရဲ့ အခွင့်အရေးတွေကို အပြည့်အဝ လေးစားလိုက်နာနိုင်ရေးအတွက် အာရက္ခ တပ်တော်နဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အထွေထွေအတွင်းရေးမှူးက ပြောဆိုသည်။ နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟူစိန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
ရိုဟင်ဂျာများကို ရခိုင်ပြည်တွင် မွတ်ဆလင်ဟုသာ ခေါ်ဆိုသုံးနှုန်းသလို အာရက္ခတပ်တော်ကလည်း အဆိုပါအသုံးကို အသိအမှတ်မပြုဘဲ မွတ်ဆလင်ဟုသာ ယေဘုယျခေါ်ဆိုသုံးနှုန်းသည်။
“အာရက္ခတပ်တော်ဟာ လက်ရှိ ကျွန်တော်တို့ ကြုံနေရတဲ့ အရှိတရားဖြစ်ပါတယ်” ဟု အတွင်းရေးမှူးချုပ်က ပြောကြားကြောင်း ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တချိန်တည်းတွင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အိမ်နီးချင်းနိုင်ငံများကလည်း တိုက်ပွဲများ ရပ်ဆိုင်းပြီး ဒီမိုကရေစီ အပြည့်အဝ ပြန်လည် ထူထောင်နိုင်ရေးအတွက် မြန်မာအပေါ် ဖိအားပေးကြရန် လိုအပ်သည်ဟု ကုလအတွင်းရေးမှူးက ပြောသည်။
ထို့အပြင် အခြေအနေပေးပါက ဘင်္ဂလားဒေ့ရှ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ စာနာမှု အကူအညီများပေးအပ်နိုင်ရေး လမ်းကြောင်းတစ်ရပ် ထားရှိမည့် အလားအလာများကို သုံးသပ်နေသည်ဟုလည်း ကုလအတွင်းရေးမှူးက ပြောသည်။ သို့သော်လည်း ဤသည်မှာ အခွင့်အာဏာနှင့် ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် အဓိကမူတည်နေသည်ဟု သူကပြောသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟူစိန်ကလည်း “မြန်မာအာဏာပိုင်တွေကို ကျွန်တော်တို့ တစုတစည်းတည်း ဖိအားပေးဖို့ အချိန်ရောက်နေပါပြီ။ နယ်စပ်မှာ အရှိတရားအသစ်တွေ ဖြစ်ပေါ်နေပြီ ဖြစ်တဲ့အတွက် အာဏာပိုင်တွေလို့ သုံးနှုန်းရတာ ဖြစ်ပါတယ်။ သူတို့အားလုံးကို ဖိအားပေးရပါမယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် အာရက္ခတပ်တော်တို့ ပူးပေါင်းဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ရခိုင်ပြည်မှ စစ်ဒဏ်သင့်ပြည်သူများကို စာနာမှုအကူအညီ ပေးရေးတို့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် လိုအပ်ကြောင်း Fortify Rights အဖွဲ့က ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။