မြန်မာနိုင်ငံ၏ ငန်းနက်ဖြစ်စဉ်နှင့် ပထဝီနိုင်ငံရေး အကျိုးဆက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွက် ဆိုလျှင်လည်း တရုတ် သို့မဟုတ် ရုရှားက ဒဏ်ခတ်မှုများကို မထောက်ခံသဖြင့် ကောင်စီ၏လုပ်နိုင်စွမ်းမှာ ဂိတ်ဆုံးသို့ ရောက်သွားပြီဖြစ်သည်။ စစ်တပ်နှင့် အပြိုင် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရအုပ်စု (CRPH) ရှိနေသော်လည်း တရုတ်လက်ထဲသို့ မြန်မာနိုင်ငံ လုံးလုံးလျားလျား ကျရောက်သွားမည်ကို ကြောက်ရွံ့စိတ်ကြောင့် ထိုအုပ်စုကို မည်သည့်အဖွဲ့အစည်းကမှ အသိအမှတ်ပြုမည့်ပုံ မတွေ့ရပေ။

By Foreign Desk 08 Apr 2021

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်၌ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင်အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုဆုတံဆိပ် တပ်ဆင်ပေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - MRTV)

DMG ၊ ဧပြီ ၈
(ဘာသာပြန်ဆောင်းပါး)

မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားသို့ ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဖိုမင် တက်ရောက်ခဲ့သည်။ ဤလုပ်ရပ်သည် အာရှနှင့် အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးနှင့် ပတ်သက်ပြီး မြန်မာ့အာဏာသိမ်းမှုက ထောက်ပြလိုက်သည့် စိန်ခေါ်မှုများကို ညွှန်ပြနေခြင်းလည်း ဖြစ်သည်။

ရုရှား၏ အဆင့်မြင့်အရာရှိတစ်ဦးအား ဤအခမ်းအနား၌ မြင်တွေ့ရခြင်းသည် လက်နက်ရောင်းချခြင်း တစ်ခုတည်းကြောင့်ဟု ဆိုလျှင်တောင် အာရှဒေသတွင်း၌ ပါဝင် ကစားလိုသည့် မော်စကို၏ဆန္ဒကို ထင်ထင်ရှားရှား မြင်နေရပြီ ဖြစ်သည်။

သို့သော် ဤအချက်သည် ဒေသတွင်း ပထဝီနိုင်ငံရေးကို အပြောင်းအလဲ ဖြစ်သွားစေနိုင်သည့် အင်အားကြီးများ တစ်ဆင့်ခံခြေပုန်းခုတ်နိုင်ခြေကို နိမိတ်ပြခြင်းလည်း ဖြစ်နေသည်။ ပုံစံတူ ပြရလျှင် အရှေ့အလယ်ပိုင်းတွင် ရှိနေသည့် ကာလရှည်ကြာပဋိပက္ခနှင့် မငြိမ်သက်မှုမျိုး ဖြစ်သည်။

မြန်မာ့အပြောင်းအလဲသည် ပထဝီနိုင်ငံရေးဆိုင်ရာ ငန်းနက်ဖြစ်စဉ်အဖြစ် ပုံစံပြောင်းလျှက်ရှိသည်။ ငန်းနက် သို့မဟုတ် Black Swan ဟူသော ဝေါဟာရသည် ကြိုတင်မခန့်မှန်းနိုင်သော နောက်ဆက်တွဲဖြစ်စဉ်များ ပေါ်ထွက်လာနိုင်သည့် ဖြစ်ရပ်ကို ဆိုလိုသည်။ မြန်မာ့အပြောင်းအလဲက ရုရှားကို အာရှဒေသတွင်း ပုံဖော်မှု၌ ပါဝင်လာစေသည်။ ဒေသတွင်းမဟာမိတ် အိန္ဒိယ၏ အနောက်ကို ထောက်ခံမှုကို အားနည်းချက်တစ်ရပ်အဖြစ် မီးမောင်းထိုးပြလိုက်သလို တရုတ်ကိုလည်း လုံခြုံရေးအတွက် အဓိကကျသည့် နေရာသို့ တွန်းပို့လိုက်သည်။ တရုတ်အစိုးရကို အာဏာချိန်ခွင်လျှာညှိရန် ကြိုးစားနေသည့် အနောက်နိုင်ငံများသည်လည်း မည်သို့မျှ မစွမ်းသာဘဲ ဘေးထိုင်နေရသည့် အဖြစ်သို့ ရောက်ရှိသွားသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများအားလုံး တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့မှုသည် မြန်မာ့အပြောင်းအလဲအပေါ် ဒေသတွင်း အဓိကအင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာ ခြားနားချက်များ မြင့်တက်လာခြင်းကိုလည်း မီးမောင်းထိုးပြနေသည်။

အမေရိကန်သည် တရုတ်ကို ဟန့်တားထိန်းချုပ်ရန် ရည်ရွယ်သည့် လေးနိုင်ငံ စစ်ရေးမဟာမိတ် အဖွဲ့ဝင်နိုင်ငံအဖြစ် အိန္ဒိယအပေါ် ကောင်းမွန်သောဆက်ဆံရေး လမ်းခင်းထားသည်။

သို့သော် ဤစီမံချက်၏ အခြေခံမူများသည် အိန္ဒိယနိုင်ငံကြောင့် အားပျော့နေဆဲ ဖြစ်သည်။ အိန္ဒိယသည် မြန်မာ့တပ်မတော်နေ့ အခမ်းအနားသို့လည်း တက်ရောက်ခဲ့သည်။ နိုင်ငံအရှေ့ပိုင်း နယ်စပ်ဧရိယာအား လုံခြုံအောင် ထိန်းချုပ်လိုသည့် အိန္ဒိယသည် မြန်မာစစ်တပ်နှင့် နီးကပ်သောဆက်ဆံရေး ရှိထားရန် လိုအပ်သည်။ အိန္ဒိယအနေဖြင့် ဒီမိုကရေစီ စံနှုန်းများအား နိုင်ငံ့အကျိုးစီးပွားထက် ဦးစားပေးရန် မဖြစ်နိုင်ပေ။

တရုတ်နိုင်ငံသည်လည်း ဝေခွဲမရ ဖြစ်လျက်ရှိသည်။ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီအစိုးရနှင့် အားသွန်ခွန်စိုက် တည်ဆောက်ထားသည့် ခိုင်မာသောဆက်ဆံရေးအား အာဏာသိမ်းမှုက ဖျက်ဆီးသွားသည်။

တရုတ်၏မိတ်ဆွေမှာ ယခုအခါ ထိန်းသိမ်းခံထားရပြီဖြစ်သည်။ တရုတ်ပြည်အား ပင်လယ်ပြင်သို့ ထွက်ပေါက်ချပေးမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြ ံနှင့် ချိတ်ဆက်ထားသော မဟာဗျူဟာကျသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ၏ ကံကြမ္မာမှာလည်း တရုတ်နှင့် ဆက်ဆံရေးအပေါ် ဒွိဟဖြစ်နေသည့် မြန်မာစစ်တပ်၏ လက်ထဲတွင် ရောက်နေသည်။

ထိုအနေအထားကြောင့် တရုတ်အစိုးရသည် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အထောက်အပံ့များ ကူညီချေးငှားရမည့် အရေးအတွက် တွန့်ဆုတ်နေခြင်း မရှိတော့ပေ။ မြန်မာစစ်တပ် ဆက်လက်ရှင်သန်ရေးအတွက် တရုတ်သည် အခရာကျသည်။ နယ်စပ် မတည်ငြိမ်မှုများ မြင့်တက်လာနေသော်လည်း တရုတ်အတွက်ကတော့ လက်ရှိအနေအထား၌ ဟန်ကျနေသည့် သဘော ဖြစ်နေနိုင်သည်။

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သည်လည်း တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဤအချက်သည် သူတို့နိုင်ငံများ၏ တစ်ကိုယ်စာ လုံခြုံရေးအကျိုးစီးပွားကို အလေးထားခြင်းနှင့်အတူ အာဏာသိမ်းမှုအပေါ် ဒေသတွင်းနိုင်ငံများ၏ မတူညီသော သဘောထားများကိုလည်း ဖော်ပြလျက်ရှိသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် အများသဘောဆန္ဒ ရယူပြီး စိုးရိမ်ပူပန်မှုကို ဖော်ပြန်ရန်နှင့် မြန်မာပြည်တွင်း တင်းမာမှုကို လျော့ကျအောင် လုပ်ဆောင်ရန် ကြိုးစားနေကြသည်။ အင်ဒိုနီးရှားသည် ဘရူနိုင်း၊ မလေးရှားနှင့် စင်္ကာပူ နိုင်ငံများ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် တွန်းအားပေးနေသည်။ သို့သော် ကုန်းတွင်းပိုင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် ဗီယက်နမ်တို့မှာ အာဆီယံခေါ်ရာနောက်သို့ မတတ်သာ၍ ဒရွတ်တိုက် လိုက်နေကြရသည့် အဆင့်တွင်သာ ရှိနေသည်။ ဒုက္ခသည်အရေအတွက် မြင့်တက်လာမည့် အရေး ရှိနေသော်လည်း အဆိုပါနိုင်ငံများက မြန်မာ့အာဏာသိမ်းမှုသည် ပြည်တွင်းရေးသားဖြစ်ကြောင်း စောဒကတက်နေကြဆဲ ဖြစ်သည်။

ယခုကဲ့သို့ ဒေသတွင်း အမြင်ကွဲပြားမှုသည် အမေရိကန်အစိုးရ၏ ပထဝီနိုင်ငံရေး တွက်ချက်မှုအတွက် စိတ်အနှောင့်အယှက်တစ်ရပ် ဖြစ်သည်။ ဘိုင်ဒန် အစိုးရသစ်သည် တရုတ်ကို တန်ပြန်ရေးအတွက် အာဆီယံအဖွဲ့ကြီးအား အားကောင်းထိရောက်သော ခံတပ်အဖြစ်သို့ စည်းရုံးပုံစံသွင်းနိုင်အောင် ကြိုးစားနေသည်။ မြန်မာ့အာဏာသိမ်းဖြစ်စဉ်သည် ဤကြိုးစားမှုအတွက် ဖျက်မြင်းဖြစ်သည်။

အင်အားကြီး အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ခိုင်မာသော မဟာမိတ်ဆက်ဆံရေးသည် ဝါရှင်တန်အတွက် ပထမဦးစားပေးဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် တို့သည် မတ်လ အလယ်ပိုင်းတွင် တိုကျိုနှင့် ဆိုးလ်သို့ ပထမဆုံးခရီးစဉ် စတင်ခဲ့သည်။ ထိုမှတစ်ဆင့် ဘလင်ကင်သည်  အလက်စကားတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးနှင့် သွားရောက်တွေ့ဆုံခဲ့သလို လွိုက်အော်စတင်သည်လည်း နယူးဒေလီသို့ ခရီးဆက်ခဲ့သည်။

၎င်းတို့၏ ခရီးစဉ်၌ အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံ အနီးတစ်ဝိုက်နှင့် ဆက်စပ်မှု မတွေ့ရသလို တရုတ်နှင့် အမေရိကန် တွေ့ဆုံမှု၌ မြန်မာ့အရေး ပူးတွဲကြေညာချက် ထွက်လာနိုင်သည့် မျှော်လင့်ချက်လည်း မတွေ့ခဲ့ရပေ။

ဤအတိုင်းဆိုပါက အနောက်အင်အား၏ အဓိကချက်မက အဘယ်နည်းဟု မေးစရာရှိလာသည်။ အာရှကို နိုင်ငံခြားရေးမူဝါဒ၏ ဗဟိုချက်မအဖြစ် နေရာချလိုသည့် ဥရောပနှင့် အမေရိကတို့၏ မူဝါဒ လုပ်ငန်းပုံစံသစ် အများအပြားနှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို မြန်မာ့အာဏာသိမ်းမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဂျာမနီ၊ နယ်သာလန်နှင့် ဥရောပသမဂ္ဂတို့သည် အာရှ-ပစိဖိတ် မူဝါဒဆိုင်ရာ ရှင်းတမ်းများအတွက် မူဘောင်ချမှတ်ရန် စတင်နေပြီ သို့မဟုတ် စီစဉ်နေပြီဖြစ်သည်။ ဤမူဘောင်များသည် ကမ္ဘာ့စီးပွားရေးဗဟိုချက်၏ အရှိတရားပုံစံသစ်ကို ထင်ဟပ်ရုံသာမက တရုတ်ကို ထိန်းကစားလိုသည့် ဝါရှင်တန်နှင့်လည်း သဘောချင်း ကိုက်ညီမှုရှိသည်။

သို့သော် အနောက် အင်အားစုများ၏ လက်တွေ့၌ အစွယ်မရှိသည့် အနေအထားကို မြန်မာ့အာဏာသိမ်းမှုက မီးမောင်းထိုးပြလိုက်သည်။ မြန်မာစစ်တပ် ခေါင်းဆောင်များအား အွန်လိုင်း တိုက်ရိုက် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ပြီး ဝတ်ကျေတမ်းကျေ သတိပေးဆုံးမမှုများ၊ ဒဏ်ခတ်အရေးယူရန် ခြိမ်းခြောက်မှုများသည် ခုခံမှုများကို ချေမှုန်းလိုသည့် ဗိုလ်ချုပ်ကြီးများ၏ သဘောထားကို ယိမ်းယိုင်သွားအောင် မစွမ်းသာခဲ့ပေ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအတွက် ဆိုလျှင်လည်း တရုတ် သို့မဟုတ် ရုရှားက ဒဏ်ခတ်မှုများကို မထောက်ခံသဖြင့် ကောင်စီ၏လုပ်နိုင်စွမ်းမှာ ဂိတ်ဆုံးသို့ ရောက်သွားပြီဖြစ်သည်။ စစ်တပ်နှင့် အပြိုင် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရအုပ်စု (CRPH) ရှိနေသော်လည်း တရုတ်လက်ထဲသို့ မြန်မာနိုင်ငံ လုံးလုံးလျားလျား ကျရောက်သွားမည်ကို ကြောက်ရွံ့စိတ်ကြောင့် ထိုအုပ်စုကို မည်သည့်အဖွဲ့အစည်းကမှ အသိအမှတ်ပြုမည့်ပုံ မတွေ့ရပေ။

ရုရှားနှင့် တရုတ်တို့၏ သြဇာ ကြီးထွားလာနေသည့်  အာရှပထဝီနိုင်ငံရေး ဗဟိုကျမှု ခေတ်သစ်တွင် အနောက်အင်အားစုများ၏ လုပ်နိုင်စွမ်းမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်ကို မြန်မာ့အကျပ်အတည်းက မီးမောင်းထိုးပြနေသည်။

အမေရိကန်၏ ကြားဝင်စွက်ဖက်မှု မူဝါဒကို ဝေဖန်ရေးသားလေ့ရှိသူ အဲလ်ဖရက် မက်ကွိုင် က သူ၏ ဆောင်းပါးတစ်ပုဒ်၌ တရုတ်ကို ထိန်းချုပ်ရန် အမေရိကန်၏ အားထုတ်မှုအား ၁၉၅၆ ခုနှစ်တွင် ဗြိတိသျှနှင့် ပြင်သစ်တို့ ပူးပေါင်းပြီး စူးအက်တူးမြောင်းအား တိုက်ခိုက်မှုအပေါ် ဗြိတိန်၏လွှမ်းမိုးမှု ကာလရှည်ကြာ ရှိနေအောင် အချည်းနှီးအားထုတ်မှုနှင့် နှိုင်းယှဉ်ပြထားသည်။

ယခုတစ်ကြိမ်၌ မတူသည့်အချက်မှာ မြန်မာစစ်တပ်အား စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ရန် ရည်ရွယ်စဉ်းစားသူ လက်ရှိအချိန်အထိ တစ်ယောက်မျှ မရှိသေးခြင်း ဖြစ်သည်။ တကယ်တမ်းတွင် မြန်မာ စစ်တပ်ခေါင်းဆောင်များသည် အိမ်နီးချင်းနိုင်ငံများထံမှ ရရှိထားသည့် ထောက်ခံအားပေးမှုနှင့် အတူ အဆင်ပြေနေကြသည့် သဘော ရှိသည်။

ထို့အပြင် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးက မြန်မာကို “ယုံကြည်ရသောမဟာမိတ်” အဖြစ် ချီးမွမ်းခန်းဖွင့်သည်ကို ကြည့်ခြင်းအားဖြင့်လည်း ဆီးရီးယားပြည်တွင်းစစ်ကို အသုံးချကာ အရှေ့အလယ်ပိုင်းတွင် ခြေကုပ်ယူပြီး ထိုမှုတစ်ဆင့် ဒေသတွင်း စစ်ရေးနှင့် သံတမန်ရေးရာ စစ်ဆင်ရေးများ ဆောင်ရွက်နေသည့် ရုရှား၏ လုပ်ရပ်များသည် မသိမသာ ထင်ဟပ် ပေါ်လွင်လာနေပြီ ဖြစ်ပေသည်။

မှတ်ချက် ။ ။ Asia Times တွင်ဖော်ပြထားသည့် “The geopolitics of Myanmar’s black swan coup” ကို ကောက်နုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ဆောင်းပါးရှင် မိုက်ကယ် ဗာတီကီအိုတစ်သည် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးစင်တာ၏ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပြီး “Blood and Silk: Power and Conflict in Modern Southeast Asia” စာအုပ်ကို ရေးသား ထုတ်ဝေထားသူလည်း ဖြစ်သည်။

ဗီဒီယိုများ