မြန်မာ့ပဋိပက္ခမှာ အသုံးတော်ခံနေတဲ့ တရုတ်လုပ်ဒရုန်းတွေ

မြန်မာ့လေတပ်သည် လေကြောင်းထိုးစစ်များ အားလုံးနီးပါးတွင် တရုတ်လုပ် လေကြောင်း ကာကွယ်ရေးစနစ်များကို မှီခိုနေရသည်။ ရုရှားထုတ် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုလည်း အသုံးပြုသည်။ မကြာသေးမီက တိုင်းရင်းသားပြည်နယ်များရှိ အရပ်သားဧရိယာများအား တိုက်ခိုက်ရာတွင် အဆိုပါရဟတ်ယာဉ်များ အသုံးပြုခဲ့သည်။

By Foreign Desk 17 May 2021

တရုတ် စစ်ရေးပြအခမ်းအနား တစ်ခုတွင် CH-3A ဒရုန်းတစ်စင်းအား ပြသထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook)

DMG  (ဘာသာပြန်ဆောင်းပါး)

မြန်မာစစ်တပ်သည် ဒီမိုကရေစီအရေး ဆန္ဒဖော်ထုတ်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်များအား မဟာဗျူဟာအရ အသာစီးယူရန် ကြိုးပမ်းသည့် အချိန်မျိုး၌ တစ်ခါတစ်ရံ တရုတ်လုပ်ဒရုန်းများ စေလွှတ်ပြီး မြေပြင်အခြေအနေကို လေ့လာကာ ဖြိုခွဲမည့်ပစ်မှတ်များ ရှာဖွေလေ့ရှိသည်။

မကြာသေးမီက မန္တလေးတွင် မြန်မာစစ်တပ်၏ စနိုက်ပါများ ပစ်ခတ်မှုကြောင့် CDM ဆန္ဒပြသမား အများအပြား သေဆုံးခဲ့ရသည့် ကာလတစ်လျှောက် ဒရုန်းပျံသန်းမှုများ မြင်တွေ့ခဲ့ရသည်။ စနိုက်ပါများသည် ဒရုန်းများဖြင့် သတင်းအချက်အလက် စုဆောင်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်း (ISR) များ ဆောင်ရွက်ကာ တိကျသော ဖြိုခွင်းမှုများ လုပ်နိုင်ကြသည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။

မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ကချင်နှင့် ကရင်ပြည်နယ်များတွင်လည်း ဒရုန်းများကို တွေ့ရသည်။ ထိုဒေသများတွင် ရွာသားများ အလုံးအရင်းနှင့် ထွက်ပြေးနေရသဖြင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းများ ရှိနေသည်။

မြန်မာစစ်တပ်က ဆန္ဒပြသူများအား ဖိနှိပ်ရာတွင် တရုတ်လုပ်ဒရုန်းများ အသုံးပြုနေသည့် အချက်အလက်များ ထွက်ပေါ်လာခြင်းသည် မြန်မာစစ်တပ်အား တရုတ်က ကူညီနေသည်ဟု ယူဆထားကြသည့် CDM သမားများ အတွက် တရုတ်အပေါ် မကျေနပ်စရာ ပိုတိုးလာစေခဲ့သည်။

အဆိုပါ မောင်းသူမဲ့ယာဉ် (UAV) များသည် တရုတ်မှထုတ်လုပ်သည့် CH-3A အမျိုးအစားဖြစ်ကြောင်း ယူကေအခြေစိုက် Janes International Defense Review နှင့် ဝါရှင်တန်အခြေစိုက် Center for Strategic and International Studies (CSIS) အကြံပေးအဖွဲ့ နှစ်ဖွဲ့လုံးက အတည်ပြုထားသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်စခန်းတွင် CH-3A ဒရုန်းများ ရှိနေသည်ကို CSIS က မေလ ၆ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဂြိုလ်တုစလောင်းမှ ရိုက်ကူးသောပုံများဖြင့် အတည်ပြုထားသည်။

CH-3A ဒရုန်းများသည် ဂြိုလ်တုဒေတာများဖြင့် ချိတ်ဆက် တပ်ဆင်ထားပြီး ဒုံးကျည်များအပါအဝင် ကီလိုဂရမ် ၁၈၀ အထိ သယ်ဆောင်နိုင်သည်။ ၉၆၀ ကီလိုမီတာ ပတ်လည်အထိ သွားနိုင်ပြီး မောင်းသူမပါဘဲ ခြောက်နာရီကြာ ပျံသန်းနိုင်စွမ်း ရှိသည်။ ဤဒရုန်းများသည် ဝေဟင်မှ မြေပြင်ပစ် AR-1 ဒုံးကျည်များ၊ YC-200 ပဲ့ထိန်းဗုံးများ ပစ်ခတ်နိုင်စွမ်းရှိသည်။

CH-3A များကို တရုတ်အစိုးရပိုင် လေကြောင်းသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) ၏ ဌာနခွဲ China Aerospace Long-March International က ထုတ်လုပ်ခြင်း ဖြစ်သည်။

နိုင်ငံတကာက မြန်မာနိုင်ငံနှင့် လက်နက်အရောင်းအဝယ် ပြုလုပ်မှုကို ကုလသမဂ္ဂက ချက်ချင်း တားမြစ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးသည် တောင်းဆိုထားသည်။

သို့သော် မြန်မာကို လက်နက်အရောင်းအဝယ် တားဆီးရေးအတွက် အနောက်နိုင်ငံများက လုံခြုံရေးကောင်စီတွင် တောင်းဆိုမှုကို တရုတ်နိုင်ငံသည် ဗီတိုအာဏာသုံးပြီး ပယ်ချထားဆဲ ဖြစ်သည်။ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းဌာနကလည်း မြန်မာ့အာဏာသိမ်းမှုအား “အစိုးရအဖွဲ့အား အကြီးစား ပြင်ဆင်ဖွဲ့စည်းခြင်း” အဖြစ်သာ ဖော်ပြသည်။

မြန်မာစစ်တပ်အား တရုတ်က လက်နက်ရောင်းခြင်းသည် အသစ်အဆန်းကိစ္စတော့ မဟုတ်ပေ။ ၂၀၁၄ နှင့် ၂၀၁၅ ကာလများတွင် တရုတ်သည် ရှမ်းတဲလေတပ်စခန်းသို့ CH-3A ဒရုန်း ဒါဇင်နှင့်ချီ တင်ပို့ခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး အင်စတီကျူ (SIPRI) က သုတေသနပြုထားသည့် အချက်အလက်များအရ သိရသည်။ ထိုစဉ်က ဝယ်ယူမှုများသည် တိုင်းရင်းသားလက်နက်ကိုင်များအား စစ်ဆင်ရေး ပြုလုပ်ရာတွင် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

CH-3A ဒရုန်းများကို ကချင်တွင် အသုံးပြုခဲ့သည်ကို သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။ တပ်မတော်သည် ရခိုင်တွင် ဖြစ်ပွားသော အေအေနှင့် တိုက်ပွဲများ၌ မြေပြင်အခြေအနေများ သိရှိရန် ဒရုန်းများကို အသုံးပြုခဲ့ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ၂၀၂၀ ဇန်နဝါရီလအတွင် Myanmar Now သတင်းဌာနကို ဖြေကြားထားသည်။ သို့သော်လည်း တိုက်ပွဲများတွင် အသုံးပြုခြင်း ရှိမရှိကိုမူ သူက အတည်မပြုပေ။

 “လိုအပ်လာရင်တော့ သုံးမှာပေါ့ဗျာ၊ စစ်တိုက်တာပဲဗျာ၊ နိုင်အောင်တိုက်ကြမှာပေါ့” ဟု ဗိုလ်မှူးကြီးက ထိုစဉ်က ဖြေကြားခဲ့သည်။

အလားတူ တိုက်ပွဲဝင် ဒရုန်းများကို တရုတ်သည် အယ်ဂျီးရီးယားနိုင်ငံသို့လည်း ရောင်းချထားသည်။ ထပ်မံအဆင့်မြှင့်ထားသည့် CH-4 အား ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အီဂျစ်၊ နိုင်ဂျီးရီးယားနှင့် အီသီယိုးပီးယား နိုင်ငံများရှိ လေတပ်များတွင်လည်း အသုံးပြုကြသည်။ သို့သော်လည်း ထိုနိုင်ငံများတွင် ဆန္ဒပြပွဲများ သို့မဟုတ် လူထုလှုပ်ရှားမှုများကို စောင့်ကြည့်ရန် အဆိုပါဒရုန်းများ အသုံးပြုသည်ကိုတော့ မတွေ့ရပေ။

မြန်မာ့လေတပ်သည် လေကြောင်းထိုးစစ်များ အားလုံးနီးပါးတွင် တရုတ်လုပ် လေကြောင်း ကာကွယ်ရေးစနစ်များကို မှီခိုနေရသည်။ ရုရှားထုတ် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုလည်း အသုံးပြုသည်။ မကြာသေးမီက တိုင်းရင်းသားပြည်နယ်များရှိ အရပ်သားဧရိယာများအား တိုက်ခိုက်ရာတွင် အဆိုပါရဟတ်ယာဉ်များ အသုံးပြုခဲ့သည်။

လက်ရှိတွင် မြန်မာစစ်တပ်သည် Nancang Q-5 မြေပြင်တိုက်ခိုက်ရေး တိုက်လေယာဉ်များ အသုံးပြုပြီး လေကြောင်းမှ တိုက်ခိုက်မှုများ ဆောင်ရွက်သလို Chengdu J-7 နှင့် Shenyang J-6 တိုက်လေယာဉ်များ၊ Y-8 အလတ်စား သယ်ပို့လေယာဉ်များလည်း အသုံးပြုသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၀ မှ ၂၀၁၉ အထိ လက်နက်တင်ပို့မှုများတွင် ၅၆ ရာခိုင်နှုန်းသည် တရုတ်မှဖြစ်ကာ ရုရှားမှ ၃၁.၆ ရာခိုင်နှုန်းနှင့် အခြားသောနေရာများမှ ၁၂ ရာခိုင်နှုန်းရှိကြောင်း SIPRI ၏ သုတေသန တစ်ခုအရ သိရသည်။ ထို ၁၂ ရာခိုင်နှုန်းတွင် ယူကရိန်း၊ မြောက်ကိုရီးယားနှင့် အစ္စရေးနိုင်ငံများလည်း ပါဝင်သည်။ ၂၀၁၀ မှ ၂၀၁၉ အထိ လက်နက်ဝယ်ယူမှု ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလျံခွဲကျော်ဖိုး ရှိကြောင်း အဆိုပါ သုတေသနက ဖော်ပြသည်။

SIPRI ၏ အချက်အလက်များတွင် အဓိက စစ်သုံးပစ္စည်းများဖြစ်သည့် တိုက်လေယာဉ်၊ သံချပ်ကာကား၊ လက်နက်ကြီး၊ ရေဒါစနစ်၊ ဒုံးကျည်နှင့် စစ်သင်္ဘောတို့ ပါဝင်သည်။ သေနတ်၊ လက်နက်ငယ်၊ ထရပ်ကား၊ ခဲယမ်းမီးကျောက်၊ ပစ္စည်းကိရိယာများ၊ နည်းပညာ လွှဲပြောင်းပေးအပ်ခြင်းများနှင့် အခြားဝန်ဆောင်မှုများ မဖော်ပြထားပေ။

တစ်ပြိုင်တည်းတွင် ဒရုန်းများ၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းကာကွယ်ရေး စနစ်များသည်လည်း UWSA ‘ဝ’ တပ်ဖွဲ့၏ လက်ထဲတွင် ရောက်ရှိနေသည်။ ‘ဝ’ တပ်သည် မြန်မာ့ပြည်တွင်းစစ်တွင် တရုတ်က ကြိုးကိုင်ထားသည့် တပ်ဖွဲ့ဟု အများက ယူဆကြသည်။

 ‘ဝ’ တပ်သည် တပ်မတော်နှင့် လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်များအား လက်နက်ထောက်ပံ့သည်ဟု အများက ယူဆကြသည်။ သို့သော် ‘ဝ’ သည် လက်ရှိ အာဏာသိမ်းမှုအပေါ် ကွဲပြားသော သဘောထားအမြင်  မပြောထားပေ။ ဤအချက်သည် ထောက်ခံသည့်သဘောဟု အချို့က ယူဆသည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် တရုတ်က တပ်မတော်အား အထောက်အပံ့အသစ်များ ထပ်ပေး မပေး ရှင်းရှင်းလင်းလင်း မသိရပေ။ မြန်မာစစ်တပ်၏ လက်နက်ဝယ်ယူမှုသည် ၂၀၁၁ တွင် အမေရိကန်ဒေါ်လာ ၆၆၇ သန်းဖိုးအထိ မြင့်တက်ခဲ့သည်။ တိုက်ဆိုင်မှုတစ်ခုမှာ ထိုကာလသည် တပ်မတော်က အနောက်နှင့် ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းသည့်ကာလဖြစ်နေသည်။ ထိုကာလတွင် သတင်းလွတ်လပ်ခွင့် မြင့်တက်လာခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာ လွတ်မြောက်လာခြင်း၊ NLD အပါအဝင် နိုင်ငံရေးပါတီများအား ထောက်ပံ့ကြေးများ ပေးအပ်ခြင်းမျိုးအထိ ရှိခဲ့သည်။

ဤ ကပြား ဒီမိုကရေစီ အစောပိုင်းကာလများ၌ မြန်မာနိုင်ငံတွင် ရှိခဲ့သည်မှာ အနောက်တိုင်းမှ လေ့လာသူများ မျှော်လင့်သလို ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းသည့်ဖြစ်စဉ် မဟုတ်ခဲ့ပေ။ လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း နေရာယူထားပြီး အဓိကကျသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများကိုလည်း စစ်တပ်က ထိန်းချုပ်ကာ အာဏာဆက်လက် ဆုပ်ကိုင်ထားသည့် စစ်အုပ်ချုပ်ရေး ပုံစံသစ်သာ ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအား လွှတ်တော်တွင်းမှ ပြင်ဆင်ရန် ကြိုးပမ်းခဲ့သည့် NLD ၏ အားထုတ်မှုများသည်လည်း တပ်မတော်က ဖွဲ့စည်းပုံအရ ရရှိထားသည့် ဗီတိုအာဏာ ပုံစံကြောင့် မအောင်မြင်ခဲ့ပေ။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရရှိချိန်၌ စစ်တပ်သည် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာကို ထိန်းသိမ်းလိုက်သည်။ NLD ၏ အောင်မြင်မှုအား တပ်မတော်ကြီးစိုးထားသည့် နိုင်ငံရေး အခင်းအကျင်းကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှုမြင်သည်။

အနောက်အုပ်စု၏ ဝိုင်းပယ်မှုကို ခံရသည့် တပ်မတော်သည် အထီးကျန်လာချိန်၌ တရုတ်၏ အထောက်အပံများဘက်သို့ တစ်ကျော့ပြန် လှည့်လာပြီဖြစ်သည်။ သို့သော် အရပ်သားအစိုးရအား ဖြုတ်ချမှု သုံးလခွဲခန့် ရှိလာပြီဖြစ်သော်လည်း စစ်တပ်အတွက် နိုင်ငံတော်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

နိုင်ငံကို အပြည့်အဝ မထိန်းချုပ်နိုင်သည့် အချက်သည် တရုတ်အစိုးရဘက်က မြန်မာနိုင်ငံတွင် မဖြစ်စေချင်ဆုံး အရာဖြစ်သည်။ သို့သော် တပ်မတော်က ပဋိပက္ခများတွင် တရုတ်လုပ်ဒရုန်းများနှင့် လက်နက်များ အသုံးပြုနေသရွေ့ ဘေကျင်းအစိုးရသည် ဒေသတွင်းအကျိုးစီးပွားကို အန္တရာယ်ဖြစ်စေသော မြန်မာ့ပဋိပက္ခတွင် ဒရွတ်တိုက် ပါနေဦးမည်သာ ဖြစ်ပေသည်။

မူရင်း - ‘Chinese drones a killer eye in the sky in Myanmar’ by Bertil Lintner and Shawn W. Crispin, ASIA TIMES

ဗီဒီယိုများ