မြန်မာ့အကျပ်အတည်း အဖြေရှိနေကြပြီလား

နောက်တစ်ခုက ဒီနေ့နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ အဓိက ပင်မပြဿနာဖြစ်တဲ့ ဖက်ဒရာယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ပြီး နိုင်ငံအတွင်းအရှည်ကြာဆုံးဖြစ်တဲ့ လက်နက်ကိုင် တော်လှန်ရေး ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ ကြိုးစားရမယ့်ကာလလို့ မြင်ပါတယ်။ NUG အစိုးရအဖွဲ့အနေနဲ့ နိုင်ငံအတွင်း တရားဝင်မှုကိုရရှိဖို့ လိုအပ်နေသေးသလို အဲဒီတရားဝင်ဖို့ကလည်း တိုင်းရင်းသား ပြည်နယ်တွေက လက်ခံဖို့ အရေးကြီးပါတယ်။ ထိုနည်းတူ ဒီတရားဝင်မှုကို ရရှိနိုင်ဖို့ ပြည်နယ် တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးဖြစ်တည်မှုသန္ဓေကို NUG အနေနဲ့ အပြည့်အဝလက်ခံဖို့ လိုအပ်ပါတယ်။

By မင်းထီး 07 May 2021

DMG ၊ မေ ၇

မင်းထီး ရေးသားသည်

မြန်မာနိုင်ငံရဲ့ တတိယအကြိမ် အထွေထွေရွေးကောက်ပွဲရလဒ်ကို စစ်တပ်ကလက်မခံတာကြောင့် မဲမသမာမှု အကြောင်းပြချက်နဲ့ အနိုင်ရပါတီလည်းဖြစ် အစိုးရဖွဲ့ထားတဲ့ပါတီလည်းဖြစ်တဲ့ NLD ပါတီ ခေါင်းဆောင်များနဲ့ မြန်မာနိုင်ငံဗဟိုအစိုးရတစ်ဖွဲ့လုံးကို ဖမ်းဆီးပြီး  နိုင်ငံ့အာဏာကို ၁/၂/၂၀၂၁ ရက် နေ့က သိမ်းယူခဲ့ပါတယ်။ အခုဆိုရင် နိုင်ငံအာဏာကို သိမ်းယူခဲ့တာ ရက်ပေါင်း တစ်ရာနီးလာတဲ့အထိ နိုင်ငံအဝှမ်း လူထုဆန့်ကျင်လှုပ်ရှားမှုများနဲ့ ရင်ဆိုင်နေရပြီး စစ်တပ်ကဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အုပ်ချုပ်ရေးဟာ ယိမ်းယိုင်နေတုန်းလည်းဖြစ်ပါတယ်။

လူထုဆန့်ကျင်လှုပ်ရှားမှုတွေကို စစ်တပ်ကအကြမ်းဖက်နှိမ်နင်းခဲ့ခြင်းကြောင့် ဆန္ဒပြအရပ်သားလူထု ရှစ်ရာကျော် သေဆုံးခဲ့ရပြီး လူပေါင်းသုံးထောင်ကျော် အဖမ်းခံထားရတဲ့အထိ မြန်မာစစ်ကောင်စီက ချေမှုန်းခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း လူထုဘက်က ဆန္ဒပြလှုပ်ရှားမှုများရှိနေဆဲ ဖြစ်သလို စစ်ကောင်စီဘက်ကလည်း နှိမ်နင်းနေဆဲပါ။ လူထုဆန္ဒထုတ်ဖေါ်မှုကနေတစ်ဆင့် လက်ရှိအချိန်မှာ မြို့တွင်းဗုံးပေါက်ကွဲမှုများအထိ ဖြစ်လာနေတာကိုတွေ့ရပြီး ဒါဟာမြို့တွင်းအကြမ်းဖက်မှုဘက်ကို ဦးတည်လာနေတယ်လို့ ဆိုရမှာပါ။

ဒီပဋိပက္ခကိုဖြေရှင်းဖို့ နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီဘက်က ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ မတွေ့ရသေးသလို လူထုဘက်ကလည်း ဖြေရှင်းနိုင်မယ့်နည်းလမ်းကို မတွေ့ရသေးဘဲ ပဋိပက္ခဟာ ထိပ်တိုက်တွေ့မှု့နဲ့ ရှေ့ဆက်သွားနေဆဲ ဖြစ်ပါတယ်။ တစ်ခြားတစ်ဘက်မှာလည်း ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များဖြစ်တဲ့ KIA , KNU တပ်ဖွဲ့များနဲ့လည်း ထိပ်တိုက်တွေ့ဆုံမှုများရှိနေပြီး တိုက်ပွဲများပြင်းထန်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီဥက္ကဌလည်းဖြစ် အာဏာသိမ်းခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီလအတွင်းက မြန်မာနိုင်ငံအတွက်အထူးအစည်းအဝေးအဖြစ် ခေါ်ယူကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပေမဲ့ ဒေသတွင်းအသိုင်းအဝိုင်း (အာဆီယံ) ရဲ့ ဖိအားတချို့ကို ရင်ဆိုင်ခဲ့ရပြီး ကတိငါးခုကို လက်ခံလာခဲ့ရတာပါ။ ဒီကတိငါးချက်ဟာ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ စတင်တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာတဲ့ အကူအညီများပေးရေး၊ အာဆီယံ အထူးသံတမံခန့်အပ်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆိုပြီး လူမှူကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပေမယ့် စစ်ကောင်စီဘက်က မီဒီယာတွေမှာ ထုတ်ဖေါ်ပြောဆိုတာမျိုးတော့ မတွေ့ရသေးပါဘူး။

ဒီအချက်တွေသာ သဘောတူညီချက်မှန်ကန်ခဲ့တယ်ဆိုရင် ဒါဟာ ဒီနိုင်ငံပဋိပက္ခရဲ့ အဖြေလားဆိုတာ ပြန်လည်မေးမြန်းရတော့မှာဖြစ်ပါတယ်။ လက်ရှိအာဏာသိမ်း အကြမ်းဖက်ဆန့်ကျင်လှုပ်ရှားမှုကို ပြန်ကြည့်ရင် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အစိုးရအဖွဲ့ကို ပြန်လွှတ်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို သွားမလားဆိုတာ စဉ်းစားစရာပါ။ တစ်ကယ်လို့ စစ်ကောင်စီဘက်က ထွက်ပေါက် တစ်ခုအနေနဲ့ ဒီလမ်းကို ရွေးချယ်ခဲ့ရင် ဒါဟာ ဒီနိုင်ငံရေး အဖြေအတွက် ယုတ္တိမရှိဘူးလို့ ဆိုရမှာပါ။ ဒါမှမဟုတ် CRPH ကနေဖွဲ့စည်းထားတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်တဲ့အထိကလည်း NUG ဟာ ဒီလိုတာဝန်ခံဆွေးနွေးဖို့အထိ လုံလောက်တဲ့ အရင်းအမြစ် ပြည့်စုံပါရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက လူထုဆန့်ကျင်လှုပ်ရှားမှုများကို အကြမ်းဖက်လိုက်ခြင်းဟာ တွေ့ဆုံဆွေးနွေးအဖြေရှာရေး အခြေအနေထက် ကျော်လွန်သွားပြီလို့ စာရေးသူ အနေနဲ့ သုံးသပ်ပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံကို ပြည်နယ်အလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည်အဝအာမခံတဲ့ ဖက်ဒရာယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို လက်မခံလို့ ၂၀၀၈ ခြေဥကို ရေးဆွဲပြဌာန်းခဲ့တဲ့ စစ်တပ်ဟာ လက်ရှိအချိန်မှာ ၂၀၀၈ ခြေဥကိုဖျက်သိမ်းကြောင်း ကြေညာထားတဲ့ NUG နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့အချက်က သံသယဖြစ်စရာဖြစ်ပါတယ်။

ဒီတွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုကော အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင့်လှုပ်ရှားမှုကြောင့် အထိနာနေတဲ့ (Generation-Z) နောက်ဆုံး မျိုးဆက်အုပ်စုကကော လက်ခံနိုင်မလားဆိုတာ စဉ်းစားစရာလို့မြင်ပါတယ်။ တစ်ဖက်မှာ နိုင်ငံတော်အာဏာကို သိမ်းယူကတည်းက တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့ ကတိပေးထားတဲ့ စစ်ကောင်စီအနေနဲ့ လက်ရှိပဋိပက္ခကို ဒီအတိုင်း ကျော်လွှားဖို့ ဆုံးဖြတ်ပါက ဖြစ်ပွားခဲ့တဲ့ ကျူးလွန်မှုတွေအားလုံးကို တာဝန်ခံနိုင်ဖို့ အလွန်ခက်ပါလိမ့်မယ်။

နောက်တစ်ခုက ဒီနေ့နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ အဓိက ပင်မပြဿနာဖြစ်တဲ့ ဖက်ဒရာယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ပြီး နိုင်ငံအတွင်းအရှည်ကြာဆုံးဖြစ်တဲ့ လက်နက်ကိုင် တော်လှန်ရေး ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့ ကြိုးစားရမယ့်ကာလလို့ မြင်ပါတယ်။ NUG အစိုးရအဖွဲ့အနေနဲ့ နိုင်ငံအတွင်း တရားဝင်မှုကိုရရှိဖို့ လိုအပ်နေသေးသလို အဲဒီတရားဝင်ဖို့ကလည်း တိုင်းရင်းသား ပြည်နယ်တွေက လက်ခံဖို့ အရေးကြီးပါတယ်။ ထိုနည်းတူ ဒီတရားဝင်မှုကို ရရှိနိုင်ဖို့ ပြည်နယ် တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးဖြစ်တည်မှုသန္ဓေကို NUG အနေနဲ့ အပြည့်အဝလက်ခံဖို့ လိုအပ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး ကိုဗစ်ကြောင့် စီပွားရေး ညက်ညက်ကြေနေတဲ့ မြန်မာနိုင်ငံ အနာဂတ်ကို တည်ဆောက်ဖို့နဲ့ ကိုဗစ်တတိယလှိုင်းကို ကာကွယ်ဖို့နဲ့ စဉ်းစားဖို့ဆိုတာ မြန်မာနိုင်ငံအတွက် အခက်ခဲဆုံးစိန်ခေါ်မှုဖြစ်လာတော့မှာဖြစ်ပါတယ်။ တစ်ဖက်မှာ နိုင်ငံစီးပွားရေး ကျပ်တည်းနေချိန် စစ်အာဏာသိမ်းယူမှုကြောင့် နိုင်ငံတကာက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို လုပ်လာတာဟာ မြန်မာနိုင်ငံအတွက်ကောင်းတဲ့ နိမိတ်မဟုတ်ဘူးလို့ မြင်ပါတယ်။

နိုင်ငံကို ဒုတိယအကြိမ်အာဏာသိမ်းယူခဲ့စဉ်က စစ်တပ်ကိုအကာအကွယ်ပေးကာ တောက်လျှောက် ကူညီပေးခဲ့ပြီး နိုင်ငံအတွင်းက သစ်တော၊ ကျောက်မျက်ရတနာများစွာ၊ ရေနံနဲ့ဂတ်စ်လို သယံဇာတမျိုးစုံကို အာဏာရှင်နဲ့ ပူးပေါင်းပြီး ပြဲပြဲစင်အောင် ထုတ်ယူခဲ့တဲ့ တရုတ်ဟာ ဒီတစ်ကြိမ်မှာ ဘယ်လိုမူဝါဒမျိုးချမှတ်မလဲဆိုတာကလည်း စောင့်ကြည့်ကြရမှာပါ။ ပြီးခဲ့တဲ့လက ရွှေပြည်သာမြို့နယ်မှာ တရုတ် အထည်ချုပ်စက်ရုံတချို့  မီးလောင်မှုဟာ လက်သည်တရားခံ ဘယ်သူဆိုတာထက် လက်ရှိ မြန်မာနိုင်ငံစစ်တပ်ကအာဏာသိမ်းယူမှုကို ဆန့်ကျင်မှုဖြစ်စဉ်အတွင်း ဖြစ်ပွားခဲ့တဲ့အတွက် တရုတ်အတွက် ဒီအာဏာသိမ်းမှုမှာ စစ်တပ်ဘက်ကို  သိသိသာသာကြီး ထောက်ခံမလားဆိုတာ ခုထိတော့ မမြင်ရသေးပါဘူး။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွင်းက စစ်အာဏာရှင်များကို ခေတ်အဆက်ဆက် အကာအကွယ် ပေးထားခဲ့သလို မြန်မာစစ်တပ်ကိုလည်း ဩဇာရှိခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို အကာအကွယ်ပေးနေခြင်းဟာ သူ့မျှော်မှန်းချက်ဖြစ်တဲ့ စူပါပါဝါအတွက် အင်အားကြီးအနောက်နိုင်ငံ အုပ်စုတွေရဲ့ လွှမ်းမိုးမှုကို ကာကွယ်နေတာဆိုပေမယ့်  မြန်မာလူထုကတော့ တရုတ်ရဲ့ ရပ်တည်မှုကို သဘောမတွေ့ကြပါဘူး။ လက်ရှိအချိန်မှာ တရုတ်အနေနဲ့ စစ်ကောင်စီကို အကာအကွယ်ပေးနေခြင်းဟာ သူ့အကျိုးစီးပွားကို ကာကွယ်နေတာဆိုပေမယ့်လည်း ဒီနေ့အထိ မြန်မာနိုင်ငံပဋိပက္ခဖြေရှင်းနိုင်ရေး သဘောထားကိုတော့ ယေဘုယျဆန်ဆန်သာ ထုတ်ပြန်နေတာ တွေ့ရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းကာလ သုံးလကျော်လာတဲ့အထိ သူ့အုပ်ချုပ်ရေးယန္တရားကို လည်ပတ်လို့မရနိုင်သေးသလို ခဏငြိမ်နေခဲ့တဲ့ လူထုဆန္ဒဖေါ်ထုတ်မှုကလည်း ယခုလဆန်းပိုင်းမှာ ပြန်လည် နိုးထလာတာကို တွေ့ရပါတယ်။ မေလမှာ အဆင်မြင့်ပညာရေးကျောင်းများကို ဖွင့်လှစ်ဖို့ကြေညာထားတာကိုတွေ့ရပြီး ဇွန်လဆန်းပိုင်းမှာတော့ ကိုဗစ်ကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့  အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်မယ်လို့ စစ်ကောင်စီဘက်က ကြေညာထားတာကို တွေ့ရပါတယ်။ မြန်မာပြည်တစ်လျှောက် CDM ဝင်ထားတဲ့ ပညာရေးဝန်ထမ်းတွေ  စစ်ကောင်စီကပေးအပ်တဲ့ တာဝန်တွေကို ဘယ်လောက်ထိ ပြန်လည်ထမ်းဆောင်ကြမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

NUG အစိုးရဘက်ကတော့ CDM ဝင်နေကြတဲ့ ဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့စရိတ် ရရှိထားပြီဖြစ်ကြောင်း ကြေညာထားတာကို တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဧပြီလကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကျောင်းသားတွေကို တစ်နှစ်နှစ်တန်း အောင်ရမယ်လို့ ရှင်းလင်းဖြေကြားထားတာကိုတွေ့ရမှာပါ။ ဒီမက်လုံးတွေဟာ ဘယ်လောက်အလုပ်ဖြစ်မယ်ဆိုတာ မကြာခင်တော့ မြင်တွေ့နိုင်တော့မှာပါ။ ပုံမှန်အားဖြင့် စာသင်ချိန် တစ်နှစ်အတွင်း ရှစ်လရှိနေပြီး တစ်နှစ်မှာနှစ်တန်း ဘယ်လိုသင်ကြမလဲဆိုတာကတော့ သူတို့မှာရေးဆွဲထားတဲ့ ပညာရေးသင်ရိုးညွှန်းတမ်း မူဝါဒကိုကြည့်ပြီးမှ သိကြရမယ်ထင်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီကြေညာထားတဲ့အတိုင်း စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ရင်တော့ လက်ရှိပဋိပက္ခမှာ စစ်ကောင်စီဘက်က အောင်မြင်သွားတယ်လို့ဆိုရမှာပါ။ ဆိုတော့ လက်ရှိ စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်ရေးဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ တစ်နိုင်ငံလုံး နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကိုယ်စားလှယ်အနိုင်ရရှိခဲ့တဲ့ နိုင်ငံရေးပါတီ ၁၆ ခုရှိပါတယ်။ မှတ်ပုံတင်ပြီးသား နိုင်ငံရေးပါတီအားလုံးအနက် မြန်မာနိုင်ငံကို အာဏာသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီက ခန့်အပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခေါ်ယူပြုလုပ်ခဲ့တဲ့ အစည်းအဝေးသို့ နိုင်ငံရေးပါတီပေါင်း ၅၃ ခုက တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီနိုင်ငံရေးပါတီအားလုံးဟာ စစ်တပ်ရဲ့ မဟာမိတ်တွေလို့ မပြောနိုင်ပေမယ့် စစ်တပ်ကအာဏာသိမ်းယူခဲ့မှုကို ဘယ်လိုတုန့်ပြန်မှုမျိုးမှ မတွေ့ရပါဘူး။

တစ်နည်းအားဖြင့် ဒီနိုင်ငံရေးပါတီအားလုံးဟာ စစ်တပ်ကပေးထားတဲ့ကတိအတိုင်း တစ်နှစ်အတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်ခံထားပြီးသား ဖြစ်တယ်ဆိုတာကိုတော့ လုံးဝငြင်းလို့မရနိုင်တော့ပါဘူး။ လက်ရှိ တင်းမာနေတဲ့ အခြေအနေအရ စစ်ကောင်စီကကြေညာထားတဲ့ တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်နိုင်ရေးဟာ လွယ်ကူချောမွေ့ဖို့ အလွန်ခက်ခဲမယ်ထင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပေးထားချက်ကတော့ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနှစ်နှစ်အထိ ရွေးကောက်ပွဲမလုပ်ဘဲ အာဏာသိမ်းအဖွဲ့ကို ပြင်ဆင်ခွင့်ပေးထားတာကို တွေ့ရပါတယ်။ နှစ်နှစ်အတွင်း ရွေးကောက်ပွဲကို မလုပ်နိုင်ဘူးဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ စစ်ကောင်စီဟာ စစ်တပ်သဘောကျရေးဆွဲခဲ့တဲ့ ဒီခြေဥကိုအပျက်ခံပြီး အာဏာရှင်သက်တမ်းကို ဆွဲခေါ်သွားမလားဆိုတာတော့ မသိနိုင်ပါဘူး။

၂၀၀၈ ခြေဥနဲ့ ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးခြင်းဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပြေလည်စေနိုင်မယ့် နည်းလမ်းမဟုတ်ဘူးဆိုတာတော့ သေချာပြီးသားပါ။ ဆိုတော့ ဒီအချိန်မှာ တိုင်းရင်းသားတွေအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လိုအဖြေရှာကြမလဲဆိုတာ ဒီနေ့ထိ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဘက်ကမှ အသံထွက်လာတာ မတွေ့ရသေးပါဘူး။ တိုင်းရင်းသားပြည်နယ်တွေ တောင်းဆိုနေတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပြည်နယ်များအလိုက် ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်ကိုအခြေခံတဲ့ ဖက်ဒရာယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးပြဿနာကို ဖြေရှင်းနိုင်ခြင်းကသာ သက်တမ်းရှည်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးကို အဆုံးသတ်နိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်တပ်ကအာဏာသိမ်းမှုကို ကာကွယ်နိုင်မယ်လို့ မြင်ပါတယ်။

လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က CRPH ကိုရော NUG ကိုပါ အားလုံးပူးပေါင်း ဝန်းရံထားခြင်း မရှိကြသေးသလို NUG ဘက်ကလည်း အားလုံးပါဝင်နိုင်ရေးကို စည်းရုံးဖို့ အချိန်မရှိနိုင် သေးတာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အာဏာရှင်ကျရှုံးရေးအဖြေဟာ ဖက်ဒရာယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ သဘောတူ ညီပါဝင်သော အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်ရေးကတိကဝတ်ကို အရင်ဆုံးအကောင်အထည် ဖေါ်ရပါလိမ့်မယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရယူဖို့ ရေးထိုးခဲ့ကြတဲ့ ပင်လုံပဋိဉာဏ်ကို ဗမာ့နိုင်ငံရေးခေါင်းဆောင်များနဲ့ မြန်မာစစ်တပ်က အစဖျောက်ခဲ့ကြတာကြောင့် တိုင်းရင်းသားများရဲ့ ပြည်ထောင်စုအယူအဆ နိုင်ငံရေးယုံကြည်မှု သေဆုံးခဲ့ကြတယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ စစ်တပ်က အာဏာသိမ်းယူမှုကနေတစ်ဆင့် ပြည်သူတွေဟာ ဒီနိုင်ငံရေးပြောင်းလဲမှုကို ကြိုးစားနိုင်မှ ဒီနိုင်ငံရဲ့ ပြည်ထောင်စုအနှစ်သာရနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီအပြောင်းအလဲဟာ စိန်ခေါ်မှုအားကြီးသလို ပေးဆပ်မှုလည်းများနိုင်ပါတယ်။ ဒီလိုညီညွတ်တဲ့ပုံစံနဲ့ မတည်ဆောက်နိုင်ခဲ့ဘူးဆိုရင်တော့ နိုင်ငံဟာ စစ်မီးလောင်ကျွမ်းပြီး နာတာရှည်ရောဂါသည်အဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းသွားရနိုင်တယ်လို့ မြင်မိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ပြင်ဆင်မှုတည်ဆောက်မှုဟာ ပြည်နယ်ဒေသရဲ့ လွတ်မြောက်မှုကို ပိုမိုဦးတည်လာနေကြသလို စစ်တပ်ရဲ့ ခေါင်းမာမှုကလည်း ဒီနိုင်ငံရဲ့ စည်းရုံးညီညွတ်ရေးကို ပြိုကွဲသွားစေနိုင်ပါတယ်။

ဗီဒီယိုများ