- ဂွမြို့သိမ်းတိုက်ပွဲ ဘယ်အထိ ရောက်နေပြီလဲ
- အမ်းက လက်ကျန် နပခ မကျရေး စစ်ကောင်စီ အဆုံးထိခုခံနေ
- ကျောက်တော် ကန်စောက်တောင်အနီး မိုင်းနင်းမိ၍ လူငယ်တစ်ဦး သေဆုံး
- လုပ်သားရှားပါး၍ ရသေ့တောင်က လယ်သမားများ တစ်ဝက်ပေးစနစ်ဖြင့် စပါးရိတ်သိမ်းနေရ
- သေဆုံးသူ ဒါဇင်ပေါင်းများစွာ ရှိလာသည့် ရောဂါဆန်းအား သတိဖြင့် စောင့်ကြည့်နေဟု ကွန်ဂိုအစိုးရပြော
မြန်မာနိုင်ငံအနာဂတ်တွင် တိုင်းရင်းသားလူနည်းစုများ၏အရေးပါမှု (ဒုတိယပိုင်း)
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က အမတ်နေရာ ၈၀ ရာခိုင်နှုန်းပါးဖြင့် အနိုင်ယူနိုင်ခဲ့ သောကြောင့် တပ်မတော်၏ USDP ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ သို့သော် ရလဒ်များကို အသေးစိတ် လေ့လာကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူနည်းစုများကြားတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုထောက်ခံမှုက လူတိုင်းအတွက် အလှမ်းဝေးနေကြောင်းနှင့် တိုင်းရင်းသားလူနည်းစုများသည် NLD အောင်ပွဲနှင့် ညွှန်ပြချက် နှစ်ခုလုံးတွင် အဓိကအချက်များ ဖြစ်သည်။
13 Apr 2022
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က အမတ်နေရာ ၈၀ ရာခိုင်နှုန်းပါးဖြင့် အနိုင်ယူနိုင်ခဲ့ သောကြောင့် တပ်မတော်၏ USDP ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ သို့သော် ရလဒ်များကို အသေးစိတ် လေ့လာကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူနည်းစုများကြားတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုထောက်ခံမှုက လူတိုင်းအတွက် အလှမ်းဝေးနေကြောင်းနှင့် တိုင်းရင်းသားလူနည်းစုများသည် NLD အောင်ပွဲနှင့် ညွှန်ပြချက် နှစ်ခုလုံးတွင် အဓိကအချက်များ ဖြစ်သည်။
NLD သည် တိုင်းဒေသကြီး ၇ ခုတွင် အမတ်နေရာအားလုံးနီးပါး အနိုင်ရရှိခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ခြင်းက အံ့ဩစရာတော့ မဟုတ်ပါ။ သို့သော် ပြည်နယ် ၇ ပြည်နယ်မှာတော့ ရလဒ်များ ရောနှောသွားခဲ့သည်။ ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၇ နေရာအနက် ရခိုင်အမျိုးသားပါတီက ၁၂ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာ အနက် ၁၀ နေရာ၊ ရှမ်းပြည်နယ်ပြည်သူ့လွှတ်တော် ၁၂ နေရာ နှင့် အမျိုးသားလွှတ်တော် ၃ နေရာဖြင့် SNLD ဦးဆောင်ပြီး တိုင်းရင်းသားပါတီ ၅ ပါတီက အနိုင်ရရှိခဲ့သည်။ ချင်း၊ ကချင်၊ မွန်တို့တွင်လည်း တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့သည်။
NLD သည် ပြည်နယ် ၇ ပြည်နယ်အတွက် ပြည်သူ့လွှတ်တော်တွင် ၅၇ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၅၃ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း NLD အောင်မြင်မှုသည် တစ်စိတ်တစ်ပိုင်းအားဖြင့် ရွေးကောက်ပွဲစည်းမျဉ်းကြောင့် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီပေါင်း ၅၀ ကျော်ပါဝင် ယှဉ်ပြိုင်ကြရာ တိုင်းရင်းသားပါတီများ မဲကွဲသွားသောကြောင့် NLD က အသာရခဲ့သည်။ အချို့ခရိုင်၊ မြို့နယ်များတွင် တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်လောင်းများ၏ စုပေါင်းမဲများက အနိုင်ရ NLD ကိုယ်စားလှယ်လောင်း စုစုပေါင်းထက် ကျော်လွန်နေပါသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အချို့ဒေသတွင် တပ်မတော် နှင့် EAO များအကြား တိုက်ပွဲဖြစ်ပွားနေသော ကြောင့် မဲမပေးနိုင်ခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်တွင် ၇ နေရာ လစ်လပ်ခဲ့သည်။ အဆိုပါဒေသများတွင် မဲပေးခွင့်ရရှိခဲ့ပါက တိုင်းရင်းသားကိုယ်စားလှယ်လောင်းများ အနိုင်ရမည်ဟု ဦးသိန်းစိန်အစိုးရက မျှော်လင့်ထားသည့် အရိပ်အယောင်အချို့လည်း ရှိနေသည်။
ထပ်မံဖြည့်စွက်ပြီးပြောရလျှင် ၂၀၁၅ UEC သည် ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့်မဲပေးခွင့်ကို ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များကို တရားဝင် ခွင့်မပြုခဲ့ပေ။ သမ္မတဦးသိန်းစိန် နှင့် UEC တို့ဆုံးဖြတ်ချက်က ရခိုင်ပြည်နယ်တွင် ANP အတွက်အောင်မြင်မှုကို အထောက်အကူ ဖြစ်စေနိုင်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲများ
၂၀၂၀ ရွေးကောက်ပွဲများသည် UEC နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် NLD ကထိန်းချုပ်ထားသော်လည်း ဘယ်လိုဆောင်ရွက်ခဲ့ပုံနှင့် ၎င်းတို့ရလဒ်များက ၂၀၁၅ ရွေးကောက်ပွဲနှင့် အတော်လေးဆင်တူနေသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၅ နေရာနှင့် အမျိုးသားလွှတ်တော် ၇ နေရာအတွက် UEC က မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်အကြား တိုက်ပွဲများကြောင့် မဲပေးခွင့်ဖျက်သိမ်းခဲ့သည်။ ရခိုင်မွတ်ဆလင်များ မဲပေးခွင့် ထပ်မံငြင်းပယ်ခံခဲ့ရသည်။ မွတ်ဆလင်ဖြစ်နိုင်ချေရှိသူများ အနက် မဲပေးပိုင်ခွင့်ရှိသူအများစုမှာ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်လောင်း အများအပြား အရည်အချင်းပျက်ယွင်းမှု အကြောင်းပြချက်ဖြင့် ငြင်းပယ်ခံရသည့်အတွက် အချို့သော တိုင်းရင်းသားလူနည်းစု ပါတီများက UEC ၏ ခွဲခြားဆက်ဆံခံရသည့် ဆုံးဖြတ်ချက်များကို မကျေမနပ်ဖြစ်ခဲ့ရသည်။
၂၀၁၅ ခုနှစ်ကဲ့သို့ပင် NLD သည် ပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁၃၈ နေရာဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လွှတ်တော် ၃ ရပ်စလုံးတွင် အသားတင်နေရာရရှိခဲ့သည်။ သို့သော်လည်း NLD အောင်မြင်မှုအများစုက တိုင်းဒေသကြီး ၇ တိုင်းတွင်ဖြစ်ပြီး ပါတီကံကြမ္မာက တိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်တွင် ပိုမိုရောနှောလာခဲ့သည်။ NLD သည် အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ်အားလုံးနှင့် ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒ ၃ နေရာမှလွှဲပြီး အားလုံးအနိုင်ရရှိခဲ့သည်။ သို့သော်လည်း ရခိုင်ပြည်နယ်တွင် ANP နှင့် Arakan Front ပါတီတို့က နေရာအားလုံးနီးပါး အနိုင်ရခဲ့သည်။ SNLD သည် ရှမ်းပြည်နယ်တွင် လွှတ်တော်နှစ်ရပ်စလုံးတွင် နေရာရရှိခဲ့သည်။ ကယားလွှတ်တော်နှစ်ရပ်စလုံးတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KSDP) ကအနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် ပထမဆုံးအကြိမ်အဖြစ် ကရင်နီတိုင်းရင်းသားပါတီက အနိုင်ရခဲ့သည်။
တိုင်းရင်းသားလူနည်းစု နိုင်ငံရေးပါတီများ အောင်မြင်မှုသည် နိုင်ငံရေးပါတီအများအပြားမှ ကိုယ်စားလှယ်လောင်းများအား ခေါ်ယူရာတွင် ၂၀၁၅ ခုနှစ်၏ အမှားများကိုရှောင်ရှားနိုင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ၂၀၁၃ ခုနှစ်တွင်ပေါင်းစည်းခဲ့သော ANP ၏၂၀၁၅ အောင်ပွဲသည် အခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများကို အလားတူစည်းလုံးညီညွတ်သော တပ်ပေါင်းစုဖွဲ့ရန် တွန်းအားဖြစ်စေခဲ့သည်။ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်တို့က ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။ မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) နှင့် မွန်အမျိုးသားပါတီ(MNP) သည် မွန်ပြည်သစ်ပါတီအဖြစ်ပေါင်းစည်းရန် ၂၀၁၉ ခုနှစ်မေလတွင် သဘောတူညီခဲ့သည်။ ကချင်၊ ကယား၊ ကရင် နှင့် ရှမ်းပြည်နယ်တို့တွင်လည်း အလားတူပေါင်းစည်းမှုများ ဖြစ်ပွားခဲ့သည်။ ပေါင်းစည်းမှုသည် လွှတ်တော်နှစ်ရပ် (ရခိုင်ပြည်နယ်မှလွဲပြီး) ပြည်နယ်လွှတ်တော်အများစုတွင် အနိုင်ရရန် မလုံလောက်သော်လည်း USDP နှင့် NLD ပါတီနှစ်ရပ်လုံးသည် တိုင်းဒေသကြီးအပြင်ဘက်တွင် လူကြိုက်များခြင်း မရှိကြောင်း လေ့လာသူများက ယေဘူယျ ယူဆထားကြသည်။
ပြည်တွင်းစစ်ပြင်းထန်လာခြင်းနှင့် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
ပါလီမန်ရွေးကောက်ပွဲများတွင် ၎င်း၏နိုင်ငံရေးကံကြမ္မာကို ပြောင်းပြန်လှန်ခြင်းများ တွေ့ကြုံခဲ့ရပြီးနောက် နိုင်ငံတော်တွင် နှစ်ရှည်လများ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်ရန် နှင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ တရားဝင်မှုကိုခိုင်မာစေရေး တပ်မတော်၏ ကြိုးပမ်းမှုများမှာလည်း မအောင်မြင်ခဲ့ပေ။ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အစောပိုင်းတွင် တိုးတက်မှုရှိသော်လည်း နောက်ပိုင်းတွင်ရပ်တန့်သွားပြီး ပြိုလဲသွားခဲ့သည်။ တပ်မတော်နှင့် EAO အများအပြားအကြားတိုက်ပွဲများသည် ၂၀၁၀ ခုနှစ် ပြည်ထောင်စုအစိုးရထံသို့ အာဏာလွှဲပြောင်းပြီးနောက် တဖြည်းဖြည်း ပြင်းထန်လာပြီး ၂၀၂၀ ခုနှစ်အစောပိုင်း ကိုဗစ်မဖြစ်ပွားမီကလည်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ အချို့သော EAO များနှင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းရာတွင် တပ်မတော်၏ အစဉ်အလာနည်းဗျူဟာများ အလုပ်မဖြစ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တပ်မတော်က ထိုးစစ်ကြီးကြီးမားမား ဆင်နွှဲနေရချိန်တွင် ယခင်ကကဲ့သို့ ကောင်းစွာမစွမ်းဆောင်နိုင်တော့ဘဲ EAO များ စစ်မြေပြင်တွင်အနိုင်ရရှိပြီး လက်ခံနိုင် စရာမရှိသော တပ်မတော်၏အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ရန် ငြင်းဆိုနေကြသောကြောင့် ဖြစ်သည်။
စစ်မြေပြင်တွင် ရှုံးနိမ့်ခြင်း
၂၀၁၁ ခုနှစ် ပြည်ထောင်စုအစိုးရထံ အာဏာမလွှဲပြောင်းမီတွင် နအဖ သည် တိုင်းရင်းသားပြည်နယ်များတွင် ၎င်းတို့ စစ်ဆင်ရေးထိန်းချုပ်မှု တိုးချဲ့ရန် EAO များကို တပ်မတော်ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ် (BGFs) များ အဖြစ်ပြောင်းလဲရန် သဘောတူကြောင်း တောင်းဆိုခဲ့သည်။ EAO အဖွဲ့ငယ်အချို့ နယ်ခြားစောင့်တပ်ဖွဲ့များ ဖြစ်လာရန် သဘောတူညီခဲ့သော်လည်း ကြီးမားသော EAO များက ငြင်းဆန်ခဲ့သည်။
၂၀၀၉ ဩဂုတ်လတွင် နအဖသည် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ရှမ်းပြည်နယ်ရှိ ကိုးကန့်တိုင်းရင်းသား EAO အဖွဲ့ MNDAA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ MNDAA သည် ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ချုပ်ကိုင်ထားပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ်ထားသောနယ်မြေ ဖြစ်သည်။ MNDAA နယ်မြေအတွင်းသို့ တပ်မတော်မှ ရွှေ့ပြောင်းခဲ့ပြီး EAO မှ ကိုးကန့်ဒုက္ခသည် ပေါင်းထောင်နှင့်ချီပြီး တရုတ်နိုင်ငံသို့ ဆုတ်ခွာသွားခဲ့သည်။
၂၀၁၁၊ ၂၀၁၂ ကာလများတွင်လည်း တပ်မတော်သည် အလားတူအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ပြီး ကချင်ပြည်နယ်ရှိ KIA အား ထိုးစစ်ဆင်ခဲ့သော်လည်း အောင်မြင်မှု နည်းပါးခဲ့သည်။ တပ်မတော်သည် KIA စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း MNDAA ကဲ့သို့ပင် ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့ခြင်းမရှိပေ။ KIA ကို တိုက်ခိုက်နေတာ ရပ်တန့်ဖို့ သမ္မတဦးသိန်းစိန်က တပ်မတော်ကို အမိန့်ပေးခဲ့သော်လည်း အဆိုပါအမိန့်ကို လစ်လျူရှုခဲ့သည်။ တစ်ခါတစ်ရံတွင် လပေါင်း ၂၀ ကြာသည်အထိ တိုက်ပွဲများပြင်းထန်လာခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် KIA နှင့် ယာယီအပစ်ရပ်စဲခဲ့သည်။ ကရင်ပြည်နယ်တွင်လည်း KNU နှင့်အခါအားလျော်စွာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အတွင်း အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။
စစ်မြေပြင်တွင် အောင်ပွဲများမယူနိုင်ခဲ့သော တပ်မတော်သည် သမ္မတဦးသိန်းစိန်၏ အပစ်အခတ်ရပ်စဲရေး ပဏာမခြေလှမ်းကို အာရုံပြောင်းခဲ့သည်။ စစ်မြေပြင်ရှိ တပ်မတော်ကံကြမ္မာသည် မကြာမီမှာပင် အဆိုးဘက်သို့ ကူးပြောင်းသွားခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းထားသော MNDAA သည် ရှမ်းပြည်နယ်သို့ ပြန်လည်ရောက်ရှိလာပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ၂၀၁၇ တွင် KIA ၊ MNDAA ၊ TNLA နှင့် အသစ်ဖွဲ့စည်းထားသော ရက္ခိုင့်တပ်တော် AA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များက ရှမ်းပြည်နယ်ရှိ တပ်မတော်စခန်းများကို တန်ပြန်ထိုးစစ် စတင်ခဲ့သည်။
၂၀၁၈ ခုနှစ်တွင် AA သည် ရှမ်းပြည်နယ်မှ တပ်ဖွဲ့ဝင်အများစုကို ချင်းပြည်နယ်တောင်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ပြီး UWSA က ရယူသိမ်းပိုက်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပုံစံ ဖြစ်လာစေရန်ကြိုးပမ်းမှုအဖြစ် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တပ်မတော်က ရခိုင်ရှိ မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူပေါင်း ၇၅၀၀၀၀ ကျော်ကို ထွက်ပြေးစေခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူဦးရေသိသိသာသာ ကျဆင်းသွားမှုကလည်း အေအေ၏ကြိုးပမ်းမှုအတွက် အထောက်အပံ့ ဖြစ်စေခဲ့သည်။ မှတ်တမ်းများအရ AA သည် တိုက်ပွဲများ တွင် လျင်မြန်စွာအသာစီးရခဲ့ပြီး ရခိုင်ပြည်နယ်ရှိမြို့နယ်အားလုံးနီးပါးတွင် ထိုးစစ်ဆင်နိုင်ခဲ့သည်။
ကရင်ပြည်နယ်အတွင်းမှာလည်း တပ်မတော် နှင့် KNU တို့အကြား ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည့် လမ်းဖောက်လုပ် ရေး စီမံကိန်းများကြောင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ လမ်းဖောက်လုပ်ခြင်းက ၂၀၁၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပါပြဌာန်းချက်များကို ချိုးဖောက်ကြောင်း KNU မှ အခိုင်အမာပြောကြားပြီးနောက် တပ်မတော်၏ ရည်ရွယ်ချက်မှာ နောင်တွင် KNU ကိုတိုက်ခိုက်ရာတွင် လွယ်ကူစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
၂၀၂၀ ခုနှစ်အစတွင် တပ်မတော်သည် အနောက်ဘက်တွင်ရခိုင်ပြည်နယ်၊ အရှေ့ဘက်တွင်ရှမ်းပြည်နယ်နှင့် တောင်ဘက်တွင် ကရင်ပြည်နယ် သီးခြားမျက်နှာစာ သုံးဘက်တွင် လှုပ်ရှားတိုက်ပွဲများနှင့် ရင်ဆိုင်ခဲ့ရပြီး သုံးမျက်နှာလုံးတွင် ထိခိုက်သေဆုံးမှု များပြားခဲ့သည်။ တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများ သိသိသာသာတိုးလာကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထို့အပြင် ၂၀၁၅ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသော EAO နှင့်လည်း ပဋိပက္ခဆက်ပြီး ဖြစ်ပွားနေသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပြိုလဲလုနီးနီးဖြစ်နေသည်။
မအောင်မြင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
သမ္မတဦးသိန်းစိန် တက်လာပြီး လေးလအကြာတွင် ၎င်း၏အစိုးရသည် မြန်မာ့ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် EAO များထံချဉ်းကပ်မည်ဟု ကြေညာခဲ့သည်။ သမ္မတဦးသိန်းစိန် မျှော်မှန်းထားသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အဆင့်များစွာဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်သည်။ ပထမအချက်အနေဖြင့် ပြည်နယ်အဆင့်တွင် EAO အသီးသီးနှင့် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို ချုပ်ဆိုနိုင်ရမည်ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့ ညှိနှိုင်းဆောင်ရွက်ရမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို EAO အားလုံး လက်မှတ်ရေးထိုးနိုင်စေရန်နှင့် တတိယအချက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက်တွင် ပြည်ထောင်စုအစိုးရ နှင့် တပ်မတော်တို့သည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပြောင်းအလဲများဖြစ်နိုင်သည့် နှစ် ၇၀ ကြာမြန်မာနိုင်ငံပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေရန် ဆွေးနွေးခဲ့ကြသည်။
ဦးသိန်းစိန်အစိုးရသည် ၎င်း၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပထမအဆင့်တွင် သိသာထင်ရှားသော အပြောင်းအလဲများကို ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် EAO အများအပြားနှင့် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့သော် လည်း အားလုံးပါဝင်နိုင်ခြင်းမရှိခဲ့ပါ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော EAO ၁၅ ဖွဲ့တွင် KIA ၊ KNU ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်(SSA-N) ၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်(SSA-S) နှင့် UWSA တို့ပါဝင်ပြီး AA ၊ MNDAA နှင့် TNLA တို့နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဆွေးနွေးပွဲများတွင်ပါဝင်ဖို့ တပ်မတော်က လက်မခံခဲ့ပေ။
၂၀၁၅ ဇန်နဝါရီလတွင် သမ္မတဦးသိန်းစိန်က လာမည့်ရွေးကောက်ပွဲမတိုင်မီ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်” ကိုနိဂုံးချုပ်ရန် အာရုံစိုက်ခဲ့သော်လည်း ပြဿနာပေါင်းများစွာနှင့် ကြုံခဲ့ရသည်။ ပထမဦးစွာ အပစ်ရပ်စာချုပ်တွင် AA ၊ MNDAA နှင့် TNLA တို့မပါဝင်ရေး တပ်မတော်က ဆက်လက်တောင်းဆိုခဲ့သည်။ ဒုတိယအချက်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ မိတ်ဘက်မဟာမိတ်များ ညှိနှိုင်းဆွေးနွေးမှုတွင် မပါဝင်ပါက မည်သည့် သဘောတူညီချက်ကိုမျှ လက်မှတ်ထိုးမည်မဟုတ်ကြောင်း KIA ကပြောသည်။ တတိယအချက်မှာ တပ်မတော်နှင့် EAO များအကြား သဘောတူညီချက်ပါ အကြောင်းအရာများ အထူးသဖြင့်ဖြစ်စဉ်များ စီစဉ်ခြင်းနှင့်ပတ်သက်ပြီး အဓိကကွဲလွဲမှုများရှိခဲ့သည်။အစိုးရပြုပြင်ပြောင်းလဲရေးဆိုင်ရာ အထွေထွေအသုံးအနှုန်းများ မဆွေးနွေးမီ အပစ်အခတ်ရပ်စဲရေးကို တပ်မတော်ကမြှင့်တင်ရန်၊ အစိုးရပြုပြင်ပြောင်းလဲရေးဆိုင်ရာ အထွေထွေသဘောတူညီချက်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် တင်ကြိုလိုအပ်ချက်ဖြစ်သည်ဟု EAO ကပြောသည်။ နောက်ဆုံးတွင် EAO ၂၀ ကျော်တွင် ၈ ဖွဲ့သာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေးသည် ၎င်းအုပ်ချုပ်မှုအတွက် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း ကြေညာခဲ့သည်။ သူမက ဦးသိန်းစိန်လက်ထက်က ဆောင်ရွက်ခဲ့သော “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်”ကို ပြန်လည်ပြုပြင်ခဲ့ပြီး ၁၉၄၇ ပင်လုံစာချုပ်ကို ဂုဏ်ပြုသောအားဖြင့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ” သို့မဟုတ် “ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ” ဟုခေါ်တွင်သော အစည်းအဝေးများဆီ အာရုံပြောင်းခဲ့သည်။
တတိယပိုင်း (နောက်ဆုံးပိုင်း) ကို ဆက်လက်ဖော်ပြသွားပါမည်။
ကြည်ဖြူစံ
Stimson Center တွင်ဖော်ပြထားသော Michael F. Martin ရေးသားသည့် “The Importance of Ethnic Minorities to Myanmar’s Future” ကို ဆီလျော်အောင်ရေးသားသည်။