အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးတွင် ရူပီးငွေဖြင့်ပေးချေမှုကို အကောင်အထည်ဖော်ရန် အိန္ဒိယဘက်က တိုက်တွန်း

နှစ်နိုင်ငံငွေကြေးသုံးစွဲပြီး ကုန်သွယ်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ရန် အိန္ဒိယက မြန်မာကို တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 13 Jun 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

DMG ၊ ဇွန် ၁၃

နှစ်နိုင်ငံငွေကြေးသုံးစွဲပြီး ကုန်သွယ်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ရန် အိန္ဒိယက မြန်မာကို တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရောက်ရှိနေသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံစဉ် အိန္ဒိယ၏ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့က ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“ဒီလုပ်ငန်းလည်ပတ်မှု ပုံစံသစ်ကို မကြာခင်မှာပဲ စတင်အသုံးပြုမယ်လို့ မြန်မာဝန်ကြီးက အာမခံပေးခဲ့ပါတယ်” ဟု စက်မှုပို့ကုန်တိုးမြှင့်ထုတ်လုပ်ရေးကောင်စီ (EEPC) ၏ ဥက္ကဌဟောင်း ပီကေရှားက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံသည် နိုင်ငံခြားအရန်ငွေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး မကြာမီအချိန်အတွင်း ထိုင်းဘတ်ငွေ၊ တရုတ် ရန်မင်ဘီနှင့် အိန္ဒိယရူပီးငွေတို့ကိုပါ ကုန်သွယ်ရေးတွင် လက်ခံတော့မည်ဟု ပြီးခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သည်။

ယခုစီးပွားရေး ပုံစံသစ်အရ မြန်မာသည် အိန္ဒိယသို့တင်ပို့သည့် ကုန်ပစ္စည်းများအား အိန္ဒိယဘက်က ရူပီးငွေဖြင့် ပေးချေမှုကို လက်ခံမည်ဖြစ်သလို အိန္ဒိယဘက်မှ ပို့ကုန်များကိုလည်း အဆိုပါပုံစံအတိုင်း ကျင့်သုံးနိုင်မည် ဖြစ်သည်ဟု EEPC က ပြောကြားသည်။

ဒေသတွင်းငွေကြေးဖြင့် ပေးချေမှုကို စတင်သည်နှင့် တစ်ပြိုင်နက် နှစ်နိုင်ငံကုန်သွယ်ရေးသည် လက်ရှိပမာဏ အမေရိကန်ဒေါ်လာ ၁.၈ ဘီလျံထက် သိသိသာသာ ပိုမိုမြင့်တက်လာမည်ဟု ပီကေရှားက ပြောကြားသည်။

အိန္ဒိယအရန်ငွေကြေးဘဏ်နှင့် ဗဟိုဘဏ်တို့သည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများအတွက် မကြာသေးမီကမှ အစိုးရပိုင် ပန်ဂျပ်အမျိုးသားဘဏ် (PNB) မှတစ်ဆင့် အထူးရူပီးငွေအကောင့် (SRVA) ကို အသုံးပြုခွင့်ပေးခဲ့သည်။

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအတွက် ရူပီးနှင့် ကျပ်ငွေ ပူးတွဲအသုံးပြုနိုင်မည့် သီးသန့်ဘဏ်အကောင့်များ ဖွင့်လှစ်ရန်အတွက် အိန္ဒိယ ပန်ဂျပ်အမျိုးသားဘဏ်က မြန်မာ့နိုင်ငံဘက်မှ CB ဘဏ်နှင့် UAB ဘဏ်တို့နှင့် ဆက်သွယ်ခဲ့ကြောင်း EEPC ကပြောကြားသည်။ သို့သော်လည်း မြန်မာအစိုးရဘက်ကမူ အခြားဘဏ်များကိုပါ ပါဝင်စေလိုသည့် သဘောထားရှိနေသည်။

ယခုကဲ့သို့ နှစ်နိုင်ငံငွေကြေးဖြင့် ပေးချေရန် စီစဉ်လိုက်ခြင်းဖြင့် အိန္ဒိယ၏ ဆေးဝါးနှင့် ကုန်ထုတ်လုပ်ရေးဆိုင်ရာ ပို့ကုန်များအတွက်သာမက မြန်မာဘက်မှ အပို့များသည့် ပဲ၊ သစ်နှင့် အခြားထုတ်ကုန်များအတွက်ပါ အထောက်အကူ ဖြစ်စေမည်ဖြစ်ဟု အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များက ပြောကြားသည်။

ဗီဒီယိုများ