မြန်မာစစ်တပ်ကို အင်တာနက်ဆင်ဆာစနစ် တည်ဆောက်နည်း တရုတ်ကသင်ကြားပေးနေ

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးချိန်က စတင်ပေါ်ပေါက်လာခဲ့သော နိုင်ငံအနှံ့မှ ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုများနှင့်နှိုင်းယှဉ်ပါက မြန်မာစစ်တပ်၏ ပစ်ခတ်အင်အားက သာလွန်ကောင်းမွန်နေနိုင်ပါသည်။ သို့သော် ဆိုက်ဘာနည်းပညာရပ်ဝန်းတွင်မူ နည်းပညာတတ်ကျွမ်းသူများရှိသည့် ဒီမိုကရေစီ လိုလားသည့် အင်အားစုများဘက်က အသာစီးရနေခဲ့သည်။

By ကြည်ဖြူစံ 01 Jan 2022

ဓာတ်ပုံ - Twitter

DMG ၊ ဇန်နဝါရီ ၁

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးချိန်က စတင်ပေါ်ပေါက်လာခဲ့သော နိုင်ငံအနှံ့မှ ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုများနှင့်နှိုင်းယှဉ်ပါက မြန်မာစစ်တပ်၏ ပစ်ခတ်အင်အားက သာလွန်ကောင်းမွန်နေနိုင်ပါသည်။ သို့သော် ဆိုက်ဘာနည်းပညာရပ်ဝန်းတွင်မူ နည်းပညာတတ်ကျွမ်းသူများရှိသည့် ဒီမိုကရေစီ လိုလားသည့် အင်အားစုများဘက်က အသာစီးရနေခဲ့သည်။

မြန်မာစစ်တပ်က အရပ်သားများအားသတ်ဖြတ်မှု၊ ရွာလုံးကျွတ်မီးရှို့မှု၊ တက်ကြွလှုပ်ရှားသူများအား ညအမှောင်တွင်ဖမ်းဆီးမှု စသည့် မည်သည့်အရာမျိုးကိုပဲဆောင်ရွက်ပါစေ မျက်မြင်သက်သေအကောင့်များမှတဆင့် ဆိုရှယ်မီဒီယာပေါ်ရောက်လာခဲ့ပြီး တကမ္ဘာလုံးသို့ ချက်ချင်းနီးပါးပျံ့နှံ့သွားကြသည်။

မြို့တော်ဟောင်းရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသူများ၏ ဆန္ဒပြပွဲတခုကို မြန်မာစစ်တပ်က ထရပ်ကားဖြင့်ဝင်တိုက်သဖြင့် လူအများအပြားသေဆုံးပြီး ဒဏ်ရာရခဲ့ပုံနှင့်အတူ အဆိုပါလူသတ်သမားယာဉ်မောင်း၏ ဓာတ်ပုံနှင့် နာမည်၊ ယုတ်စွအဆုံး တပ်ရင်းတပ်ဖွဲ့နံပါတ်ကအစ အွန်လိုင်းပေါ်သို့ မြန်မြန်ဆန်ဆန်ပျံ့နှံ့သွားခဲ့သည်။

အဆိုပါအကြောင်းများကြောင့်လည်း မြန်မာစစ်တပ်လုပ်ရပ်များကိုပေါ်လွင်စေသော စာသားများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများ ကမ္ဘာတစ်ဝန်းက အွန်လိုင်းသုံးစွဲသူများထဲမရောက်ရှိရန် မြန်မာစစ်ဗိုလ်ချုပ်ကြီးများက Internet Firewall ဟု အများသိကြသည့် အင်တာနက်ဆင်ဆာစနစ်တစ်မျိုး တည်ဆောက်ရန်ကြိုးပမ်းနေခြင်းမှာ စင်စစ်တော့ အံ့ဩစရာမဟုတ်ပေ။ ထို့ကြောင့်လည်း ဆင်ဆာဖြတ်တောက်ရန်နှင့် ထောက်လှမ်းစောင့်ကြည့်ရန် အတွေ့အကြုံရှိသော မိတ်ဘက်တရုတ်ဘက်သို့ ယုတ္တိရှိရှိ မြန်မာစစ်ဗိုလ်ချုပ်များ ဦးလှည့်တော့သည်။

Asia Times နှင့် နိုင်ငံတကာ အင်တာနက်စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများနှင့်အဆက်အသွယ်ရှိသော အာရှလုံခြုံရေးဆိုင်ရာအရာရှိများက ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာစစ်တပ်၏ အွန်လိုင်းပိတ်ဆို့မှုနှင့် လျှို့ဝှက်လုပ်ဆောင်မှုအရည်အသွေးများ တိုးတက်လာစေရန်ကူညီရာတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို အနီးကပ်လေ့လာခဲ့ကြသည်။

အဆိုပါလေ့လာခဲ့သူများက မြန်မာစစ်တပ်သည် တရုတ်ပြည်၏ ဆင်ဆာစနစ်ကြီးဖြစ်သည့် Great Firewall of the China နှင့်ဆင်တူပြီး မြန်မာနိုင်ငံအွန်လိုင်းတွင် ဝင်ရောက်ကြည့်ရှု၍မရသောအရာများကို ထိရောက်စွာထိန်းချုပ်နိုင်ရန် အကောင်အထည်ဖော်ဖို့ ရည်ရွယ်နေသည်ဟုဆိုသည်။ အဆိုပါနည်းလမ်းက ဘေဂျင်းတွင် နှစ်အတန်ကြာကတည်းကအသုံးပြုခဲ့ပြီး အတိုက်အခံတက်ကြွလှုပ်ရှားမှုများကို ရဲတပ်ဖွဲ့ကဖော်ထုတ်နိုင်ရန် အသုံးပြုခဲ့သောနည်းဖြစ်သည်။ ၎င်းက အမည်မသိသူများ၊ အမည်ဝှက်နှင့်လှုပ်ရှားသူများကို ဖိနှိပ်နိုင်သောနည်းလည်းဖြစ်သည်။

သို့သော် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ သတိမပြုမိသောအချက်က သံတမန်များ၊ လေ့လာသူများနှင့် နည်းပညာကျွမ်းကျင်သူများက တရုတ်လုံခြုံရေးအေဂျင်စီများ၏အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး မြန်မာအတွက် Firewall တည်ဆောက်ပေးနေသည်ဟုသိရသော တရုတ်လုံခြုံရေးအေဂျင်စီများသည် တပြိုင်တည်းတွင် မြန်မာစစ်တပ်၏ စစ်ဘက်ဆိုင်ရာကွန်ပျူတာများ အတွင်းသို့ဝင်ရောက်ကာ ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွင် အရေးကြီးသော အချက်အလက်များကို ရယူစုဆောင်းနိုင်ခြင်းဖြစ်သည်။

ပူတလှည့်အေးတလှည့် ဆက်ဆံရေးများနှင့် အကဲဆတ်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် နှစ်ပေါင်းများစွာ တဘက်နှင့်တဘက် သံသယဖြစ်မှုများဖြစ်ပွားခဲ့ပြီးနောက် မြန်မာစစ်တပ်၏သတင်း အချက်အလက်လမ်းကြောင်းကို ဝင်ရောက်ကြည့်ရှုရန် တရုတ်တွင် မက်လုံးများစွာရှိနေသည်ဟု ၎င်းတို့ကပြောသည်။

မြန်မာစစ်တပ်အား ဆိုက်ဘာအကူအညီပေးနေသည့် တရုတ်နည်းပညာရှင်များ၏ အစီရင်ခံစာများသည် မြန်မာစစ်တပ် အာဏာသိမ်းပြီးတစ်ပတ်အကြာတွင် ဆိုရှယ်မီဒီယာများပေါ်မှာ ပထမဆုံးပျံ့နှံ့ခဲ့သည်။ အဆိုပါအစီရင်ခံစာများတွင် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှ ဖေဖော်ဝါရီ ၉ ရက်၌ ရန်ကုန်မြို့သို့ဆိုက်ရောက်လာသော ကုန်တင်လေယာဉ်ငါးစင်းတွင် တရုတ်အိုင်တီပညာရှင်များနှင့် စက်ကိရိယာများပါလာသည်ဟုဆိုသည်။

များမကြာခင်မှာပင် စစ်တပ်အာဏာသိမ်းမှုအား ဘေဂျင်းက ထောက်ခံနေသည်ကို ရှုတ်ချသည့်အနေဖြင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် လူစုလူဝေးကြီးဖြစ်ပေါ်လာခဲ့တော့သည်။ နောက်တရက်မှာတော့ တရုတ်လေယာဉ်များ သယ်ဆောင်လာသည်က ပင်လယ်စာများဖြစ်ကြောင်း တရုတ်သံရုံးကငြင်းဆိုခဲ့ပြီး အဆိုပါအစီရင်ခံစာများ လူမှုကွန်ရက်များပေါ် ပျံ့နှံ့လာတော့သည်။
လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူများနှင့် ကျွမ်းကျင်သူများ၏ အခြေအနေအရပ်ရပ်ကို အနီးကပ်လေ့လာစောင့်ကြည့်မှုများအရ Firewall နည်းပညာကို အာဏာသိမ်းပြီးကတည်းက တရုတ်က မြန်မာကို အမှန်တကယ်ပေးအပ်ခဲ့ပြီးဖြစ်သည်။

ဒေသတွင်းလူ့အခွင့်အရေးအပေါ် နည်းပညာအကျိုးသက်ရောက်မှုကိုအကဲဖြတ်သည့် နိုင်ငံတကာအဖွဲ့အစည်း DigitalReach ကိုကိုးကားပြီး ပြည်တွင်းသတင်းရင်းမြစ်များ ကလည်း မတ်လ ၁၇ ရက် နည်းပညာတင်ပို့မှုသတင်းကို မီးမောင်းထိုးပြခဲ့သည်။ မြန်မာနည်းတူ ကမ္ဘောဒီးယားတွင်လည်း တရုတ်က အလားတူပြုမူနေပြီး အရှေ့တောင်အာရှတွင် အင်တာနက်ထိန်းချုပ်မှုများ မည်ကဲ့သို့ပျံ့နှံ့လာသနည်း ဆိုသည်နှင့်ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူများအကြား စိုးရိမ်မှုကို ဖန်တီးပေးနေသည်။

ယင်းအပြီးသိပ်မကြာခင်မှာပင် မြန်မာစစ်တပ်က အူရီဒူးနှင့် တယ်လီနောကဲ့သို့သော ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီများအား သုံးစွဲသူများ၏ လိပ်စာများ၊ ဖုန်းနံပါတ်များ၊ မှတ်ပုံတင်နံပါတ်နှင့် လှုပ်ရှားမှုမှတ်တမ်းများကို အာဏာပိုင်များထံ ပေးအပ်ရမည့် အင်တာနက်ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့သည်။

နော်ဝေ တယ်လီနောကုမ္ပဏီက ပြင်းထန်လွန်းသော စစ်အာဏာရှင်များ၏တောင်းဆိုချက်ကို မလိုက်လျောနိုင်ဟုဆိုကာ မြန်မာနိုင်ငံမှထွက်ခွာပြီး လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 ထံရောင်းချမည်ဟု ဇူလိုင်လတွင်ကြေညာခဲ့သည်။ သို့သော် စစ်အာဏာရှင်များ၏ပိတ်ဆို့မှုနှင့် စောင့်ကြည့်ခံနေရမှုတို့မှ ပိုမိုလွတ်မြောက်နိုင်ရန် M1 နှင့် သဘောတူညီမှုကိုရပ်ဆိုင်းထားပြီး ပိုပြီးလွယ်ကူမည့် စစ်အာဏာရှင်များလိုလားသည့် ပြည်တွင်းကုမ္ပဏီတခုသို့ ရောင်းချရပေလိမ့်မည်။

မြန်မာ့နည်းပညာမြင်ကွင်းကို အနီးကပ်စောင့်ကြည့်နေသည့် အရှေ့တောင်အာရှဆိုင်ရာ လုံခြုံရေးအရာရှိတစ်ဦး၏ပြောဆိုချက်အရ Facebook နှင့် Twitter ကဲ့သို့သော အနောက်တိုင်းနည်းပညာလူမှုမီဒီယာများတွင် အစားထိုးပြီး မြန်မာတနိုင်ငံတည်းအတွက်သာသုံးလို့ရမည့် လူမှုမီဒီယာကွန်ရက်တစ်ခုကို တရုတ်နည်းပညာရှင်များက လျှို့ဝှက်တည်ဆောက် ဒီဇိုင်းထုတ်နေပြီဖြစ်သည်။

အဆိုပါအကြောင်းက အမေရိကန်နာမည်ကြီး လူမှုပလက်ဖောင်းနှစ်ခုကိုပိတ်ပင်ထားသော တရုတ်နိုင်ငံ၏အခြေအနေကို ထင်ဟပ်စေပြီး ပြည်တွင်းကုမ္ပဏီများကို နိုင်ငံတော်အာဏာပိုင်များက အနီးကပ်စောင့်ကြည့်နိုင်သလို ဒေတာဈေးကွက်လွှမ်းမိုးနိုင်ရန်ဖြစ်သည်။

တရုတ်နည်းပညာရှင်များသည် နိုင်ငံရေးအတိုက်အခံများနှင့် ဆန္ဒပြသူများ၏အချက်အလက်များကိုရယူရန် စစ်အာဏာရှင်ဟက်ကာများကို လေ့ကျင့်ပေးလျက်ရှိနေပြီး VPN များကို မည်ကဲ့သို့ကျော်ဖြတ်ရမည်အပါအဝင် SMS အသွားအလာများကို စောင့်ကြည့်ခြင်းနှင့် အခကြေးငွေဖြင့် စာတိုပေးပို့နိုင်သည့် အက်ပလီကေးရှင်းများကို စောင့်ကြည့်ခြင်းများလည်းပါဝင်ကြောင်း အဆိုပါလုံခြုံရေးအရာရှိက အခိုင်အမာပြောဆိုသည်။

လုံခြုံရေးလေ့လာသုံးသပ်သူများ၏အဆိုအရ တရုတ်လုံခြုံရေးကုမ္ပဏီများတွင်လုပ်ကိုင်နေကြသော နည်းပညာရှင်များသည် တရုတ်နိုင်ငံ၏ အဓိကထောက်လှမ်းရေးအေဂျင်စီ၊ နိုင်ငံတော်လုံခြုံ ရေးဝန်ကြီးဌာန(MSS)နှင့် နီးစပ်သူများဖြစ်ကြသည်။ ၎င်းတို့က မြန်မာ့စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး(MPT) ကွန်ပျုတာနှင့် ဒေတာဘေ့စ်များကို ဝင်ရောက် Hack နိုင်ခဲ့ပြီးဖြစ်သည်။ MPT သည် မြန်မာစစ်တပ်ကချုပ်ကိုင်ထားသော ဖုန်းအော်ပရေတာလုပ်ငန်းတစ်ခုဖြစ်ပြီး လူအများအပြားကိုလည်း ဝန်ဆောင်မှုပေးနေသည်။

ဇွန်လ ၂ ရက်တွင် စလိုဗက်ကီးယားနိုင်ငံအခြေစိုက် လုံခြုံရေးကုမ္ပဏီ ESET သည် နေပြည်တော်ရှိ အစိုးရဝဘ်ဆိုက်တစ်ခုကို ဆိုက်ဘာသူလျှိုအဖွဲ့တစ်ဖွဲ့ ဝင်ရောက် Hack ထားကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါကုမ္ပဏီ၏အစီရင်ခံစာတွင် ဟက်ကာသမားက ဝဘ်ဆိုက်ရှေ့စာမျက်နှာရှိ မြန်မာဖောင့်ဒေါင်းလုဒ်လုပ်ရန်နေရာတွင် Backdoor Trojan ထည့်ထားခဲ့သည်ဟု ပါရှိသည်။
တိုက်ခိုက်မှုများတွင်အသုံးပြုသည့် Maleware များသည် Mustang Panda၊ RedEcho၊ Bronze President ကဲ့သို့သော တရုတ်အစိုးရက ပံ့ပိုးပေးထားသော ဟက်ကာအဖွဲ့များ၏ Maleware မျိုးကွဲများနှင့်ဆင်တူနေသည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။

နည်းပညာဆိုင်ရာ ဘာသာစကားဖြစ်သော Computer Network Exploitation ဟူသည်က မြန်မာနိုင်ငံအတွက်တော့ အသစ်အဆန်းမဟုတ်ပေ။ ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၀၄ နိုဝင်ဘာလမှ ၂၀၀၅ မေလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့သည်။

ESET ၏အဆိုအရ သံသယရှိဖွယ် တရုတ်ဆိုက်ဘာ သူလျှိုအဖွဲ့သည် EvilGrab Maleware ဗားရှင်းတမျိုးကို ဖြန့်ချိရန်အတွက် မြန်မာသမ္မတရုံးဝဘ်ဆိုဒ်ကို အသုံးပြုခဲ့သည်ဟုသိရသည်။ နောက်ထပ် လူသိများသော တိုက်ခိုက်မှုတစ်ခုက ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့ပြီး စစ်ဘက်ထိပ်တန်းအချက်အလက်များအပါအဝင် ဒေတာဂစ်ဂါဘိုက်အတော်များများ ရယူနိုင်ခဲ့သည်ဟု ESET ကဆိုသည်။

မြန်မာနိုင်ငံတွင်ရှိသော တရုတ်နိုင်ငံ၏ Belt and Road Initiative နှင့်စပ်လျဉ်းသော မဟာဗျူဟာမြောက်အချက်အလက်များရရှိရန်နှင့် ထောက်လှမ်းရေးမဟာဗျူဟာများရရှိရန် MPT ကွန်ရက်များမှ ရွေးချယ်ထားသော ကွန်ပျူတာများတွင် Maleware များထည့်သွင်းပြီး ၂၀၂၀ မတ်လနှင့် ဩဂုတ်တွင် နောက်ဆက်တွဲတိုက်ခိုက်များပြုလုပ်ခဲ့ကြောင်း အာရှလုံခြုံရေးဆိုင်ရာအရာရှိက ပြောသည်။
တရုတ်ဟက်ကာများ ပစ်မှတ်ထားတိုက်ခိုက်နေသည်က မြန်မာတနိုင်ငံတည်းတော့ မဟုတ်ပေ။ AP သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက်ဖော်ပြချက်များအရ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော တရုတ်ဟက်ကာများသည် အရှေ့တောင်အာရှတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရသည်။

ပစ်မှတ်ထားတိုက်ခိုက်ခံနေရသော အစိုးရရုံးများနှင့် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းများတွင် မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် မြန်မာတို့ပါဝင်ကြောင်း မန်ဆာချူးဆက်ပြည်နယ်အခြေစိုက် Recorded Future ၏ ခြိမ်းခြောက်မှုဆိုင်ရာ သုတေသနဌာနမှ Insikt Group ၏ အစီရင်ခံစာကိုကိုးကား၍ AP က ဖော်ပြသည်။
ESET ၏အဆိုအရ အတိုက်အခံများကို တရုတ်ဟက်ကာများကစောင့်ကြည့်နေပြီး “NUG Meeting Report.zip” ကဲ့သို့သော အမည်ဝှက်များဖြင့် ထောက်လှမ်းရေးဖိုင်များတွင် အချက်အလက်များ မကြာခဏသိုဝှက်ထားလေ့ရှိသည်ဟု သိရသည်။

အမေရိကန်အခြေစိုက် ဟက်ကာနှစ်ဦးဖြစ်သည့် Li Xiaoyu နှင့် Dong Jiazhi က တရုတ်ဟက်ကာများနှင့် MSS အကြား နီးကပ်သောဆက်ဆံရေးရှိကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။ ၎င်းတို့နှစ်ဦးကို ယခုနှစ်ဇူလိုင် ၇ က ဝါရှင်တန်ရှိ Spokane တွင် စွဲချက်တင်ခဲ့သည်။ တရားရုံးစာရွက်စာတမ်းများအရ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းရှိကွန်ပျူတာများမှ အချက်အလက်ဒေတာ တယ်ရာဘိုက်ပမာဏများစွာ ခိုးယူခဲ့သည်ဟုသိရသည်။

အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ နယ်သာလန်၊ ဆွီဒင်၊ စပိန်နှင့် ဗြိတိန်စသည့် နိုင်ငံများအပြင် အခြားအနောက်နိုင်ငံများစွာမှ အချက်အလက်များစုဆောင်းထားမှုအရ ၎င်းတို့က ဟောင်ကောင်ရှိ လူထုစည်းရုံးရေးမှူးတဦး၊ ရှီအန်းရှိ တရုတ်ဘုရားရှိခိုးကျောင်းမှ သင်းအုပ်ဆရာနှင့် ဆန့်ကျင်သူ၊ တီအန်နန်မင်ရင်ပြင် ဆန္ဒပြသူဟောင်းနှင့် ဒလိုင်းလားမားရုံးတို့မှ အီးမေးလ်အကောင့်များနှင့် စကားဝှက်များ MSS ထံပေးခဲ့ကြောင်း စွပ်စွဲထားသည်။

တရုတ်အစိုးရသည် ဟက်ကာ Li Xiaoyu အား မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့၏ မေးလ်ဆာဗာကို Hack နိုင်ရန်အတွက် Maleware များ ထောက်ပံ့ပေးထားသည်ဟု တရားရုံးစာရွက်စာတမ်းများက ဆိုသည်။

Spokane တရားရုံးကြားနာမှုအတွင်း အဆိုပါ လူ့အခွင့်အရေးအဖွဲ့၏ အထောက်အထားများကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း MSS နှင့် ၎င်း၏ဟက်ကာများသည် ဒေသတွင်းရှိ အစိုးရပိုင်းနှင့် အရပ်ဘက်တက်ကြွလှုပ်ရှားသူများကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ဖော်ပြနေသည်။

မြန်မာနိုင်ငံရှိ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုတွင် အတွေ့အကြုံကောင်းရှိပြီး ကွန်ပျူတာကျွမ်းကျင်သော ဒီမိုကရေစီလိုလားသူများသည် Maleware များကို စစ်ဆေးတွေ့ရှိကောင်း တွေ့ရှိမည်ဖြစ်သော်လည်း အတွေ့အကြုံအကန့်အသတ်ဖြင့်သာရှိပြီး ဆိုက်ဘာဗဟုသုတချို့တဲ့သည်မှာ မြန်မာစစ်တပ်သာ ဖြစ်သည်။ ထို့ကြောင့်လည်း အဆုံးစွန်အားဖြင့်ဆိုရလျှင်မူ ဆိုက်ဘာနည်းပညာနှင့်ပတ်သက်လျှင် မြန်မာအရာရှိများသည် ၎င်းတို့ကိုထောက်လှမ်းနေသော တရုတ်နည်းပညာရှင်များကိုသာ မှီခိုနေရတော့မည်ဖြစ်သည်။

ကြည်ဖြူစံ

Asia Times တွင် ဘာတေးလင့်တနာ ရေးသားသော China showing Myanmar junta how to firewall the internet ကိုဆီလျော်အောင် ပြန်လည်ရေးသားသည်။

ဗီဒီယိုများ