- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
ရခိုင်စစ်ပွဲက အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့ခြေဆန့်ခြင်းပေါ်လစီကို ဖျက်ဆီးနေခြင်းလား
အိန္ဒိယရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ အရှေ့မျှော် ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုတစ်ချို့ ရှိနေပြီး ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကွန်ဂရက်ပါတီအစိုးရက စတင်ဖွင့်ဟခဲ့တဲ့ ဒီပေါ်လစီ ဟာ ၂၀၁၄ ခုနှစ် နရန်ဒရာမိုဒီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အရှေ့သို့ ခြေဆန့်ခြင်းဆိုတဲ့ ပေါ်လစီအဖြစ် အားကောင်းမောင်းသန် ပေါ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။
04 May 2020
David Star Arakan မှ ဘာသာပြန်ဆိုသည်။
ကိုဗစ်နိုင်တင်းဖြစ်သူ တစ်ဦးတစ်ယောက်မှ မတွေ့ရသေးလို့ သို့လောသို့လော မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ မြန်မာပြည်မှာ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခဆိုတာ ကဇတ်ရုံ အနောက်ဘက်က သာမန်ကိစ္စမျှလို့ တွေးစရာပါ။ (ဒီဆောင်းပါးရေးစဉ်က ကိုဗစ်နိုင်တင်းဖြစ်သူ မြန်မာပြည်မှာ မတွေ့ရသေးဘူးလို့ ယူဆရပါတယ် - ဘာသာပြန်သူ စကားချပ်)
သို့ပေမယ့် တရုတ်နှင့် အိန္ဒိယတို့ ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတို့ လာရောက်ထိတွေ့ရာ ရခိုင်ဒေသက အရေးကိစ္စများကို သာမန်လို့ ထင်ရင် အမှားကြီးမှားပေလိမ့်မယ်။
ရှေ့လာမယ့် လတွေမှာ ကိုဗစ်နိုင်တင်း ဖြစ်သူ ဘယ်လောက်ပဲများလာပါစေ၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က အထူးဆိုးရွားလာနေတဲ့ စစ်ရေးအခြေအနေများဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကိုရော၊ တရုတ်ရဲ့ သြဇာကြီးထွားလာမှုကို ဟန့်တားလိုတဲ့ အိန္ဒိယရဲ့ အစီအမံများကိုရော သက်ရောက်မှုကြီးစွာ ဖြစ်လာမှာ ဖြစ်ပါတယ်။
မတ်လ ၁၀ ရက်၊ ၁၁ ရက်နေ့များက ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ပဋိပက္ခရဲ့ အတိမ်အနက်ကို ခန့်မှန်းနိုင်ပါတယ်။ ဗမာကြီးစိုးတဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ရဲ့ နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်မှုအလွဲကို တော်လှန်ရင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲ ခြေအစွာဆုံးဖြစ်လာတဲ့ အာရကန်အာမီကြောင့် မြန်မာ့တပ်မတော်ဟာ အလဲထိုးခံလိုက်ရပါတယ်။
မတ်လ ၁၀ ရက် နံနက်စောစောပိုင်းမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့ ကုလားတန်မြစ် အရှေ့ဘက်ကမ်းက ရန်သူပတ်လည်ဝိုင်းထားတဲ့ ဗျူဟာကုန်းတစ်ခုကို ဖိအားသက်သာစေဖို့ တပ်မတော်ဟာ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတစ်ရင်းကို လေထီးစစ်ကူပို့ခဲ့ပါတယ်။
ပို့ဆောင်ရေးအဓိကကျောရိုးဖြစ်တဲ့ ကုလားတန်မြစ်၊ အာရကန်အာမီရဲ့ နောက်တန်းစခန်းဖြစ်တဲ့ ပလက်ဝ၊ ရခိုင်စစ်ဆင်ရေးများလုပ်ဖို့ လှေကားတက်ဒေသ၊ ဒါတွေကို ထိန်းချုပ်နိုင်ဖို့ ဘတပြန် ကျားတပြန် ကြိုးစားတိုက်နေကြချိန်မှာ ပို့လိုက်တဲ့ စစ်ကူဟာ အလောသုံးဆယ် ပစ်လိုက်လို့ ကျချင်သလို ကျသွားတဲ့ အန်စာတုံးလို ဖြစ်သွားပါတယ်။
တပ်မတော်ဟာ လေထီးစစ်ဆင်ရေး အတွေ့အကြုံ အတော်နည်းပါတယ်။ ရေကုန်ရေခန်းတိုက်နေတဲ့ စစ်မက်ဇုံမှာ ပထမဆုံးအကြိမ် လေထီးစစ်ကူပို့လိုက်တော့ ဆိုးဆိုးရွားရွား မှားယွင်းသွားပါတယ်။ လေထီးတပ်သားတွေ မြေပေါ်ထိလုထိခင်မှာပင် သို့မဟုတ် ထိတာနဲ့ချက်ချင်း အင်အားပိုသာတဲ့ အာရကန်အာမီတပ်သားတွေက ကြားဝင်ပြီး ဖြတ်တောက်လိုက်နိုင်ပါတယ်။
နောက်တစ်နေ့ တိုက်ပွဲအရှိန်လျော့သွားချိန် သေပျောက်စာရင်းထွက်တော့ လေထီးတပ်သား ၂၀ ဦးခန့် ကျဆုံးပြီး ၃၆ ဦးခန့် အဖမ်းခံရပါတယ်။ ဖမ်းမိစာရင်းမှာ တပ်ရင်းမှူးတစ်ဦးပါဝင်ပြီး သူ့နာမည်က ဗိုလ်မှူးသက်နိုင်ဦးလို့ အာရကန်အာမီက နောက်ပိုင်းကြေညာပါတယ်။
၂၀၁၅ ခုနှစ် အစောပိုင်း ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ကိုးကန့် စစ်ပွဲတွေပြီးနောက် ဒီဖြစ်ရပ်ဟာ စစ်ဆင်ရေးတစ်ကြိမ်ထဲနဲ့ လူသေအပျောက်အများဆုံး ဖြစ်ရပ်ပါပဲ။
လေထီးစစ်ကူထဲမှာ တပ်သား ၁၀၀ လောက်ပါဝင်မယ်လို့ ခန့်မှန်းရပြီး ရန်သူ့ပိုက်ကွန်ထဲက ဘယ်သူဘယ်ဝါ ရုံးထွက်လွတ်မြောက်သွားတယ် ဆိုတာလည်း မသိရပါဘူး။
ပဋိပက္ခပွန်းတီးနေတဲ့ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကို အင်တာနက်ပိတ်ထားတာ၊ သတင်းအမှောင်ချထားတာ တွေရှိနေတာကြောင့် မြန်မာသတင်းထောက်၊ နိုင်ငံတကာသတင်းထောက်တွေ ဝင်ထွက်သွားလာဖို့ မလွယ်ပါဘူး။
မတ်လ ၁၀ ရက်နေ့မှာ အဆိုပါ လေထီးတပ်ရင်းနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားတယ်လို့ ပြောတာကလွဲပြီး တိုက်ပွဲကျဆုံးမှုများကို တပ်မတော်က သတင်းမထုတ်ပြန်ပါဘူး။ သို့သော် သေဆုံးသူ၊ ဖမ်းဆီးရမိသူတို့ရဲ့ အမည်၊ ကိုယ်ပိုင်အမှတ်၊ ရာထူး၊ ဓာတ်ပုံမှတ်တမ်း အပါအဝင် အသေးစိတ် အချက်အလက်များကို အာရကန်အာမီက ထုတ်ပြန်လိုက်တဲ့အတွက် ယေဘုယျအားဖြင့် သူပုန်တို့ထုတ်ပြန်တာ မှန်ကန်မှုရှိကြောင်း ယူဆနိုင်ပါတယ်။
တပ်မတော်ရဲ့ လက်တုံ့ပြန်မှု အတိုင်းအဆကလည်း မှန်ကန်မှု ရှိပါတယ်။
အဆိုပါလေထီးတပ်သားတို့ ချေမှုန်းခြင်း မခံရခင်ကတည်းက အာရကန်အာမီ တပ်စွဲထားရာနေရာများကို အားပျော့သွားစေရန် ရည်ရွယ်ချက်ဖြင့် မုန့်သန်းပြင်ရွာ၊ ပြိုင်းတိုင်ရွာ သာမက ကုလားတန်မြစ်တစ်လျောက်ရှိ ရွာကြီး၊ ရွာငယ်များကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ခြင်းများကို တပ်မတော်က ဆောင်ရွက်လျက်ရှိပါတယ်။
လေထီးတပ်သားတို့ ချေမှုန်းခံရပြီးနောက်ပိုင်း အရှေ့ဘက်နယ်မြေများသို့ တိုး၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သဖြင့် ရွာသား ၂၀ ခန့် သေဆုံးပြီး ၂၀၀၀ ကျော် ရပ်ရွာစွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ကုလားတန်မြစ်ကို ထိန်းချုပ်နိုင်ဖို့ အချိန်ကုန်ခံပြီး၊ ကျယ်ကျယ်ပြန့်ပြန့် အားထုတ်တိုက်ကြတဲ့ တိုက်ပွဲများစွာထဲက ဒီသွေးထွက်သံယိုဖြစ်ရပ်ကလေးက မြန်မာနိုင်ငံအနောက်ဘက် စစ်မြေပြင်ရဲ့ ပကတိအမှန်တရားကို မျဉ်းသားပြနေသည်နှင့် တူပါတယ်။
ပထမအချက်အနေဖြင့် စစ်သားဦးရေ တစ်သောင်းခွဲမှ နှစ်သောင်းလောက်အထိ တပ်ဖြန့်ချထားတဲ့ တပ်မတော်ဟာ ဒီစစ်မြေပြင်မှာ လူထုထောက်ခံမှု လုံးဝနီးပါးမရှိတဲ့အတွက် အရေးကြီးတဲ့ စစ်ရေးသတင်း ကွင်းဆက်ပြတ်လပ်မှုတွေ ရှိနေပါတယ်။
ရန်သူပတ်လည်ဝိုင်းထားတဲ့ ဗျူဟာကုန်းတစ်ခုကို ကောင်းကင်ပေါ်က လေထီးနဲ့ တပ်ရင်းတစ်ရင်းစာမျှ ခုန်ဆင်းခိုင်းလိုက်ပြီးမှ တပ်ရင်းမှူးအပါအဝင် တပ်သားတွေ ဆိုးဆိုးရွားရွား ချေမှုန်းခံလိုက်ရတာကိုကြည့်ရင် သိနိုင်ပါတယ်။
ခက်ခဲလာတဲ့ စစ်ရေးအခြေအနေကို ဖြေရှင်းဖို့ ကြိးစားဆောင်ရွက်တဲ့ နောက်တစ်ချက်ကတော့ ဒိတ်အောက်နေပြီဖြစ်တဲ့ တရုတ်လုပ် CH-3 မောင်းသူမဲ့ယာဉ် (UAVs) တွေကိုလည်း မြန်မြန်ဆန်ဆန် အဆင့်မြှင့်တင်ဖို့ တပ်မတော်က ပြင်ဆင်နေတယ်လို့ အာရှတိုင်းသတင်းစာရဲ့ ရန်ကုန်အရင်းအမြစ်များက ဆိုပါတယ်။ လက်ရှိအထိ ဒီကြိုးစားမှုများ အောင်မြင်မှု မရသေးပါဘူး။
ဒုတိယအချက်အနေနဲ့ ခြေမြန်တပ်မများထဲက တပ်ရင်းတစ်ရင်းလုံးနီးပါး လက်နက်ချအညံ့ခံတယ်ဆိုတဲ့ ဖြစ်ရပ်ဟာ တပ်မတော်ရဲ့ စိတ်ဓာတ်ရေးရာ ကြံ့ခိုင်မှုပိုင်းတွင် အစွန်းအထင်းရှိနေပြီဆိုတာကို ပြသနေပါတယ်။
တပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ အရာရှိအရာခံတွေကြား၊ အထူးသဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဒေသခံတပ်ရင်းများအကြား၊ ဒီကျရှုံးမှုသတင်း ပျံနှံ့ရောက်ရှိလာတဲ့အတွက် တပ်မတော်ရဲ့ဟာကွက်တွေက ပို၍ပီပြင်လာပါတယ်။
ဖေဖော်ဝါရီလနှောင်းပိုင်း လူမှုကွန်ယက်ကနေ အာရကန်အာမီက ဖြန့်လိုက်တဲ့ ဗီဒီယိုတချို့အရ တိုက်ပွဲအတွင်းဖမ်းမိတဲ့ တပ်မတော်သားတွေထဲမှာ အသက်အရွယ်အားဖြင့် နုနယ်တဲ့ ဆယ်ကျော်သက်အရွယ် စစ်သားများကို မြင်ကြရပါတယ်။
တတိယအချက်အနေဖြင့် စစ်ရေးသတင်း ကွင်းဆက်ပြတ်ခြင်း၊ စိတ်ဓာတ်ရေးရာ ပျော့ညံ့လာခြင်း စတဲ့ အချက်များကြောင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ ရုရှားလုပ် တိုက်လေယာဉ်များ၊ လက်နက်ကြီးပစ်ကူများပဲ အားထားစရာ ကျန်ပါတော့တယ်။
အနောက်ဘက်စစ်မြေပြင်မှာ တပ်မတော် ထုတ်သုံးတဲ့ လက်နက်တွေထဲ အထင်ရှားဆုံးက တာဝေးပစ် အတွဲလိုက်ဒုံးကျည်များပဲ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေကို အနောက်ဘက်သို့ ဖိတိုက်ဖို့ ဆိုဗီယက်တပ်နီတော်က စတင်တီထွင်လိုက်တဲ့ ဒီလက်နက်ဟာ ပုံမှန်တပ်မတွေ ဖြန့်ကြက်ချထားတဲ့ နယ်မြေအများအပြားကို တပြိုင်တည်း ဗုံးမိုးရွာဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
တန်ပြန် ပြောက်ကျားစစ်ဆင်ရေး လုပ်ရမယ့်ကာလမှာ ဒီလိုလက်နက်များကို ထုတ်သုံးခြင်းက တပ်သားနည်းနည်းနဲ့ ကြဲကြဲဝိုင်းနိုင်တဲ့ စွမ်းရည်မရှိခြင်းကို ဖော်ပြတာဖြစ်ပြီး လူထုစည်းရုံးရေးဗျူဟာ လုံးဝမလုပ်ထားတဲ့ ဒေသမှာ အရပ်သားသေကြေမှုကို လုံးဝမျက်ကွယ်ပြုထားရာ ကျနေပါတယ်။
သူပုန်တွေ အောင်းနေမလား ယူဆချက်နဲ့ လူနေရွာတွေကို ဗုံးမိုးရွာလိုက်တော့ အရပ်သားများကိုသာ ထိခိုက်လျက်ရှိပါတယ်။ မတ်လ ၁၄၊ ၁၅ ရက်က ကုလားတန်မြစ် အရှေ့ဘက် ရွာတွေမှာ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။
ဧရာဝတီသတင်းဌာနနဲ့ မေးမြန်းခန်းတစ်ခုမှာ တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျွန်တော်တို့ ဂျက်တိုက်လေယာဉ်တွေ သုံးရင် ပိုပြီး သတိထားပါတယ်။ ရန်သူ့ပစ်မှတ်တွေကိုပဲ အဓိကထားပြီး ပစ်တာပါ” လို့ ဆိုပါတယ်။
စစ်မြေပြင်မှာ ဘယ်နားဘာရှိတယ် မြင်နိုင်စွမ်းမရှိလို့ ကိုယ့်တပ်သားတွေ ဆယ်ချီ၊ ရာချီ အဖမ်းခံရ၊ အသတ်ခံနေရတဲ့ အချိန်မှာ မိုင်ပေါင်းများစွာဝေးတဲ့ ရွာတွေထဲ ရန်သူရှိရာ ပစ်မှတ်ကို တိတိကျကျ သိပါတယ် ဆိုတာကြီးက ယုံရခက်ကြီး ဖြစ်နေပါတယ်။
ရခိုင်နဲ့ ချင်းစစ်မြေပြင်မှာ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်လာခြင်းကို ရှင်းပြနိုင်တဲ့ ဖြစ်နိုင်ခြေ နှစ်ချက်ရှိပါတယ်။ တစ်အချက်က တပ်မတော်ဟာ ရမ်းသမ်းပြီး တုံ့ပြန်နေတယ် ဆိုတာပါ။ ဒါက တကယ်လည်း ဖြစ်နိုင်ခြေရှိပါတယ်။
နှစ်အချက် ဖြစ်နိုင်ခြေက အာရကန်အာမီ ကိုယ်ရောင်ဖျောက်ထားနိုင်တဲ့ လူပင်လယ်ကြီးထဲက ရေတွေခန်းခြောက်သွားဖို့ ရည်ရွယ်ချက်နဲ့ ကျေးရွာလူထုအများအပြားကို ရွေ့ပြောင်းစေပြီး မြို့ပြအနီးအနားမှာ စစ်ဘေးရှောင် ဖြစ်စေတဲ့နည်းဖြစ်ပါတယ်။ ဒီနည်းလမ်းက ရေရှည်စီမံကိန်းဆန်ပြီး နေပြည်တော်ရဲ့ လုပ်နိုင်စွမ်းအပြင်ဘက်မှာ ရှိနေပါတယ်။
ဒီနည်းလမ်းဟာ ၁၉၆၀ နောက်ပိုင်း တောင်ဗီယက်နမ်မှာ အမေရိကန်တွေ ကျင့်သုံးခဲ့တဲ့ ဗျူဟာမြောက်ရွာသိမ်ငယ်လေးများ (strategic hamlets) ဆိုတဲ့ ပေါ်လစီ နဲ့ သွားဆင်နေပါတယ်။ ဆိုးဆိုးရွားရွား၊ ဗရမ်းပတာ ကျဆုံးခဲ့တဲ့ ပေါ်လစီဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ ဖြစ်နိုင်ခြေ နှစ်ခုလုံးကို သုံးသပ်မယ်ဆိုရင် နိုင်ငံတော် လုံခြုံရေးပေါ်လစီတွေကို ချမှတ်တဲ့ နေပြည်တော် စစ်ရုံးချုပ်မှာ ရခိုင်ပြဿနာကို လက်တွေ့ကျကျကိုင်တွယ်မယ့် နိုင်ငံရေးအဖြေရှာမှု မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးစကားဝိုင်းမှာ အာရကန်အာမီ ပါချင်တယ်ဆိုရင် ၂၀၀၉ ခုနှစ် အာရကန်အာမီ စတင်ပေါက်ဖွားရာ မူလဒေသ ကချင်ပြည်နယ် မြောက်ပိုင်းကို ပြန်သွားမှရမယ်ဆိုတဲ့ တပ်မတော်ရဲ့ မနှစ်က ဖိအားက ဒီအချိန်မှာ ဘယ်လိုမှ ဖြစ်နိုင်ခြေရှိတော့မှာ မဟုတ်ပါဘူး။
ဗီယက်နမ်ဥပမာ ပြန်ကောက်ရရင်၊ ၁၉၆၈ ခုနှစ်မှာ အမေရိကန်အစိုးရက တောင်ဗီယက်နမ်မှာ ခြေချနေပြီးဖြစ်တဲ့ ဗီယက်ကောင်းတွေကို မြောက်ဗီယက်နမ် ပြန်ကြဖို့ ဖိအားပေးတာနဲ့ သွားဆင်နေပါတယ်။
တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ အဆုံးမဲ့ စစ်ပွဲကို တစတစနဲ့ ရခိုင်လူမျိုးကို တိုက်ခိုက်တဲ့ စစ်ပွဲအသွင် ပြောင်းလာနေတာဟာ မြန်မာ့နိုင်ငံရေးအခြေအနေအရ အဓိပ္ပာယ်မဲ့ရာ ကျပါတယ်။ နဂိုကတည်းကမှ လူမျိုးစုတွေကြား အစီးမကပ်တဲ့ တိုင်းပြည်မှာ အနာဂတ်တချိန်ချိန် အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြရေးကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရောက်စေပါလိမ့်မယ်။
ဆိုခဲ့ပါ ဖြစ်ရပ်အားလုံးဟာ အိန္ဒိယအစိုးရအတွက်လည်း နှလုံးသာစရာ မကောင်းပါဘူး။ ပလက်ဝမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယရဲ့ အရှေ့ဘက်စီးပွားရေးချိတ်ဆက်မှု ရည်မှန်းချက်ဖြစ်တဲ့ ကုလားတန်စီမံကိန်းဟာ အဆုံးမဲ့ ရပ်တန့်လျက် ရှိနေပါတယ်။ ဒီကုလားတန်စီမံကိန်းဟာ တရုတ်ရဲ့ သြဇာကြီးထွားလာမှုကို ချိန်ခွင်လျှာညှိမယ့် အိန္ဒိယရဲ့ ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်က စတင်သန္ဓေတည်ခဲ့တဲ့ ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ်ပြည်နယ် မီဇိုရမ်နဲ့ ဖွံဖြိုးမှုအားနည်းတဲ့ အရှေ့မြောက်ဒေသတွေကို ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဘင်္ဂလားပင်လယ်အော်နဲ့ ဆက်စပ်ပေးဖို့ ဖြစ်ပါတယ်။ ကုလားတန်မြစ်ဟာ အိန္ဒိယမှ စတင်စီးဆင်းပြီး ပလက်ဝကနေတဆင့် ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်တာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ အရှေ့မျှော် ပေါ်လစီကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အောင်မြင်မှုတစ်ချို့ ရှိနေပြီး ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ကွန်ဂရက်ပါတီအစိုးရက စတင်ဖွင့်ဟခဲ့တဲ့ ဒီပေါ်လစီ ဟာ ၂၀၁၄ ခုနှစ် နရန်ဒရာမိုဒီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အရှေ့သို့ ခြေဆန့်ခြင်းဆိုတဲ့ ပေါ်လစီအဖြစ် အားကောင်းမောင်းသန် ပေါ်ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။
၎င်းနှုန်းအတိုင်း အိန္ဒိယရဲ့ ရင်းနှီးမြှုပ်နှံမှုငွေကြေးဖြင့် စစ်တွေရေနက်ဆိပ်ကမ်းကို တည်ဆောက်ပြီးစီးခဲ့ပြီး၊ ကုန်းတွင်းပိုင်း ပလက်ဝမှာ ကွန်တိန်နာဆိပ်ကမ်းကို တည်ဆောက်ခဲ့ပါတယ်။
ပြဿနာက ဒီဆိပ်ကမ်း နှစ်ခုကြားမှာ ချိတ်ဆက်ဖို့ ကျန်နေတာတွေ ဖြစ်ပါတယ်။ အိန္ဒိယနယ်စပ်က ဇိုရိမ်ပူရီမြို့မှ တောင်ဘက် ပလက်ဝအထိ လမ်းပိုင်းကို တည်ဆောက်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးစီးဖို့က တိုက်ပွဲ အခြေအနေ၊ သယ်ယူပို့ဆောင်ရေး ပျက်ယွင်းမှု၊ ဒီဇင်ဘာလက (အာရကန်အာမီ စစ်ဦးစီးချုပ်) ထွန်းမြတ်နိုင်ကြေညာခဲ့တဲ့ အခွန်အကောက်ကိစ္စ ကြေညာချက်တွေပဲ ဖြစ်ပါတယ်။
ပလက်ဝကနေ ပင်လယ်ကို ဆင်းမယ့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်က အာရကန်အာမီထိန်းချုပ်ရာ အမာခံနယ်မြေ ဖြစ်နေပြီး မြစ်ကြောင်းတစ်လျှောက် ပလက်ဝကို တင်ပို့မယ့် ကုန်စည်တွေကို အာရကန်အာမီ ခွင့်ပြုမှ သယ်နိုင်မယ့် သဘောရှိပါတယ်။
အရှေ့သို့ ခြေဆန့်ခြင်းပေါ်လစီရဲ့ မြောက်ဘက်လက်တံဖြစ်တဲ့ အိန္ဒိယနယ်စပ် မဏိပူရမှ မန္တလေး၊ ထိုမှတဆင့် ထိုင်းနိုင်ငံသို့ ပေါက်မယ့် ခရီးလမ်းပိုင်းကတော့ အိန္ဒိယအစိုးရရော၊ မြန်မာအစိုးရကပါ စိတ်ဝင်စားမှု အတော်နည်းနေတာကို တွေ့ရမှာပါ။
နယ်စပ် တမူးမြို့မှ တောင်ဘက်သို့ ချင်းတွင်းမြစ်ကို ကျော်ဖြတ်ပြီး တံတားသစ်ကို ဖြတ်ကာ ကလေးဝမြို့သို့ ကီလိုမီတာ ၁၄၀ ခန့် ဖုန်ထူလမ်း၊ ထိုမှ မန္တလေးမြောက်ဘက် သာစည်သို့ တောတောင်ဖြတ်လမ်းရှိပေမယ့် စက်ဘီးတစ်စီးစာသာ သွားနိုင်လောက်တဲ့ လမ်း၊ အရှေ့တောင်အာရှဈေးကွက်သို့ စူပါဟိုက်ဝေးလမ်းမကြီးတော့ မဟုတ်ပါဘူး။
ဟိုးအရှေ့ဘက်မှာတော့ တရုတ်က ကီလိုမီတာ ၄၃၁ ရှိမဲ့ ကုန်သွယ်ရေးဇုန် မူဆယ်မှ မန္တလေးသို့ ပေါက်တဲ့ ရထားလမ်းမကြီးကို တည်ဆောက်ဖို့ ပြင်ဆင်နေစဉ်မှာ အိန္ဒိယရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ဒီစီမံကိန်းက ပြည်တွင်းစစ်နဲ့ ဗျူရိုကရေစီ နှောင့်နှေးမှုများကြောင့် ကြန့်ကြာလျက် ရှိနေဆဲပါပဲ။
(မူရင်းဆောင်းပါးရှင် Anthony Davis ၏ The Eastern Link တွင် ရေးသားဖော်ပြသော Rakhine War Spoiler For India's Act East ကို David Star Arakan မှ ဆီလျော်အောင် မြန်မာမှုပြုထားခြင်း ဖြစ်ပါသည်။)
ဆက်စပ်ဖတ်ရှုရန် -