မြန်မာ့ဒီမိုကရေစီရေးတွင် အမေရိကန်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့ဆက်ဆံဖို့လို (၂)

ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်စေရန်အတွက် အမေရိကန်ပေါ်လစီမိတ်ကာများ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်လူသိရှင်ကြား ဆက်ဆံသင့်သည်။ ရှေးဦးစွာ ပေါ်လစီမိတ်ကာများက မြန်မာ့အနာဂတ်ဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားများနှင့် ဆက်စပ်ပြီး ကြိုးပမ်းအားထုတ်နေသော NUG ၏လက်ရှိ ကြိုးပမ်းမှုများကို ထောက်ခံသင့်သည်။

By ကြည်ဖြူစံ 10 May 2022

ဓာတ်ပုံ - AFP

DMG ၊ မေ ၁၀

(ဘာသာပြန်ဆောင်းပါး)

အမေရိကန်အတွက် အလားအလာရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

အမေရိကန်ပြည်ထောင်စုအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်တွေ့ဆုံခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးကိုတော့ ရှောင်ရှားခဲ့သည်။ ပေါ်လစီမိတ်ကာများ အနေဖြင့် အဆိုပါ အဖွဲ့အစည်းများကို အမေရိကန်ပြည်ထောင်စုအတွက် အလားအလာရှိမှုအဖြစ် မြင်နိုင်သည်။ ၎င်းတွင် တရုတ်နှင့် ဆက်ဆံရေးခိုင်မြဲသော UWSA နှင့် MNDAA ကဲ့သို့ အဖွဲ့အစည်းများ၊ ရက္ခိုင့်တပ်တော် AA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP အပါအဝင် တရားမဝင် မူးယစ်ဆေးရောင်းဝယ်နေသည် သို့မဟုတ် အရပ်သားများကို အတင်းအဓမ္မ လူသစ်စုဆောင်းနေသည်ဟု စွပ်စွဲခံထားရသောအဖွဲ့များ ပါဝင်သည်။

သို့သော်လည်း အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတွင် အခိုင်အမာအားပေးထောက်ခံသည့် မှတ်တမ်းများရှိသည်။ ယင်းတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့မှ အများအပြားပါဝင်သည်။ အာဏာသိမ်းပြီး နောက်ပိုင်း NUG ကိုထောက်ခံကြောင်းနှင့် “ဖက်ဒရယ်ဒီပြည်ထောင်စု”ထူထောင်ရန်ကြိုးပမ်းမှုများကို အသိအမှတ် ပြုခဲ့သည်။ ထို့အပြင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သော အဖွဲ့များကလည်း လက်နက်ကိုင်ပဋိပက္ခတွင် ကလေးသူငယ်များကို ကာကွယ်ရန်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုကာ ကွယ်ရန်နှင့် ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ခွင့်ပြုရန် လူထုကို ကတိပြုထားသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကတိပြုမှုများက နိုင်ငံတကာထောက်ခံမှုကို ရယူရန်အတွက်သာ ဖြစ်သည်ဟု ဝေဖန်သူများက စောဒကတက်နိုင်သည်။ သို့သော် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာ အတွင်း အချိန်သာကုန်သွားခဲ့ရသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အဆိုပါအဖွဲ့အစည်းများက ရေရှည်တည်တံ့နိုင်မည့် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေးအတွက် ထဲထဲဝင်ဝင် ပါဝင်ကြိုးပမ်းအားထုတ်လိုကြောင်း ပြသခဲ့သည်။ ၎င်းတို့သည် ဒေသခံလူထုနှင့်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပြီး အရေးကြီးသော ရပ်ရွာဝန်ဆောင်မှုများအတွက် အရင်းအမြစ်များစွာကို မြှုပ်နှံထားခဲ့ကြသည်။ ဥပမာဆိုလျှင် KNU  တွင် ၎င်းတို့ကိုယ်ပိုင် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနကို ဖွဲ့စည်းထားပြီး ဒေသစာသင်ကျောင်းများကို ရံပုံငွေများဖြင့် တည်ဆောက်ခဲ့သည်။ ထို့အပြင် KNU သည် မွန်ပြည်သစ်ပါတီကဲ့သို့ သော အခြားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအသိုက်အဝန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် အတွက် ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများ တည်ထောင်ခဲ့သည်။

ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့်မဟုတ်သည့်တိုင် အချို့ကိုတော့ အသိအမှတ်ပြုဖို့ လိုအပ်သည်။ တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှုများမှ အမြတ်အစွန်းရနေသူများ၊ မြန်မာစစ်တပ်ကို ထောက်ခံကူညီသူများနှင့် အရပ်သားများကို သတ်ဖြတ်နေသူ အုပ်စုများနှင့် ဆက်ဆံရေးကိုတော့ အမေရိကန်ပြည်ထောင်စုအနေဖြင့် မှန်ကန်စွာဆုံးဖြတ်သင့်သည်။ သို့သော်လည်း အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်မှုမရှိသော အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုခြင်းဖြင့် ဒီမိုကရေစီ နည်းလမ်းကျသော စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်ကူညီရန်နှင့် ဒေသခံလူထုကို အထောက်အကူပေးသည့် မှတ်တမ်း ကောင်းတစ်ခု အမေရိကန်ရရှိမည့် အကျိုးကျေးဇူးရရှိနိုင်သည်။
ရှေ့ဆက်ရမည့်ခရီး

ဒီမိုကရေစီအသွင်ကူးပြောင်းမှု အောင်မြင်စေရန်အတွက် အမေရိကန်ပေါ်လစီမိတ်ကာများ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်လူသိရှင်ကြား ဆက်ဆံသင့်သည်။ ရှေးဦးစွာ ပေါ်လစီမိတ်ကာများက မြန်မာ့အနာဂတ်ဒီမိုကရေစီစနစ်တွင် တိုင်းရင်းသားများနှင့် ဆက်စပ်ပြီး ကြိုးပမ်းအားထုတ်နေသော NUG ၏လက်ရှိ ကြိုးပမ်းမှုများကို ထောက်ခံသင့်သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ NUG ၏စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သည်။ သို့သော် ယခင်ညှိနှိုင်းမှုများက အပြသဘောသက်သက်သာ ဖြစ်ပါက စေ့စပ်ညှိနှိုင်းမှုများအကြား သဘောထားကွဲလွဲမှုများက အတားအဆီး ဖြစ်လာနိုင်ပေမည်။
အမေရိကန်ပေါ်လစီမိတ်ကာများ အနေဖြင့် ဤပူးပေါင်းဆောင်ရွက်မှုကို ရေရှည်တည်တံ့အောင် ကူညီပေးနိုင်သည်။ လူထုထောက်ခံမှုဖြင့် အမေရိကန်အနေဖြင့် လက်ရှိဆွေးနွေးမှုများကို တရားဝင်ဆွေးနွေးပွဲများ ဖြစ်လာနိုင်စေသလို အဖွဲ့သစ်များကိုလည်း ညှိနှိုင်းရေးစားပွဲသို့ ခေါ်ဆောင်လာနိုင်ပေလိမ့်မည်။ အကယ်၍ အမေရိကန်ပေါ်လစီမိတ်ကာများက ဒီထက်ပိုမိုလိုလားပါက NUG နှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း လက်နက်မဟုတ်သော တခြားသောအကူအညီများပေးရန် ကမ်းလှမ်းနိုင်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းက မြန်မာနိုင်ငံတွင် ကျရောက်တော့မည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရာတွင် အမေရိကန်ကို အကူအညီပေးလိမ့်မည်။ အာဏာသိမ်းပြီးအချိန်ကတည်းကစပြီး အကြမ်းဖက်မှုကြောင့် လူပေါင်း ၄ သိန်းကျော် မလုံမခြုံဖြစ်ကာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။ ပျမ်းမျှအိမ်ထောင်စုဝင်ငွေ ၂၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစီရင်ခံထားပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုနှုန်းကျဆင်းခြင်းကြောင့် စတုတ္ထလှိုင်းကို ဖြစ်ပေါ်လာစေနိုင်သည်။ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ကုလသမဂ္ဂရုံးမှလည်း ထိခိုက်လွယ်သော လူများထံ ပိုမိုကောင်းမွန်စွာရောက်ရှိရေးသည် “လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးပေါ်ပေးပို့ခြင်းအတွက် အရေးကြီးသည်” ဟု အလေး ပေးပြောကြားခဲ့သည်။

ပဋိပက္ခဖြစ်ပွားရာဒေသသို့ လူသားချင်းဆိုင်ရာ စာနာနားလည်မှု အကူအညီများပေးအပ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကသာ အကောင်းဆုံးမိတ်ဆွေများ ဖြစ်သည်။
များစွာသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒေသခံလူထုအတွက် ဝန်ဆောင်မှုများ ပေးဆပ်ခြင်းနှင့် ပြည်သူလိုအပ်သောကုန်ပစ္စည်းများ ပေးအပ်ရာတွင် သမိုင်းကြောင်း ရှည်လျားခဲ့ပြီးဖြစ်သည်။ ၎င်းတို့၏ ကျန်းမာရေးအဖွဲ့အစည်းများ မှတစ်ဆင့် သောက်ရေသန့်၊ ဆေးဘက်ဆိုင်ရာ အထောက်အကူများနှင့် ကိုဗစ်ကာကွယ်ဆေးများ လက်လှမ်းမမီနိုင်သော လူထုထံဖြန့်ဝေရာတွင် အကူအညီပေးနိုင်သည်။ အဆိုပါအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းက စစ်တပ်၏ တရားဝင်မှုကိုဖြစ်လာစေနိုင်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းကို အမေရိကန်က ရှောင်ရှားနိုင်ရန်ကူညီပေးပေလိမ့်မည်။

အမေရိကန်အနေဖြင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအရပ်ဘက် အဖွဲ့အ စည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပြီး အလိုအပ်ဆုံး အကူအညီများကို မည်ကဲ့သို့ဖြန့်ဝေရမည် ဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရှောင်ရှားရန်နှင့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများ အပေါ် အရေးယူပိတ်ဆို့ခြင်းမှုများ ချမှတ်ရန် လက်ရှိအမေရိကန်မူဝါဒက ရေရှည်တည်တံ့သော ဒီမိုကရေစီစနစ်ကို အနည်းငယ်သာ ဆောင်ရွက်နိုင်လိမ့်မည်။ ပြည်တွင်းဇာတ်ဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

အာဏာသိမ်းကာလ တစ်နှစ်ကျော်လာခဲ့ပြီးနောက်မှာတော့ အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးဩဇာ လွှမ်းမိုးမှုအရှိဆုံးနှင့် သက်တမ်းအရှည်ကြာဆုံးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် လိုအပ်ပါသည်။

ကြည်ဖြူစံ

Warontherocks တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Kaitlyn Robinson” ရေးသားသည့် “To Support Democracy in Myanmar, Engage with Ethnic Armed Organizations” ကိုဆီလျော်အောင် ရေးသားသည်။

ဗီဒီယိုများ