ရှားပါးမြေသားတွေ တိုးထုတ်ပြီး မြန်မာစစ်တပ် အကျိုးဖြစ်ထွန်းနေသလား

ဒေသတွင်းနှင့် တရုတ်ပြည်သို့ အဓိက တင်ပို့နေသည့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်စပ် တရားမဝင် ရှားပါးမြေသားတူးဖော်ခြင်းသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အရပ်သားအစိုးရ ဖြုတ်ချခံရပြီးကတည်းက ငါးဆအထိ မြင့်တက်လာသည်ကို တွေ့ရသည်။ ထိုအမြတ်အစွန်းများသည် စစ်အာဏာရှင်များ၏ ဘဏ္ဍာငွေအတွက်  တစ်ဖက်တစ်လမ်းက အထောက်အပံ့ ဖြစ်နေမည်ကို စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။

By မေမိုး 08 May 2021

Photo - Handout

DMG ၊ မေ ၈
မေမိုး ဘာသာပြန်သည်။

ဒေသတွင်းနှင့် တရုတ်ပြည်သို့ အဓိက တင်ပို့နေသည့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်စပ် တရားမဝင် ရှားပါးမြေသားတူးဖော်ခြင်းသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ အရပ်သားအစိုးရ ဖြုတ်ချခံရပြီးကတည်းက ငါးဆအထိ မြင့်တက်လာသည်ကို တွေ့ရသည်။ ထိုအမြတ်အစွန်းများသည် စစ်အာဏာရှင်များ၏ ဘဏ္ဍာငွေအတွက်  တစ်ဖက်တစ်လမ်းက အထောက်အပံ့ ဖြစ်နေမည်ကို စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိသည်။

မိုဘိုင်းဖုန်းများနှင့် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးများသည့် ရှားပါးမြေသတ္တုများ ထုတ်လုပ်မှုသည်  ဖေဖော်ဝါရီ နောက်ပိုင်းကာလများတွင် မြင့်တက်လာခြင်းကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူအဖွဲ့များက အချက်အလက်များဖြင့် အစီရင်ခံစာများတွင် ဖော်ပြထားပြီး ပန်ဝါနှင့်ချီဖွေမြို့နယ် နေရာ အများအပြားတွင် တရုတ်သတ္တုတူးဖော်ရေးသမားများ ခြေချင်းလိမ်နေကြောင်း တယ်လီဂရပ်ဖ်တွင် ဖော်ပြထားသည်။

“အရင်တုန်းကဆို တစ်နေ့ကို တစ်စီး နှစ်စီးပဲတွေ့ပါတယ်။ အခုတော့ သေချာစစ်ဆေးတာ မရှိတော့ဘူး။ ၁၀ စီး ၁၅ စီးလောက် အထိ မြင်ရတယ်” ဟု ချီဖွေရှိ တက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီကို ပြောကြားသည်။

တရားမဝင်သတ္တုတွင်းများတွင် ရှားပါးမြေများအား အမိုနီယမ် ဆာလဖိတ် ဓာတ်မြေသြဇာအိတ်များဖြင့် ထည့်ကာ ထရပ်ကားများတွင် အပြည့်တင်၍ သယ်ယူကြကြောင်း သူက ဆိုသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ကွန်ရက် (ကချင်)(TANK) မှ ဂျခေါလူက အရပ်သားအစိုးရ ပြုတ်ကျပြီးနောက်ပိုင်းတွင် အခြေအနေမှာ ထိန်းချုပ်နိုင်စွမ်း မဲ့လာပြီဖြစ်ကြောင်း ဧရာဝတီသတင်းဌာနကို ပြောကြားသည်။

“အခုက အကြီးစားရှားပါးမြေသား သယ်လာတဲ့ယာဉ်တွေ နေ့ညမပြတ် ထွက်နေကြတယ်။ အခြေအနေက ပိုဆိုးလာနေတယ်” ဟု သူကဆက်ပြောသည်။

နယ်မြေတစ်ခုလုံးမှာ ဥပဒေမဲ့ဖြစ်နေပြီး နယ်စပ်တွင်လည်း အဆီးအတားကင်းမဲ့မှုများကြောင့် တူးဖော်နေသည့် ပမာဏကို သိရှိရန် ခက်ခဲကြောင်း Global Witness လူ့အခွင့်အရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ Clare Hammond ကပြောကြားသည်။

တရားမဝင်သတ္တုတွင်းများသည် စစ်တပ်နှင့် အချိတ်အဆက်ရှိသည့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များနှင့် ပြည်သူ့စစ်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

Hammond ၏ အဆိုအရ မြန်မာနယ်စပ်တွင် စစ်တပ်သည် အပစ်အခတ်ရပ်စဲရေးကို ခုတုံးလုပ်ပြီး စီးပွားရေးအကျိုးအမြတ်ရယူရန် ကြိုးပမ်းလျက်ရှိပြီး ထိုနေရာသည် ပြည်သူ့စစ်များကို လုံခြုံရေးတာဝန်ထမ်းဆောင်ခြင်းနှင့် လက်နက်စွန့်ခြင်းအတွက် ရှားပါးမြေသားများ တူးဖော်သည့် လုပ်ငန်းမှ ငွေရှာရန် ခွင့်ပြုထားသည့်နေရာဖြစ်ကြောင်း ဆိုသည်။

“ဒီလိုလုပ်ငန်းမျိုးဟာ သီးသန့်မရပ်တည်နိုင်ပါဘူး၊ တရုတ်နဲ့ ထိုင်းတို့လို အိမ်နီးချင်းတွေဆီက နယ်စပ်ဖြတ်ကျော်ခွင့်ပြုမှု သို့မဟုတ် အကြီးစား လာဘ်စားမှုအထိ ကျူးလွန်မှုများအပေါ် အမှီသဟဲပြုနေပါတယ်။ ရာဇဝတ်မှုနဲ့ ငွေကြေး ခဝါချမှုလုပ်ဆောင်နိုင်တဲ့ အန္တရာယ်များနဲ့ အဲဒီက တဆင့် ငွေရှာနိုင်မည့် အခြေအနေများကို အဖြေရှာရန် ပူးပေါင်း ဆောင်ရွက်ရန်သွားမည့်နယ်ပယ်ရှိကြောင်းနဲ့ ထိုမှတစ်ဆင့် မြန်မာစစ်တပ်ကို ငွေကြေး စီးဆင်းမယ့်အရင်းအမြစ်များကို ဖြတ်တောက်နိုင်မှာ ဖြစ်တယ်” လို့ Hammond ကပြောခဲ့သည်။

လွတ်လပ်သော မြန်မာ့စီးပွားရေးပညာရှင်များ အဖွဲ့ (IEM) ၏ ယခုရက်သတ္တပတ်တွင် ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် အကြီးစားရှားပါးမြေသား ထုတ်လုပ်မှုတွင် ကမ္ဘာ့ထုတ်လုပ်မှု၏ ၃၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

တရားမဝင် သတ္တုတွင်းများသည် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များနှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် နယ်မြေများတွင်ရှိသည်။ အချို့မှာ တပ်မတော်နှင့် မိတ်ဖက်ဖြစ်နေပြီး ထိုမိုင်းတွင်းများမှ စစ်တပ်၏ အကျိုးအမြတ် မည်မျှရရှိသည်ကိုမူ မသိရကြောင်း IEMက သုံးသပ်တင်ပြ ထားသည်။  

တရုတ်နိုင်ငံသည် လူသုံးလျှပ်စစ်ပစ္စည်းများနှင့် စစ်သုံးပစ္စည်းများတွင် အသုံးပြုသည့် သတ္တု ၁၇ မျိုးပါဝင်သည့် ကမ္ဘာ့ရှားပါးမြေသား ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံဖြစ်သည်။

သို့စေကာမူ တရုတ်နိုင်ငံသည်လည်း ၂၀၂၀ ပြည့်နှစ်တွင် အကြီးစားရှားပါးမြေသား၏ တစ်ဝက်ခန့်အထိ မြန်မာနိုင်ငံအပေါ် မှီခိုအားထား နေရ ကြောင်း Adamas Intelligence ၏ မန်နေဂျင်းဒါရိုက်တာ Ryan Castilloux က ပြောကြားခဲ့သည်။

ထို့ကြောင့်ပင် မြန်မာနိုင်ငံသည် ကာကွယ်ရေး ဆက်စပ်ပစ္စည်း အမျိုးအမည်စုံ၊ လုပ်ငန်းသုံးစက်ရုပ်များ၊ လေစွမ်းအင်သုံး ဂျန်နရေတာများ၊ လျှပ်စစ်ယာဉ်များတွင် အသုံးပြုသည့် ဝန်ချီစက်များအတွက် အားကောင်းသည့် သံလိုက်များတွင် ပါဝင်သည့် အဓိကပါဝင်ပစ္စည်းများဖြစ်သည့် သတ္တုဒြပ် စင်များ ထုတ်လုပ်ရေးတွင် ပင်မတင်ပို့သူ ဖြစ်နေရခြင်းဖြစ်သည်။
ကချင်ပြည်နယ်ကရရှိသည့် အကြီးစားရှားပါးမြေကို သန့်စင်ချက်လုပ်ရန်၊ ဆင့်တက်ပြုပြင်ရန်နှင့် ကမ္ဘာ့အရပ်ရပ်သို့ ဖြန့်ချိရန် တရုတ်ပြည်သို့ တင်ပို့နေသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ကွန်ရက် (ကချင်) (TANK) ၏ အစီရင်ခံစာအရ ဇမ်နူ နယ်စပ်ဒေသအနီးတွင် ရှားပါးမြေသား တူးဖော်သည့်နေရာသစ် ဆယ်ခုထက်မနည်းရှိပြီး စစ်တပ်ကျောထောက်နောက်ခံပြု ဒီမိုကရက်တစ် တပ်မတော် ကချင်ပါတီသစ် (NDAK) က ထိန်းချုပ်ထားကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များကမူ ပန်ဝါနှင့် ချီဖွေဒေသများတွင် ပြည်သူ့စစ်များနှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ထိန်းချုပ်ထားသည့် ရှားပါး မြေသားတူးဖော်သည့် မိုင်းများမှာ စုစုပေါင်း ၁၀၀ ကျော်ကြောင်း ခန့်မှန်းထားသည်။

ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီမှ  Brang Awng က သတ္တုတွင်းများသည် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း၊ ရေစီးဆင်းမှု ညစ်ညမ်းစေခြင်းနှင့် မြေအောက်ရေညစ်ညမ်းခြင်းတို့ကို ဖြစ်စေကြောင်း ဧရာဝတီကို ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းပြီးချိန်ကစပြီး အစိုးရတာဝန်ရှိသူများ၏ စောင့်ကြည့်စစ်ဆေးမှုမရှိတော့သဖြင့် တရားမဝင်တူးဖော်မှုများမှာ ဆိုးဝါးစွာပင် စည်းလွတ်ဘောင်လွတ်ဖြစ်နေပြီး ဆက်လက်တူးဖော်နေပါက ပတ်ဝန်းကျင်ကို ပိုမိုထိခိုက်ပျက်စီးစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကျေးရွာပေါင်း ၂၀ ကျော်သည် ရှားပါးမြေသားတူးဖော်ခြင်း၏ ဆိုးကျိုးအဖြစ် မြေဆီလွှာနှင့် ရေထု ညစ်ညမ်းမှုများ ကြောင့် ထိခိုက်ခံစားနေရ ကြောင်း အဖွဲ့က ပြောကြားခဲ့သည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် သတ္တု စွန့်ပစ်ပစ္စည်းများကြောင့် ချီဖွေမြစ်ရေ နှစ်ကြိမ် အနီရောင်ပြောင်းခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ အပိုင်းအခြားအတွင်း ရှားပါးဒြပ်စင်အောက်ဆိုဒ် တင်သွင်းမှုသည် တစ်နှစ်ပြီးတစ်နှစ် ၂၄.၆ ရာခိုင်နှုန်း (၃,၅၄၆ တန်ချိန်) အထိ တိုးတက်လာခဲ့သည်ဟု အကောက်ခွန် အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်သို့ မြန်မာမှ ရှားပါးမြေသားတင်သွင်းမှုသည် ၂၀၁၉ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၀ တွင် ၃၅,၅၀၀ တန်ချိန်ဝန်းကျင်ထိ မြင့်တက်ခဲ့ကာ စုစုပေါင်း တင်သွင်းမှု၏ ရ၄.၃၉ ရာခိုင်နှုန်း အထိရှိခဲ့သည်။ မလေးရှားနိုင်ငံက ၁၇.၀၆ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄.၄၆ ရာခိုင်နှုန်းဖြင့် တရုတ်သို့ အသီးသီး တင်သွင်းခဲ့ကြကြောင်း အကောက်ခွန်စာရင်းများအရ သိရသည်။

မြန်မာစစ်တပ်၏ ဘဏ္ဍာငွေကို ထိန်းချုပ်ရန် အခွင့်အရေး တက်ကြွလှုပ်ရှားသူ အဖွဲ့များနှင့် ဖြုတ်ချခံ အရပ်သားအစိုးရတို့က နိုင်ငံတကာအသိုင်းအဝိုင်းအား ဖိအားပေးမှုများ မြင့်တက်နေချိန်တွင် ဤအစီရင်ခံစာများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်အထက်လွှတ်တော် နှစ်ပါတီပါဝင်သော အစုအဖွဲ့တစ်ရပ်က အမေရိကန်စွမ်းအင်ထိပ်တန်း Chevron Corporation နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် လုပ်ငန်းများ၏ ငွေကြေးစီးဆင်းမှုကို ပိတ်ဆို့မည့် အရေးယူ ဆောင်ရွက်ချက်များကို ဆက်လက်ဖိအားပေး လုပ်ဆောင်နိုင်ရေး ဘိုင်ဒန်အစိုးရကို တောင်းဆိုခဲ့ကြသည်။

MOGE သည် အမေရိကန်၏  အရေးယူဒဏ်ခတ်ခြင်းကို ခံထားရသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အပါအဝင် စစ်တပ်ခေါင်းဆောင်များအား ဘဏ္ဍာငွေ ထောက်ပံ့နေဆဲဖြစ်သည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် သဘာဝဓာတ်ငွေ့၊ သတ္တု၊ သစ်တောထွက်ကုန်များ၊ လေယာဉ်နှင့် သင်္ဘောဖြင့် တင်ပို့ခြင်းမှ ရရှိသည့် ပြည်ပ ပို့ကုန်များကို ပိတ်ဆို့အရေးယူခြင်းဖြင့် စစ်တပ်အတွက် ငွေကြေးလည်ပတ်ရာတွင် အသုံးဝင်မည့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို အကြမ်းဖျင်း ဖြတ်တောက်နိုင်မည်ဖြစ်သည်။

မေမိုး
မူရင်း - ‘Is Myanmar’s junta benefiting from rare-earth boom?’ by Dave Makichuk, ASIA TIMES

ဗီဒီယိုများ