စစ်ကောင်စီလက်အောက်ရှိ ဘဏ်နှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

By Admin 22 Jun 2023

ဓာတ်ပုံ - မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)
ဓာတ်ပုံ - မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)

DMG ၊ ဇွန် ၂၂

စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့ကို အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူလိုက်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

MFTB ဘဏ်နှင့် MICB ဘဏ် တို့ကို ပိတ်ဆို့ အရေးယူလိုက်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကန်က “အာဏာရှင်အဖွဲ့အစည်းရဲ့ နိုင်ငံရေးလမ်းအရ သတ်မှတ်ထားတဲ့ အုပ်ချုပ်ရေးအပိုင်းအခြားတွေ၊ အေဂျင်စီတွေ ဒါမှမဟုတ် စစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်” ဟု ပြောသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထိုဘဏ်နှစ်ခုမှာ နိုင်ငံခြားဘဏ်စာရင်းများကို အသုံးပြု၍ မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာငွေရှာဖွေပေးသည့် စစ်ကောင်စီပိုင်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်စေခဲ့ပြီး စစ်ရေးကိစ္စရပ်များအတွက် ငွေကြေးအရင်းအမြစ် အမြောက်အများကို ပံ့ပိုးပေးခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) ရန်ကုန်ရုံးချုပ်သို့ DMG က ဆက်သွယ်ခဲ့ရာ တာဝန်ကျဘဏ်ဝန်ထမ်းတစ်ဦးက “ လူကြီးတွေ တစ်ယောက်မှ မရှိသေးဘူး” ဟု ဖြေကြားသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက MFTB၊ MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ကန့်သတ်မှုစာရင်းတွင် ထည့်သွင်းခြင်းသည် ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းရာတွင် မလိုလားအပ်သည့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်စေနိုင်ကြောင်း "မြန်မာ့အလင်း"သတင်းစာကတဆင့် ပြောဆိုထားသည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့က ဒီလိုမျိုးဆောင်ရွက်ခြင်းဟာ စီးပွားရေးအရပေါ့၊ နိုင်ငံရေးအရ အကြပ်အတည်းဖြစ်အောင်လို့ လုပ်ဆောင်ခြင်းဖြစ်တယ်။ မေးခွန်းထုတ်ချင်တာက သူတို့အနေနဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံး လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ပြီးရင် ကျနော်တို့သွားမယ်ဆိုတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကိုသွားမယ်လို့ အတိအလင်းပြောထားတာကို ဒီဟာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာပဲဖြစ်တယ်လို့ ကျနော်တို့အနေနဲ့မြင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါဘဏ်များမှာ နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ယင်းဘဏ်များသည် အမေရိကန်နိုင်ငံအခြေစိုက်ဘဏ်များ၊ ဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နေခြင်း မရှိသဖြင့် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။

MFTB ဘဏ်သည် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းတွင်တည်ရှိကာ ၁၉၇၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး MICB ဘဏ်ကို ၁၉၉၀ တွင်တည်ထောင်ပြီး ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိသည်။

အမေရိကန်အစိုးရ၏ အရေးယူမှုကြောင့် အဆိုပါဘဏ်များနှင့် ချိတ်ဆက်ထားသည့် ထိုင်းအပါအဝင် ဒေသတွင်း အခြားနိုင်ငံများရှိ ဘဏ်များအပေါ်လည်း အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ထိုင်းမီဒီယာ Bangkok Business News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၌ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများသည် စစ်အုပ်စုနှင့် ပတ်သက်သူများနှင့် စီးပွားရေးလုပ်ငန်းများကို တောက်လျှောက်ဆိုသလို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လျှက်ရှိသည်။

#I003

ဗီဒီယိုများ