အညွန့်ကျိုးသွားသည့် မြန်မာ့စီးပွားရေး မျှော်လင့်ချက်

“ကျောက်စိမ်းလုပ်ငန်းသည် လက်နက်ဝယ်ယူရေးကို အထောက်အကူဖြစ်စေပြီး စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်… အောင်ပြည့်စုံတို့ကို ကြွယ်ဝချမ်းသာစေသည်” ဟု ဇွန်လအတွင်း ထွက်ခဲ့သည့် Global Witness ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

By စောသန္တာအေး 06 Nov 2021

ဓာတ်ပုံ - AFP

DMG ၊ နိုဝင်ဘာ ၆

(ဘာသာပြန်ဆောင်းပါး)

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို တစ်နိုင်ငံလုံး ခုခံတွန်းလှန်နေကြသည့် ပြည်တွင်းစစ်နွံထဲသို့ မြန်မာနိုင်ငံ နက်သထက်နက်ရှိုင်းစွာ ကျဆင်းလာသည်နှင့်အမျှ နိုင်ငံ၏ စီးပွားရေးမှာလည်း နောက်ဆက်တွဲ ဆိုးကျိုးများ၏ဒဏ်ကို ခံစားနေရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုက နိုင်ငံတစ်ဝန်းရှိ ဘဏ်များကို သပိတ်မှောက်မှုများ ပေါ်ထွက်လာစေခဲ့သည်။ ထိုမှတစ်ဆင့် ယခုအခါ နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်အပါအဝင် အဓိကကျသော မြို့ပြဧရိယာများတွင် ဗုံးပေါက်ကွဲမှုများနှင့်အတူ စစ်တလင်းအသွင် ဆန်လာနေပြီဖြစ်သည်။

ထိုအချက်များအားလုံးသည် နိုင်ငံ့စီးပွားရေးကို ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ တွန်းပို့နေသည်။ တည်ငြိမ်မှု နည်းပါးလာခြင်းကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် သူတို့၏ လုပ်ငန်းများနှင့် အရင်းအနှီးများကို ဆိုင်းငံ့ရမည်လား သို့မဟုတ် စွန့်လွှတ်ခဲ့ရမည်လား ဝေခွဲမရ ဖြစ်စေသည်။ အများစုမှာ မြန်မာပြည်၏ နောက်ဆုံးမျက်နှာစာ ဈေးကွက်သည် မျှော်လင့်ချက်ရှိသည့် ဒီမိုကရေစီလမ်းကြောင်းသစ်ထံသို့ ရွေ့လျားနေသည်ဟု အစောပိုင်းက ယုံကြည်ခဲ့ကြသူများ ဖြစ်သည်။

တပ်မတော်က အာဏာရယူပြီးနောက်တွင် မြန်မာနိုင်ငံ၌ ပြောင်းပြန်ရလဒ်များ ထွက်ပေါ်လာသည်။ ၂၀၂၀ အောက်တိုဘာမှ ၂၀၁၂ စက်တင်ဘာအကြား ကာလ၌ နိုင်ငံ၏ စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆင်းရဲမွဲတေမှုဒဏ် ရင်ဆိုင်နေရသူ ပမာဏသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ အစောပိုင်းတွင် နှစ်ဆအထိ ပိုများလာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

မြန်မာ့လူဦးရေ ၅၄ သန်း၏ ထက်ဝက်နီးပါး အရေအတွက်သည် ကိုဗစ်-၁၉ ကပ်ဘေးနှင့် နိုင်ငံရေး မနည်ငြိမ်မှုကြောင့် လာမည့်နှစ်တွင် ဆင်းရဲတွင်းထဲ သက်ဆင်းနိုင်ခြေ ရှိသည်ဟု ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဧပြီလတည်းက ခန့်မှန်းထားသည်။ ပြီးခဲ့သော ၁၆ နှစ်ကျော်အတွင်း ရရှိခဲ့သည့် ရလဒ်ကောင်းများ နောက်ပြန်လှည့်သွားခြင်း ဖြစ်သည်။

အသက်ငင်နေသော နိုင်ငံ့စီးပွားရေးသည် ကျပ်ငွေတန်ဖိုးပေါ်တွင် သိသာစွာထင်ဟပ်နေသည်။ မြန်မာ့ကျပ်ငွေတန်ဖိုးသည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ၆၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က တရားဝင်ငွေလဲနှုန်းသည် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ၁၃၉၅ ကျပ် ရှိခဲ့သည်။ လက်ရှိအချိန်၌ ငွေလဲသူများထံတွင် အစိမ်းတစ်ရွက်လျှင် ၂၇၀၀ နှင့် ၃၀၀၀ အကြားအထိ တန်ဖိုးပေါက်နေသည်။

ငွေတန်ဖိုးကျဆင်းသည့်အတွက် လောင်စာဆီနှင့် စားသောက်ကုန်ဈေး ထိုးတက်သည်။ အာဏာသိမ်းမှု နောက်ပိုင်း လောင်စာဆီဈေး နှစ်ဆနီးပါး မြင့်တက်သွားပြီဖြစ်သလို ဆန်ဈေးလည်း တစ်အိတ်လျှင် ၄၀ ရာခိုင်နှုန်းအထိ ဈေးပိုတက်သွားသည်။

ဤသို့သော စီးပွားရေးဖိအားများကြောင့် အာဏာသိမ်းမှု မတိုင်မီတည်းက ချေးငွေမလည်ပတ်မှုများကြောင့် ဝန်ပိနေသော ဘဏ်လုပ်ငန်း၏ တည်ငြိမ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာသည်။ ဘဏ်အကောင့်ပိုင်ရှင်များ ဘဏ်နှင့် ငွေထုတ်စက်များမှ နေ့စဉ် ငွေထုတ်ယူနိုင်သော ပမာဏကို စစ်တပ်ဦးဆောင်သော အစိုးရက ကန့်သတ်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်ဦးက ရိုက်တာသတင်းဌာနနှင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် အင်တာဗျူး၌ နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကြီး ပိုမိုးဆိုးရွားလာခြင်းသည် “ပြည်ပနိုင်ငံများက ထောက်ပံ့ထားသည့် အဖျက်လုပ်ရပ်များ” ကြောင့်ဟု အပြစ်ဖို့သည်။ သို့သော်လည်း မြန်မာ့စီးပွားရေးအား မည်သည့်နိုင်ငံများက မည်ကဲ့သို့ ဖျက်ဆီးသနည်း ဆိုသည်ကိုမူ ဝန်ကြီးက အသေးစိတ် ရှင်းလင်းပြောကြားခြင်း မရှိပေ။

မြန်မာ့နိုင်ငံခြားအရန်ငွေသည်လည်း အမေရိကန်ဒေါ်လာ ၆.၀၄ ဘီလျံရှိသည်ဟု ဝန်ကြီးအောင်နိုင်ဦးက ဆိုသည်။ ကမ္ဘာ့ဘဏ်ကမူ နိုင်ငံခြားအရေငွေသည် ကန်ဒေါ်လာ ၇.၇၀ ဘီလျံရှိကြောင်း မတ်လအတွင်းက ခန့်မှန်းခဲ့သည်။ သို့သော်လည်း ဤအချက်အလက်များအား အမှန်ဟုယူဆရန်၊ သို့မဟုတ် စစ်အုပ်စု၏ ဘဏ္ဍာရေးအခြေအနေကို ညွှန်ပြနေသည်ဟု သတ်မှတ်ရန် မဖြစ်နိုင်ပေ။

မကြာသေးသည့် မြန်မာ့သမိုင်းကြောင်းအရ ဆိုလျှင် တပ်မတော်သည် စီးပွားရေးနှင့် ငွေကြေးပိုင်းဆိုင်ရာ တည်ငြိမ်မှုနှင့်အတူ အာဏာကို ဆက်လက်ကိုင်စွဲထားနိုင်သည့် အံ့သြဖွယ်ရာစွမ်းရည် ရှိသည်ကို ၈၈ အရေးအခင်းနောက်ဆက်တွဲ စီးပွားရေးပြိုလဲမှုကို ကြည့်လျှင် သိနိုင်သည်။

မှောင်ခို သို့မဟုတ် တရားမဝင် ဈေးကွက်များတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်စွမ်း ရှိသည်ကို ပြီးခဲ့သည့် အကျပ်အတည်းများ၌ တပ်မတော်၏ စီးပွားရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် စွမ်းရည်ဖြင့် ဆက်လက်ရှင်သန်ခဲ့မှုက ပြသနေသည်။ တရားမဝင် ဈေးကွက်များတွင် ရောင်းဝယ်ခဲ့သည့်အတွက် အကျိုးအမြတ်များနှင့် ဝင်ငွေများကို ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာ စီးပွားရေးစောင့်ကြည့် အဖွဲ့များ၏ မှတ်တမ်းမှတ်ရာများတွင် မတွေ့ရခြင်း ဖြစ်သည်။

တပ်မတော်သည် ၎င်းပိုင်ကုမ္ပဏီကြီးများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ မှတစ်ဆင့် နိုင်ငံ၏စီးပွားရေးခွင် ကြီးကြီးမားမားကို ထိန်းချုပ်ထားသည်။

ထိုကုမ္ပဏီများသည် ဧရာမ စီးပွားရေး လုပ်ငန်းစုကြီးများဖြစ်ကာ ဘဏ်၊ စက်မှုဇုန်၊ ရေကြောင်းပို့ဆောင်ရေး၊ အိမ်ခြံမြေ၊ သကြားစက်ရုံ၊ ဆေးရွက်ကြီးကုမ္ပဏီ၊ ဆူပါမားကတ်များအထိ ကျယ်ပြန့်သည်။

အာဏာသိမ်းမှု ဖြစ်ပွားချိန်မှ စတင်၍ အမေရိကန်ပြည်ထောင်စုသည် အဆိုပါကုမ္ပဏီကြီးများအပေါ် ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှုများ ဆောင်ရွက်သည်။ သို့သော်လည်း ဤဒဏ်ခတ်မှုများက စစ်အုပ်စု၏ အကျိုးစီးပွားများအပေါ် အမှန်တကယ် ပိတ်ဆို့နိုင်သလား၊ မည်ကဲ့သို့ပုံစံဖြင့် ထိရောက်မှု ရှိသနည်းဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။

စစ်အုပ်စုကို အားဖြည့်ပေးနေသည်မှာ ထိုလုပ်ငန်းစုကြီးများသာ မဟုတ်ပေ။ တပ်မတော်သည် နိုင်ငံတွင်း မွစာကြဲနေသည့် မှောင်ခိုစီးပွားရေးတွင်လည်း အတွင်းကျကျ ပါဝင်နေသည်ဟု လူသိများသည်။ ဤစီးပွားရေး လုပ်ငန်းများသည် တခါတရံတွင် ထိပ်တန်းဗိုလ်ချုပ်ကြီးများ၊ အရာရှိများနှင့် ဆက်နွယ်နေလေ့ရှိကာ ၎င်းတို့၏ သစ္စာစောင့်သိမှု၊ နိုင်ငံရေးအရ ရှိရင်းစွဲအနေအထားကို အာမခံပေးနိုင်မှုတို့ကို ထိန်းသိမ်းထားရန်အတွက် တည်ရှိနေခြင်း ဖြစ်သည်။

နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်သော Global Witness ၏ အစီရင်ခံစာအရ ဆိုလျှင် မြန်မာပြည်မြောက်ပိုင်းမှ ကျောက်စိမ်းကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၀ ဘီလျံကျော် တန်ဖိုးရှိသည်ဟု သိရသည်။

“ကျောက်စိမ်းလုပ်ငန်းသည် လက်နက်ဝယ်ယူရေးကို အထောက်အကူဖြစ်စေပြီး စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်… အောင်ပြည့်စုံတို့ကို ကြွယ်ဝချမ်းသာစေသည်” ဟု ဇွန်လအတွင်း ထွက်ခဲ့သည့် Global Witness ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

“ဗိုလ်ချုပ်ကြီးများက ပိုမိုချမ်းသာလာကြပြီး စစ်ပွဲမှာ ဆက်လက်ပြင်းထန်ဆဲ ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်ကို မှီခိုနေရသည့် လူထုကား အန္တိမတန်ဖိုး ပေးဆပ်ရသည်” ဟု အစီရင်ခံစာက ဖော်ပြသည်။

ကျောက်စိမ်းကုန်သွယ်မှု အများစုသည် မိုဘိုင်းဖုန်းများမှတစ်ဆင့် လေလံဆွဲခြင်း၊ ကျောက်စိမ်းတွင်းများနှင့် အလွန်ဝေးကွာသော နေရာများ၊ တရုတ်နယ်စပ်ရှိ ဈေးကွက်များ မှတစ်ဆင့် အဓိကအားဖြင့် တရုတ်အဝယ်များလက်သို့ မှတ်တမ်းမှတ်ရာမရှိဘဲ ရောင်းချကြခြင်း ဖြစ်သည်။

ပို၍ အတွင်းကျကျ ကြည့်မည်ဆိုပါက မူးယစ်ဆေးဝါး မှောင်ခို ကုန်သွယ်ရေးသည်လည်း နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်မှုသည် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ကျဆင်းခဲ့သည်။ တရုတ်နှင့် အရှေ့တောင်အာရှဘက်မှ အဝယ်နည်းလာသောကြောင့် ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် မက်သာဖက်တမင်းနှင့် အခြားသော ပုံစံတူ မူးယစ်ဆေးများသည် ယခင်မူးယစ်ဆေးပုံစံဟောင်းနေရာ၌ အစားထိုး ဝင်လာခဲ့သည်။

မူးယစ်ဆေးဝါးအများစုကို ရှမ်းပြည်တွင် ထုတ်လုပ်ပြီး ကချင်၊ ကယားနှင့် ကရင်ပြည်နယ်များတွင်လည်း အနည်းအကျဉ်း ထုတ်လုပ်သည်။ ထုတ်လုပ်ရောင်းချသူများမှာ အဓိကအားဖြင့် တပ်မတော်နှင့် ငြိမ်းချမ်းရေးယူထားသည့် ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်ကြသည်။

မူးယစ်ဆေးဝါးကို ကျောက်စိမ်းကုန်သွယ်မှုထက် ပိုမိုလျှို့ဝှက်သော လမ်းကြောင်းများဖြင့် ဆောင်ရွက်ကြသဖြင့် ကုန်သွယ်မှု စုစုပေါင်းပမာဏကို တိုင်းတာရန်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ခန့်အထိ ပေါက်မည်ဟု ခန့်မှန်းရသည်။

ဤကဲ့သို့သော ဖုံးကွယ်ထားသည့် ပိုင်ဆိုင်မှုများနှင့် အကျိုးအမြတ်များ ရှိနေသော်လည်း လက်ရှိ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများသည် မည်ကဲ့သို့ ရုပ်လုံးပေါ်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အထင်ကရ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများသည် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ နောက်လိုက်များကို တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ ကြွယ်ဝချမ်းသာစေသည် ဖြစ်ရာ ထိုလုပ်ငန်းများ ရုပ်သိမ်းမှုသည် အဓိကနေရာများကို ဦးတည်ထိမှန်နိုင်သည်။

နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီကြီး တယ်လီနောသည် မြန်မာပြည်ရှိ လုပ်ငန်းများအား လက်ဘနွန်ကုမ္ပဏီ M1 Group ထံသို့ ရောင်းချလိုက်ကြောင်း ဇူလိုင်လတွင် ကြေညာခဲ့သည်။ သို့သော်လည်း ပြည်တွင်း စည်းမျှဉ်းစည်းကမ်းများနှင့် မကိုက်ညီသဖြင့် အဆိုပါရောင်းချမှုသည် တရားမဝင်ဟု ယူဆရသည်။

တယ်လီနော၏ ဆုံးဖြတ်ချက်သည် တပ်မတော်က ဆက်သွယ်ရေးလိုင်းများကို စိတ်ကြိုက် ကြားဖြတ်နားထောင်နိုင်မည့် နည်းပညာ တပ်ဆင်ပေးရန် တောင်းဆိုရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တယ်လီနောသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၇၈၂ သန်းကိုလည်း အလျှော်စာရင်း သွင်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

အခြားသော ရုတ်သိမ်းခဲ့သည့် သို့မဟုတ် ရုတ်သိမ်းရန် စီစဉ်နေသည့် ကုမ္ပဏီများတွင် ပြင်သစ်မှ ပြန်ဖြည့်မြဲစွမ်းအင်ကုမ္ပဏီ ဗိုတာလီယာ (Voltalia) နှင့် ဂျပန် အဖျော်ယမကာကုမ္ပဏီ ကီရင် (Kirin) တို့ပါဝင်သည်။ ကီရင်သည်လည်း မြန်မာတွင်ရင်းနှီးငွေ ကန်ဒေါ်လာ ၁၉၃ သန်းအား အာဏာသိမ်းချိန်တည်းက စာရင်းလျှော်ခဲ့သည်။ ဂျပန် ဆူဇူကီးကုမ္ပဏီသည်လည်း အာဏာသိမ်းပြီး မကြာမီပင် မြန်မာနိုင်ငံရှိ စက်ရုံနှစ်ရုံအား ထုတ်လုပ်မှု ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။ ဆူဇူကီးသည် ၂၀၁၉ ခုနှစ်တွင် ကားအစီးရေ ၁၃၃၀၀ ထုတ်လုပ်ခဲ့ပြီး အဓိကအားဖြင့် ဒေသတွင်ဈေးကွက်တွင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

အီတလီကုမ္ပဏီကြီး ဘင်နက်တန်အပါအဝင် နိုင်ငံတကာ အထည်ချုပ်စက်ရုံ အများအပြားသည်လည်း မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ကြသည်။ အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် ထိုင်း၏ အကြီးမားဆုံး စက်မှုမြေကွက် ဖွံ့ဖြိုးရေးကုမ္ပဏီ အမတ (Amata) သည် ရန်ကုန်မြို့စွန်ရှိ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိသော လုပ်ငန်းကို ဆိုင်းငံ့ခဲ့သည်။ အဆိုပါလုပ်ငန်းသည် မြန်မာနိုင်ငံ၌ ပိုမိုခေတ်မီသည့် ကုန်ထုတ်လုပ်ငန်းပုံစံအတွက် အစခြေလှမ်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

စစ်အုပ်စုအနေဖြင့် နောင်လာမည့် လများတွင် ဆက်လက်ရှင်သန်ရန် သယံဇာတများ၊ သေနတ်များနှင့် ငွေကြေးများ အလုံအလောက် ရှိကောင်းရှိနိုင်သည်။ သို့သော်လည်း ဤအချက်သည် စစ်အုပ်စု၏ ဘဏ္ဍာတိုက်သာ ခန်းခြောက်ခဲ့မည် ဆိုပါက ထိုအချိန်တွင် ပြောင်းလဲသွားနိုင်ခြေ ရှိနေသည်။ အလယ်အလတ်အဆင့် အရာရှိများ အတွက် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာနိုင်မည့် ရင်းမြစ်များနှင့် ရာထူးအဆင့်အတန်းပါ နည်းပါးလာမည်သဘော အဓိပ္ပာယ် သက်ရောက်နေသောကြောင့် ဖြစ်သည်။

တပ်မတော်အတွင်း ကျင့်ဝတ်သိက္ခာပိုင်းသည်လည်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကြားသိရသည်။ တပ်မတော်သားများသည် ရှေ့တန်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် သာမက ပြည်မတွင်လည်း ၎င်းတို့၏ သွေးရင်းဖြစ်သည့် ဗမာတိုင်းရင်းသားများနှင့်ပါ တိုက်ပွဲဝင်နေရသည်။ တိုက်ပွဲရှုံးနိမ့်မှုများနှင့် စီးပွားရေးကျဆင်းမှုများ ပေါင်းဆုံပြီး တပ်မတော်၏ စည်းလုံးမှု စတင်ပြိုကွဲလာမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

သို့သော်လည်း လတ်တလော၌ တပ်မတော်အတွင်းပိုင်းမှ အပါအဝင် လူတိုင်း သိသိသာသာ မြင်တွေ့ရမည်မှာ အာဏာကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရထံမှ သိမ်းယူခြင်းထက် မျှဝေခြင်းဖြင့် ရှောင်လွှဲနိုင်ခဲ့မည်ဖြစ်သည့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားပျက်ကပ်ကြီး ချာလပတ်လည်နေမှုသာ ဖြစ်ပေသည်။

စောသန္တာအေး
(ASIA TIMES တွင်ဖော်ပြထားသည့် Bertil Lintner ၏ ‘Myanmar’s junta kills off all economic hope’ ဆောင်းပါးကို မြန်မာပြန်ဆိုပါသည်)

ဗီဒီယိုများ