သွေးထွက်များနေဦးမယ့် မြန်မာ့စီးပွားရေး

နိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးစနစ်များမှာ အဏာသိမ်းချိန် နောက်ပိုင်းတည်းက ပဋိပက္ခဒဏ်သင့်နေရာများ၌ ပြိုလဲနေပြီဖြစ်သည်။ မြန်မာစစ်တပ်ကလည်း ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများ အပါအဝင် အရပ်သားဧရိယာများကို တိုက်ခိုက်မှုများ ရှိသည်။

By Admin 10 Feb 2023

သွေးထွက်များနေဦးမယ့် မြန်မာ့စီးပွားရေး

ဓာတ်ပုံ - AFP

စစ်တပ်အုပ်ချုပ်မှု အောက်တွင် ၂ နှစ်နီးပါး ကြာလာသည့်အချိန်၌ မြန်မာနိုင်ငံသည် နိုင်ငံရေးမတည်ငြိမ်မှု ပိုများလာခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုကြီးထွားလာခြင်းနှင့်အတူ ပဋိပက္ခကြားတွင် ချောင်ပိတ်မိနေဆဲ ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် လုပ်သားဈေးကွက် ထိခိုက်မှုရှိနေသည့် တစ်ပြိုင်တည်း၌ အာဏာသိမ်းမှုအလွန် မတည်ငြိမ်မှုကလည်း မြန်မာ့စီးပွားရေးကို ဆထက်ပိုး ထိခိုက်စေလျက်ရှိသည်။

ဤထိခိုက်မှုများအနက် ကနဦး ကြုံခဲ့ရသည်မှာ ငွေသားပြတ်လပ်မှု ဖြစ်သည်။ အမေရိကန်ဒေါ်လာကဲ့သို့ အဓိကငွေကြေးများနှင့် လဲလှယ်ရာ၌ မြန်မာကျပ်ငွေတန်ဖိုး တောက်လျှောက် ကျဆင်းခဲ့သလို လောင်စာဆီဈေးနှုန်း၊ လူသုံးကုန်ပစ္စည်းများနှင့် သွင်းကုန် ကုန်ကြမ်းဈေးနှုန်းများမှာ သိသိသာသာ မြင့်တက်ခဲ့သည်။

စီးပွားရေးနယ်ပယ်သို့ ရိုက်ခတ်လာသည့် အခြားသော အရေးပါသည့် ဖိအားများမှာ ငွေလဲနှုန်းအတက်အကျကို ထိန်းချုပ်လိုက်ခြင်း၊ ဗဟိုဘဏ်၏ နိုင်ငံခြားငွေကြေး ဝယ်ယူမှုကို ကန့်သတ်လိုက်ခြင်းတို့ ဖြစ်သည်။ နိုင်ငံတစ်ဝန်း မကြာခဏ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ လက်နက်ကိုင် တိုက်ပွဲများ၊ လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်များ (Infrastructure Deficits) ကလည်း ထပ်တိုးဖိအားများ ရှိခဲ့သည်။

အနိမ့်ဆုံးလုပ်ခလစာမှာမူ ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့သည့် ပမာဏဖြစ်သော တစ်ရက်လုပ်ခ ကျပ်ငွေ ၄,၈၀၀ (ကန်ဒေါ်လာ ၂.၃၀) အတိုင်းရှိနေဆဲဖြစ်သည်။ အရပ်သားအစိုးရသည် အနိမ့်ဆုံး လုပ်ခလစာ ပမာဏကို ၂ နှစ်လျှင်တစ်ခါစီ တိုးမြှင့်ရန် အစောပိုင်းကစီစဉ်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် အလုပ်အကိုင် ရရှိသူအရေအတွက်သည် ၁.၁ သန်းအောက်သာ ရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ၎င်းတို့၏ ခန့်မှန်းချက်ကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၏ ပထမ ခုနစ်လအတွင်း မြန်မာသည် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ ရရှိခဲ့သည်ဟု မြန်မာစစ်တပ်က ချုပ်ကိုင်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။ 

စင်္ကာပူ၊ ဟောင်ကောင်နှင့် တရုတ်တို့သည် ရင်းနှီးမြှုပ်နှံမှု အများဆုံး သုံးနိုင်ငံဖြစ်ပြီး အဓိကအားဖြင့် မြို့ပြဖွံ့ဖြိုးရေး၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ စွမ်းအင်နှင့် ထုတ်လုပ်ရေးကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံကြခြင်း ဖြစ်သည်။

သယံဇာတများ ထုတ်ယူရောင်းချခြင်းသည် မြန်မာစစ်တပ်အတွက် ပြည်ပဝင်ငွေ အဓိကရှာပေးနေသည့် ရင်းမြစ်တစ်ခု ဖြစ်သည်။ လက်ရှိအုပ်ချုပ်နေသည့် စစ်အုပ်စုသည် သယံဇာတရင်းမြစ် ထုတ်ယူသည့် စီးပွားရေးလုပ်ငန်းအချို့ကို ပြန်၍လည်ပတ်ခွင့် ပြုထားသည်။ ဤလုပ်ငန်းများသည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်းအစိုးရ လက်ထက်၌ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ကြပြီး အရပ်သားအစိုးရ အုပ်ချုပ်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ရပ်ဆိုင်းခံထားရသည့် လုပ်ငန်းများဖြစ်သည်။ ဤစီးပွားရေး လုပ်ငန်းများအနက် အချို့မှာလည်း ကချင်နှင့် ရခိုင်တွင် သယံဇာတ တူးဖော်နေသည့် လုပ်ငန်းများနှင့် ဆက်စပ်နေသည်။

မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ လုပ်ငန်းကဏ္ဍသည် ညံ့ဖျင်းပြီး စစ်တပ် သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများကသာ သမိုင်းတလျှောက် ခြယ်လှယ်လာကြခြင်း ဖြစ်သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးအတွက် လျာထားငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်က ၄.၂ ရာခိုင်နှုန်း၊ ၈.၄ ရာခိုင်နှုန်းနှင့် ဝ.၅ ရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။ သို့သော် ၂၀၂၂-၂၀၂၃ တွင် အဆိုပါလျာထားငွေသည် ၂.၇ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်းနှင့် ဝ.၃ ရာခိုင်နှုန်း အထိ ကျဆင်းသွားသည်။ အခြားတစ်ဘက်တွင်မူ ကာကွယ်ရေးအသုံးစရိတ်မှာ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။

နှစ်စဉ်ငွေကြေးဖောင်းပွနှုန်းမှာ ၂၀၂၀ တွင် ၅.၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ တွင် ၁၉.၄ ရာခိုင်နှုန်းအထိ မြင့်တက်သွားသည်။ အကျိုးအမြတ်စုဆောင်းမှု သိသိသာသာ ကျဆင်းနေသည့်အတွက် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေသည် ပိုမိုမြင့်တက်လာလျက်ရှိသည်။

ဆင်းရဲသောအခြေအနေဖြင့် ရှိနေသည့် မြန်မာမိသားစုများအတွက် ပြည်ပ ရွှေ့ပြောင်းအလုပ်သမားများထံမှ လွှဲငွေများသည် အဓိကဝင်ငွေ ဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သူ ၃.၇ သန်းကျော်ရှိသည်။ ၇၀ ရာခိုင်နှုန်းခန့်မှာ ထိုင်းတွင်နေထိုင်နေကြခြင်း ဖြစ်ကာ တရားမဝင်နေထိုင်သူ အများအပြားရှိသည်။

၂၀၁၉ တွင် မြန်မာပြည်တွင်းသို့ ပြည်ပမှ လွှဲငွေသည် အမေရိကန်ဒေါ်လာ ၂.၆ ဘီလျံရှိသည်။ ဤပမာဏသည် စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ၄ ရာခိုင်နှုန်းဖြစ်သည်။ မြန်မာ့ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု ကျဆင်းသွားခြင်း၊ စစ်အစိုးရ ချမှတ်ထားသည့် မူဝါဒများကြောင့် ငွေကြေးဖလှယ်မှုတန်ဖိုး မတည်ငြိမ်ခြင်းတို့ကြောင့် ရွှေ့ပြောင်းလုပ်သား အများစုသည် ငွေပို့ရာတွင် အောက်လမ်းကြောင်းများမှသာ အလွှဲများသည်။

မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည့် ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်း ဖြစ်ကာ အများစုမှာ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးကို လုပ်ကိုင်ကြသည်။ မြန်မာပြည်အလယ်ပိုင်း စိုက်ပျိုးရေး ဗဟိုချက်မ နေရာများမှ လယ်သမားများသည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ အပါအဝင် လက်နက်ကိုင်တိုက်ပွဲများ၊ လူနှင့် ကုန်ပစ္စည်း သွားလာမှုများ ကန့်သတ်ခံရမှုတို့ကြောင့် အကြီးအကျယ် နစ်နာလျက်ရှိသည်။

နိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးစနစ်များမှာ အဏာသိမ်းချိန် နောက်ပိုင်းတည်းက ပဋိပက္ခဒဏ်သင့်နေရာများ၌ ပြိုလဲနေပြီဖြစ်သည်။ မြန်မာစစ်တပ်ကလည်း ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများ အပါအဝင် အရပ်သားဧရိယာများကို တိုက်ခိုက်မှုများ ရှိသည်။

ကလေးငယ် ၅ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိသလို ကျောင်းထွက်ထားရသူ ကလေးအရေအတွက်မှာ ၇.၈ သန်းရှိသည်။ ကလေးငယ်အများအပြား၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့် နေရာများမှ ကလေးငယ်များသည် ကာကွယ်ဆေးများ ထိုးနှံခွင့် မရကြပေ။

မြန်မာစစ်အုပ်စုသည် ၂၀၂၃ နှစ်အစ၌ အကျဉ်းသား ၇,၀၁၂ ဦးကို လွှဲပေးခဲ့သည်။ ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့်လည်း ပါဝင်သည်။ အာဏာသိမ်းချိန်ကတည်းက လက်ရှိအထိ အဖမ်းခံရသူ နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ၁၆,၀၀၀ ခန့်ရှိပြီး သေဆုံးသူ ၂,၆၀၀ ကျော်ရှိသည်။ မြန်မာစစ်အစိုးရသည် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို အဆုံးစီရင်ထားသလို သေဒဏ်ချမှတ်ခံထားရသူလည်း ၁၃၈ ဦးရှိသည်။ 

အာဏာမသိမ်းမီက မြန်မာနိုင်ငံတွင် ပြည်တွင်း၌ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သိန်း ၃ သောင်းခန့်ရှိသည်။ လက်ရှိအချိန်၌ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရပ်သားအရေအတွက်သည် ၁.၁ သန်းခန့်ရှိပြီး အဓိကအားဖြင့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ဖြစ်သည်။

မြန်မာ့စီးပွားရေး အခြေအနေသည်လည်း ကိုဗစ်မတိုင်မီက ရှိနှင့်ခဲ့သည့် အနေအထားနှင့် အလွန်အမင်း ကွာဟနေဆဲ ဖြစ်သည်။ တိုးတက်မှုနှုန်းသည် ၂၀၂၁ တွင် ၁၈ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ကာ ၂၀၂၂ တွင် ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၂၃ တွင်လည်း ၃.၃ ရာခိုင်နှုန်းထိ မြင့်တက်မည်ဟု ခန့်မှန်းထားကြသည်။ သို့သော်လည်း ၂၀၁၉ တွင်ရှိခဲ့သည့် စီးပွားရေးတိုးတက်မှုနှုန်းနှင့် ယှဉ်ပါက ၁၃ ရာခိုင်နှုန်းအထိ နိမ့်ကျနေဆဲ ဖြစ်သည်။

နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံတော်အဆင့် ဆင်းရဲမွဲတေမှုနှုန်းထား သတ်မှတ်ချက် အောက်တွင် ရှိနေဆဲဖြစ်ပြီး လူတန်းစားမညီမျှမှုကလည်း ၂၀၂၂ တွင် ပိုမိုကြီးမားခဲ့သည်ဟု ခန့်မှန်းရသည်။ လူဦးရေ ၁၅.၂ သန်းသည် စားနပ်ရိက္ခာ မလုံခြုံမှုကို အကြီးအကျယ် ကြုံနေရသည်။ မက်ခရိုစီးပွားရေး (Macroeconomic) မတည်ငြိမ်မှုသည် ဆက်ရှိနေဦးမည်ဖြစ်သလို မြန်မာ့ဖွံဖြိုးတိုးတက်မှု အလားအလာကိုလည်း နှောင့်နှေးသွားစေနိုင်ခြေ ရှိနေကြောင်းကို ပြုပြင်ပြောင်းလဲရေးများ နောက်ပြန်လှည့်သွားမှုနှင့် လက်ရှိဖြစ်ပျက်နေဆဲ ပဋိပက္ခများက ညွှန်ပြလျက်ရှိသည်။

ဆောင်းပါးရှင် စိုးနန္ဒာလင်းသည် ကမ္ဘာ့ဘဏ်အပါအဝင် မြန်မာနိုင်ငံရှိ အခြားသော ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်နေသာ အကြံပေးတစ်ဦးဖြစ်သည်။ ယခုဆောင်းပါးတွင် ဖော်ပြချက်များသည် စာရေးသူ၏ သဘောထားအမြင်များဖြစ်ပါသည်။ 

■ Asia Times တွင်ဖော်ပြထားသော ဆောင်းပါးရှင် စိုးနန္ဒာလင်း၏ ‘Myanmar’s economic disaster bleeds deep and wide’ ကိုဘာသာပြန်ဆိုပါသည်။

ဗီဒီယိုများ