တော်လှန်ရေးအင်အားစုတွေအတွက် စံပြဖြစ်လာတဲ့ ရက္ခိုင့်တပ်တော်

၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်က ကချင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်မှာတော့ အေအေက မြန်မာစစ်တပ်အတွက် ခေါင်းခဲစရာပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

By Admin 24 Apr 2023

အေအေက ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ။
အေအေက ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည့် တပ်ဖွဲ့ဝင်များ။

မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ ရက္ခိုင့်တပ်တော် (AA) ဟာ တိုက်ခိုက်ရေးစွမ်းအား အပြင်းထန်ဆုံးနဲ့ သတ္တိအပြောင်မြောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းတွေထဲက တစ်ဖွဲ့အဖြစ်နဲ့ ပါဝင်နေပါတယ်။ ရက္ခိုင့်တပ်တော်သက်တမ်းဟာ ပြီးခဲ့တဲ့ဧပြီ ၁၀ ရက်နေ့မှာ ၁၄ နှစ်ပြည့်မြောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘက်ပေါင်းစုံကနေ စစ်ကောင်စီကို အပြင်းထန်ဆုံး ခုခံတော်လှန်နေကြပြီး ‘ပန်းတိုင်ကိုရောက်ဖို့ လိုအပ်ချက်ကဘာလဲ’ ဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အလေးထားဖြေကြားစရာ အဖြေကလည်း ရက္ခိုင့်တပ်တော်မှာ အဆင်သင့်ရှိနေပါလိမ့်မယ်။

မြန်မာ့တော်လှန်ရေးအင်အားစုတွေရဲ့ အထိမ်းအမှတ်လိုနေ့မျိုးတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ခေါင်းဆောင်အသီးသီးက “ဝမ်းမြောက်ကြောင်းသဝဏ်လွှာ” ပေးပို့လေ့ရှိပြီး တစ်ဘက်နဲ့တစ်ဘက် ဖက်လှဲတကင်းနှုတ်ဆက် လေ့ရှိကြသလို ဧပြီ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့ ရက္ခိုင့်တပ်တော် နှစ်ပတ်လည်အခမ်းအနားမှာလည်း အဖွဲ့အသီးသီးနဲ့ ခေါင်းဆောင်တွေက မေတ္တာစကားပေးပို့ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်၊ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) နဲ့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) စတဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက ရက္ခိုင့်တပ်တော်နှစ်ပတ်လည် အခမ်းအနားအတွက် “ဝမ်းမြောက်ကြောင်းသဝဏ်လွှာ” တွေ ပေးပို့ခဲ့ကြပါတယ်။

စစ်ကောင်စီကတော့ ဖော်ပြခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအပြင် အေအေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့ကို ဖေ့ဘုတ်လို ဆိုရှယ်မီဒီယာတွေမှာ ပိုစ့်မတင်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ တားမြစ်နေပါတယ်။ အဖွဲ့အစည်းအပြင် တော်လှန်ရေးနဲ့ပတ်သက်သူတွေရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေ အားလုံးကို ပြည်သူတွေအသုံးပြုလို့မရအောင် စစ်ကောင်စီက ပိတ်ပင်တားမြစ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ ဆင်ဆာဖြတ်တောက် တားမြစ်မှုတွေက ရက္ခိုင့်တပ်တော်ရဲ့ ကျော်ကြားမှုဂုဏ်သတင်းကို ကျော်ဖြတ်နိုင်ပုံ မပေါ်ပါဘူး။

NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း “ရခိုင်အမျိုးသားတစ်ရပ်လုံး အားကိုးယုံကြည်ရတဲ့ ရက္ခိုင့်တပ်တော် အဖြစ် ရပ်တည်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း” လက်ရေးနဲ့ ရေးသားထားတဲ့စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ သမ္မတရဲ့သဘောထားမှတ်ချက်နဲ့ ပတ်သက်ပြီး အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး ပြန်ပြီး ဖော်ပြခဲ့ပါတယ်။

အခုလိုတစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်တုံ့ပြန်ခဲ့မှုတွေက ဘာကိုဖော်ပြနေသလဲဆိုရင် မြန်မာ့တော်လှန်ရေး အခန်းကဏ္ဍမှာ ထိပ်ဆုံးအနီးအနားဝန်းကျင်က နေရပ်တည်နေတဲ့ AA ရဲ့ရပ်တည်မှုကို လေးစားအသိအမှတ်ပြုကြောင်း ဖော်ပြရာ ရောက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကိုဆန့်ကျင်ရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပိုပြီး ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဆီ ရောက်အောင် မတူကွဲပြားတဲ့ PDF အဖွဲ့အသီးသီးကို စုစည်းနိုင်ဖို့ ရုန်းကန်နေရတဲ့ NUG ရဲ့ ကြိုးပမ်းမှုတွေကိုလည်း အသိအမှတ်ပြုကြောင်း ဖော်ပြချက်တွေပါပဲ။

စစ်ကောင်စီကိုဆန့်ကျင်နေကြတဲ့ တက်သစ်စတော်လှန်ရေး အဖွဲ့အစည်းအများစုအတွက် အေအေရဲ့သန္နိဋ္ဌာန်၊ အေအေရဲ့တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ပုံစံ၊ အေအေရဲ့ဆုံးဖြတ်ချက်၊ အောင်မြင်မှု စတာတွေက အတုယူစရာ စံပြနမူနာတွေဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် အချိန်ကတည်းက လက်နက်ကိုင်အဖွဲ့အစည်းသစ်တွေ ပေါ်ပေါက် ထွန်းကားဖို့ရာ ရေခံမြေခံကောင်း ဖြစ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်က ကချင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်မှာတော့ အေအေက မြန်မာစစ်တပ်အတွက် ခေါင်းခဲစရာပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ AA နဲ့ တခြား ရခိုင်လက်နက်ကိုင်အဖွဲ့အစည်း တွေအတွက်လည်း KIO က လက်ဦးဆရာဖြစ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ရဲ့ ၁၇ နှစ်ကြာမြင့်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြိုလဲခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကစပြီး KIO က AA ၊ TNLA ၊ MNDAA တို့ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၃ ခုနဲ့ ပူးပေါင်းပြီး လက်ရှိနာမည်ကြီးနေတဲ့ ညီနောင်မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

AA က အစီအစဉ်ကျတဲ့ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းတွေနဲ့အတူ ချင်းပြည်နယ်ထဲက ပလက်ဝမြို့မှာ AA ရဲ့ အခြေစိုက်စခန်းကို တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၈ နဲ့ ၂၀၂၀ ကြား မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က ခန့်မှန်းခြေဦးရေ ၂,၀၀၀ သေဆုံးခဲ့ပါတယ်။ ရခိုင်ပြည်ရဲ့ မြို့နယ်အများအပြားမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် လူပေါင်း ၂၀၀,၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေဟာ အခုဖြစ်နေတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးဆီက တိုက်ပွဲတွေရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုလောက်ပါပဲ။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲ အပြီးမှာတော့ အံ့အားသင့်ဖွယ် နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာခဲ့ပြီး တည်ငြိမ်အေးချမ်းမှုတွေ ပြန်ပြီးရရှိခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဘက်ပွဲစားအဖြစ် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ နိပွန် ဖောင်ဒေးရှင်း ဂျပန်သံအမတ် ဆာဆာကာဝါရဲ့ အငြင်းပွားဖွယ် အပစ်အခတ်ရပ်စဲရေးကလည်း ၂၀၂၀ နိုဝင်ဘာလ မတိုင်ခင်မှာဘဲ နှစ်ဘက်အပစ်အခတ် ပြန်ပြီးစတင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို AA က ဦးစားပေးဆောင်ရွက်နေပေမယ့် မြန်မာစစ်တပ်ရဲ့ နောက်ထပ်တစ်ဖန် ရန်စလိုတဲ့သဘောထား တွေကိုတော့ ရှောင်လွှဲလို့မရခဲ့ပါဘူး။

AA ရဲ့နိုင်ငံရေးပါတီ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) နဲ့ AA က ရခိုင်ပြည်သူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ရေပန်းစားနေပေမယ့် ရခိုင်ပြည်နယ်ရဲ့ သက်တမ်းရင့်နိုင်ငံရေးပါတီနဲ့ တပ်မတော်ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA) ကတော့ လူထုကြား ရေပန်းသိပ်မစားတော့ပါဘူး။ ALP/ALA က ထိုင်း-မြန်မာနယ်စပ်မှာ ဆယ်စုနှစ်များစွာကြာ ရုံးစိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကစလို့ အရင်အရပ်သားတစ်ပိုင်း အစိုးရတွေ နဲ့ နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (AA က KIA အကူအညီနဲ့ ကချင်ပြည်နယ်မှာ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့က ထူထောင်ခဲ့ပါတယ်။ ALP/ALA ကိုတော့ KNU အကူအညီနဲ့ ၁၉၆၇ ခုနှစ် ဧပြီ ၉ ရက်နေ့မှာ ထူထောင်ခဲ့ပါတယ်။)

ALP က AA အတွက် ပြင်းထန်တဲ့ပြိုင်ဘက် မဟုတ်ခဲ့တာကလည်း နှစ်ပေါင်းအတော်ကြာခဲ့တဲ့အပြင် AA က ရခိုင်ပြည်မှာ  နှစ်အတော်ကြာကတည်းက လွှမ်းမိုးထားနိုင်ခဲ့တဲ့အတွက် ALP အနေနဲ့ နက်ရှိုင်းမှုတွင်းနက်ထဲ ဝရုန်းသုန်းကား ထိုးကျသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပခဲ့တဲ့ လွတ်လပ်ရေးနေ့အခမ်းအနား အပြန်မှာပဲ ALA စစ်ဦးစီးချုပ် ခိုင်စိုးမြနဲ့ အရာရှိ ၂ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီလုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး AA အပေါ် ကြီးမားတဲ့သံသယတွေ ရှိခဲ့ကြပေမယ့် ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်ဆိုတာ ခုချိန်ထိ ထုတ်ဖော်ပြော ဆိုလာတာမျိုး မရှိသေးပါဘူး။

ALP ရဲ့ခေါင်းဆောင်ပိုင်းအတွင်း သဘောထားကွဲလွဲမှုတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ပေါ်ပေါက်ခဲ့ပါတယ်။ ပါတီခေါင်းဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် ပါတီတွင်းက ထုတ်ပယ်ကြောင်း ကြေညာချက်တွေ လူသိရှင် ကြားထုတ်ပြန်ခဲ့ပြီး မတ်လ ၂၀ ရက်နေ့မှာတော့ စောမြရာဇာလင်းက ခိုင်ရဲခိုင်နဲ့ ဗဟိုကော်မတီဝင်အများစုကို ထုတ်ပယ်ပြီး ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ကြေညာတဲ့ဖြစ်စဉ် ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။

နောက်တစ်ရက်မှာပဲ ပါတီရဲ့ အဓိကခေါင်းဆောင်တွေက စောမြရာဇာလင်းရဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပါတီက တရားမဝင်ကြောင်းနဲ့ မတ်လနှောင်းပိုင်း စကစနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) ဆွေးနွေးပွဲ မတက်ရောက်ဖို့ သူမကိုတားမြစ်ခဲ့ပြန်ပါတယ်။ သူမအနေနဲ့က သူမကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားနေခဲ့တယ် ဆိုပေမယ့် ပိုပြီးအဓိပ္ပါယ်မရှိတဲ့ လမ်းကြောင်းပေါ် လျှောက်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့တော်လှန်ရေး လှုပ်ရှားမှုတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီ ဦးတည်နေပေမယ့် သူမကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးလို့ကောင်းနေတုန်းပါပဲ။

AA အနေနဲ့ကတော့ အခွန်ကောက်ဖို့ကိစ္စ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင် အရေအတွက် တိုးချဲ့နိုင်ဖို့ကိစ္စတွေ အပါအဝင် ရခိုင်ပြည်နယ်မှာ AA အုပ်ချုပ်ရေးခိုင်မာဖို့ ကိုယ့်လမ်းကြောင်းပေါ် ကိုယ်လျှောက်နေရပါတယ်။ လက်ရှိအချိန်ထိ တော့ AA တပ်ဖွဲ့ဝင်ပေါင်း ၂၅,၀၀၀ ကနေ ၃၀,၀၀၀ ကြားရှိနိုင်ပါတယ်။

စစ်ကောင်စီက ကျင်းပဖို့စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ရခိုင်နိုင်ငံရေးပါတီတချို့ နိုင်ငံရေးပါတီမှတ်ပုံတင်တွေ ပြန်တင်ခဲ့ကြတဲ့အတွက် ဝေဖန်သံတွေ ကျယ်လောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြည်သူ့စစ်တမ်း ကောက်ယူခဲ့ရာမှာတော့ ပါတီတွေရဲ့ပါဝင်နိုင်ခြေ အလားအလာကို ULA/AA ရဲ့ခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်နိုင်ဖွယ်ရှိနေတာ တွေ့ရှိခဲ့ပါတယ်။

ULA/AA ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေနဲ့ဆက်ဆံရေးက အနောက်နိုင်ငံတွေထက် ပိုပြီးအရေးကြီးတယ် ဆိုတာကိုလည်း ULA/AA က သဘောပေါက်ထားပါတယ်။ AA အနေနဲ့ သူ့ရဲ့မြောက်ဘက်ပိုင်းမဟာမိတ်တွေအဖြစ် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ထူထောင်ခဲ့တာကလည်း အံ့ဩစရာတော့မဟုတ်ပါဘူး။

ULA/AA ရဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ကလည်း ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းက အွန်လိုင်းက နေပြုလုပ်တဲ့ "လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ" အစီအစဉ်မှာ "ကျနော်တို့ညီအစ်ကိုတွေ (AA ၊ TNLA နဲ့ MNDAA) KNDF ကို စစ်ရေးအကူအညီပေးထားပြီး မဟာမိတ်အဖြစ် အသိအမှတ်ပြုပါတယ်။ ဒီတော်လှန်ရေးမှာလည်း အတူတကွ လက်တွဲဆင်နွှဲနေပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီထက် နိုင်ငံရဲ့အခြေအနေပေါ် မူတည်ပြီးတော့ တစ်ဖွဲ့ချင်းအလိုက်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေ ၊ ကိုယ့်အဖွဲ့ရဲ့စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကဗျာဆရာမောင်ဆောင်းခ ဦးဆောင်နေတဲ့ BPLA နဲ့ AA ကလည်း နီးကပ်တဲ့ဆက်ဆံရေး ရှိနေပြီး BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးရည်မှန်းချက်တွေကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တတ်နိုင်သလောက် ကူညီသွားမယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ BPLA ထူထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုထားပါတယ်။

တချို့သော လေ့လာသူတွေကတော့ မကွေးဒေသက PDF တွေကိုလည်း AA က လျှို့ဝှက်ကူညီနေပုံ ပေါ်တယ်လို့ ပြောဆိုနေကြပါတယ်။

သေချာတာကတော့ AA ဟာ NUG ကိုယုံပြီး ပုံအပ်ပစ်မှာတော့ မဟုတ်ပါဘူး။ ဒီအတွက်လည်း အကြောင်းပြချက်တွေက အများကြီးပါပဲ။ ပထမတစ်ချက်ကိုပြောရရင် ULA ရဲ့ “ရက္ခိုင့်အိပ်မက် ၂၀၂၀" နဲ့ “ရက္ခိတလမ်းစဉ်” ဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ အာဏာမသိမ်းခင်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ပြတ်ပြတ်သားသား သတ်မှတ်ခဲ့ပြီးသား ဖြစ်တဲ့အတွက်ကြောင့်ပါ။

NLD ရဲ့အုပ်ချုပ်ရေးကာလတွေတုန်းက တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလိုပဲ AA ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တောင်းဆိုချက်တွေအပေါ် လစ်လျူရှုခဲ့တာကို မေ့နိုင်ဦးမယ် မဟုတ်သေးပါ။

နောက်တစ်ချက်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ AA မှာ ရခိုင်တော်လှန်ရေးအတွက် ပြတ်သားတဲ့အမြင်မျိုး ရှိပေမယ့် NUG ရဲ့ခေါင်းဆောင်ပိုင်းတွေကတော့ ထုံထိုင်းမှုန်မှိုင်းနေတုန်းပါ။ ဒါတွေကြောင့်လည်း AA အနေနဲ့ NUG ကိုယုံပြီး ဆူးပုံကိုနင်းမယ့် အလုပ်မျိုး လုပ်လိမ့်မှာမဟုတ်ပါကြောင်း...။

■ ဘုန်းမောင်

Ref: Asia Times

ဗီဒီယိုများ