ဓာတ်မြေဩဇာ အမှတ်တံဆိပ် ၇၀ ကျော်ကို မှတ်ပုံတင်ဖျက်သိမ်း

ရက်ပေါင်း ၉၀ ကျော်လွန်သည့်တိုင် မှတ်ပုံတင်သက်တမ်းတင်ရန် ပျက်ကွက်သောကြောင့် မှတ်ပုံတင်ခွင့်ဖျက်သိမ်းရခြင်းဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

By Admin 11 Aug 2023

ဓာတ်ပုံ - အစိမ်းရောင်လမ်း
ဓာတ်ပုံ - အစိမ်းရောင်လမ်း

DMG ၊ ဩဂုတ် ၁၁ 

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းဖြန့်ချိနေသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာ အမှတ်တံဆိပ် ၇၁ ခုကို မှတ်ပုံတင်လက်မှတ် ဖျက်သိမ်းလိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန မြေဩဇာကော်မတီက ဩဂုတ်လ ၁၁ ရက်နေ့တွင် ကြေညာလိုက်သည်။ 

ရက်ပေါင်း ၉၀ ကျော်လွန်သည့်တိုင် မှတ်ပုံတင်သက်တမ်းတင်ရန် ပျက်ကွက်သောကြောင့် မှတ်ပုံတင်ခွင့်ဖျက်သိမ်းရခြင်းဟု ကြေညာချက်တွင် ဖော်ပြထားသည်။ 

မှတ်ပုံတင်ဖျက်သိမ်းခံရသော တံဆိပ်များမှာ ယူရီးယား (မိုးတိမ်)၊ ကွန်ပေါင်း၊ (AO LIN DAN) ပိုတက်ဆီယမ်ဆာလ်ဖိတ် (အန်ရှိ)၊ မဂ္ဂနီဆီယမ်ဆာလ်ဖိတ် စသည့် ဓာတ်မြေဩဇာများ ပါဝင်သည်။ 

ယခုကိစ္စကြောင့် ဓာတ်မြေဩဇာအရောင်းဆိုင်များနှင့် သုံးစွဲသူတောင်သူများအတွက် အကျပ်အတည်းဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ 

စစ်တွေမြို့က ဓာတ်မြေဩဇာအရောင်းဆိုင်ရှင် ဦးဘထွန်း “ဓာတ်မြေဩဇာတချို့ လိုင်စင်မရှိတော့ဘူးဆိုရင် ဖြန့်ချိခွင့်ရှိတဲ့ ကုမ္ပဏီတွေက ဈေးတင်လို့ရောင်းလာနိုင်တယ်။ ကျနော်တို့လိုအရောင်းဆိုင်တွေ ဆိုတာကလည်း ကိုယ့်ထုတ်ကုန် မဟုတ်တော့ ပြန်ပြီးဈေးကြီးကြီးနဲ့ ရောင်းရမယ့်အခြေအနေဆိုတော့ နဂိုကမှ မြေဩဇာတွေကို နိုင်နိုင်နင်းနင်း မသုံးနိုင်တဲ့ တောင်သူတွေအတွက် ပိုပြီးအခက်အခဲတွေ ရှိလာမယ်လို့ ထင်ပါတယ်” က ပြောသည်။

မြန်မာနိုင်ငံတွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်နေသဖြင့် လက်ရှိမှတ်ပုံတင်ဖျက်သိမ်းခြင်းမှာ တောင်သူများအတွက် ရွေးချယ်ခွင့်နည်းသွားပြီး စိုက်ပျိုးရေးအတွက် အနှုတ်လက္ခဏာ သက်ရောက်လာနိုင်ကြောင်း တောင်သူများက ရှုမြင်သည်။

“ဈေးကွက်မှာ ရွေးချယ်ခွင့်နည်းသွားမယ်ဆိုရင် ပိုပြီးတော့ ဈေးတက်လာမယ့်အခြေအနေကို ရင်ဆိုင်ရနိုင်တယ်။ နဂိုကမှ ဓာတ်မြေဩစာ ၅ အိတ် ထည့်ရမယ့်နေရာမှာ ၃ အိတ်လောက်ပဲ ထည့်နိုင်ကြတဲ့ တောင်သူတွေအတွက် ပိုပြီးတော့ အခက်အခဲတွေ ဖြစ်သွားနိုင်တာပေါ့” ဟု  ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ မြောက်ဦးမြို့နယ် တာဝန်ခံ ဦးမောင်သိန်းလှက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတိုင်ခင်က (၅၀) Kg ရှိ ကွန်ပေါင်း၊ ယူရီးယား စသည့် ဓာတ်မြေဩဇာတစ်အိတ်ကို ငွေကျပ် ၃၀,၀၀၀ ဝန်းကျင်ခန့်ရှိရာမှ လက်ရှိတွင် ငွေကျပ်တစ်သိန်းကျော်ထိ ပေါက်ဈေးရှိနေပြီး အာဏာမသိမ်းခင်ကထက် သုံးဆခန့်အထိ ဈေးမြင့်တက်နေသည်။ 

လက်ရှိတွင် ဓာတ်မြေဩဇာအပါအဝင် စိုက်ပျိုးရေးသုံးသွင်းအားစုစရိတ် ဈေးနှုန်းမြင့်တက်ခြင်း၊ ရာသီဉတုဖောက်ပြန်ခြင်း တို့ကြောင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများမှာ သီးနှံအထွက်နှုန်းကျဆင်းကာ  အခက်အခဲမျိုးစုံနှင့် တွေ့ကြုံနေရသည်။

မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ဦးမောင်နှောင်းက “ပိုက်ဆံအဆင်မပြေတဲ့ လယ်သမားတွေဆိုရင် စပါးပေါ်ချိန်ကျမှ မြေဩဇာခကို ပေးပါ့မယ်၊ စပါးကိုလည်း သူတို့ဆီသွင်းပါ့မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ယူထားရတာတွေရှိတယ်။ စပါးပေါ်တဲ့အချိန် အထွက်နှုန်းကျတာတို့၊ ဈေးမရတာတို့ဆို တောင်သူတွေ အများကြီး နစ်နာရတယ်”  ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင်  ကျေးလက်နေပြည်သူ အများအပြားမှာ စိုက်ပျိုးရေးဖြင့် အဓိက အသက်မွေးဝမ်းကြောင်း ပြုကြသော်လည်း ယခုကာလတွင် တွက်ခြေမကိုက်တော့သဖြင့် တောင်သူများမှာ လယ်ယာလုပ်ငန်းကိုစွန့်ခွာပြီး ပြည်ပထွက်ခွာမှု မြင့်တက်နေသည်။ 

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လူသုံးကုန်နှင့် စားသောက်ကုန်ထုတ် စက်ရုံ၊ အလုပ်ရုံများ အပါအဝင် ပို့ကုန်၊သွင်းကုန်လုပ်ငန်း တချို့မှာလည်း အာဏာသိမ်းပြီးနောက်တွင် လုပ်ငန်းရုပ်သိမ်းကာ ပြည်တွင်းမှ ထွက်ခွာသွားမှုများ ရှိသည်။ 

#I008

ဗီဒီယိုများ