ပေါက်တောတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အိမ်နီးချင်းဖြစ်သူက အဓမ္မပြုကျင့်

အခင်းဖြစ်ပြီးနောက် မိန်းကလေးငယ်၏ မျက်နှာနှင့် ခန္ဓာကိုယ်တို့မှာ လက်သည်းခြစ်ရာ အနည်းငယ်ရရှိခဲ့ပြီး မိန်းမကိုယ်တွင် သွေးစများကြောင့် အပေါ့သွား၍ မရသည့်အခြေအနေကို မိသားစုဝင်များက သတိထားရာကနေ အဓမ္မကျူးလွန်ခံခဲ့ရမှုကို သိရှိရခြင်းဖြစ်သည်။

By Admin 07 Oct 2023

ဓာတ်ပုံ - အင်တာနက်
ဓာတ်ပုံ - အင်တာနက်

DMG ၊ အောက်တိုဘာ ၇

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် သရက်ချောင်းကျေးရွာတွင် ယမန်နေ့(အောက်တိုဘာ ၆) ရက် ည ၇ နာရီခန့်က အသက် ၃ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကျူးလွန်သူမှာ အိမ်နားချင်းနေ အသက် ၂၂ အရွယ် ကိုကြည်လှဌေးဖြစ်ပြီး မိန်းကလေးငယ်အား အချိုရည်တစ်ဗူးနှင့် မုန့်တစ်ထုတ်ပေးကာ ကျေးရွာအနီးနေရာတစ်ခုတွင် အဓမ္မပြုကျင့်ခဲ့ခြင်းဟု မိသားစုဝင်များနှင့် ကျေးရွာတာဝန်ရှိသူများက ပြောသည်။

“ကြည်လှဌေး ဆိုတဲ့ကောင်လေးက မိန်းကလေးငယ်အိမ်နဲ့ အိမ်နီးနားချင်းနေတာ။ မိန်းကလေးကို အရင်ကလည်း ပွေ့ချီပြီး ကလေးထိန်းပေးတဲ့သဘောရှိတယ်။ မနေ့က သောက်စားပြီးပြန်လာတဲ့အခါ အချိုရည်ဗူးနဲ့ မုန့်တွေဝယ်ပေးပြီး ကလေးကို ခေါ်သွားတယ်။ အဲဒီအခါ သူက လူမမြင်တဲ့နေရာတခုမှာ အဓမ္မပြုကျင့်ပြီးတော့ အိမ်ကို ပြန်ပို့လာတယ်” ဟု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုဝင်တစ်ဦးက DMG ကို ပြောသည်။

အခင်းဖြစ်ပြီးနောက် မိန်းကလေးငယ်၏ မျက်နှာနှင့် ခန္ဓာကိုယ်တို့မှာ လက်သည်းခြစ်ရာ အနည်းငယ်ရရှိခဲ့ပြီး မိန်းမကိုယ်တွင် သွေးစများကြောင့် အပေါ့သွား၍ မရသည့်အခြေအနေကို မိသားစုဝင်များက သတိထားရာကနေ အဓမ္မကျူးလွန်ခံခဲ့ရမှုကို သိရှိရခြင်းဖြစ်သည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ စစ်တွေမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူနေရကာ ကျူးလွန်သူ ကိုကြည်လှဌေးဆိုသူကို ဒေသတွင်း ULA တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းထားပြီး အဓမ္မပြစ်မှုကျူးလွန်ခဲ့မှုကို ဝန်ခံထားကြောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်တွင်း ပြီးခဲ့သည့် စက်တင်ဘာလကနေ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိလာပြီး စက်တင်ဘာ ၂၉ ရက်က မြောက်ဦးမြို့ပေါ်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။ ထို့အပြင် စက်တင်ဘာလ ၄ နေ့ကလည်း ဘူးသီးတောင်မြိုနယ်၊ တပ်ရာကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။

ထိုသို့ ရခိုင်ပြည်နေရာအနှံ့တွင် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများမှာ ဆွေမျိုးသားချင်းအပါအဝင် ကလေးနှင့်ရင်းနှီးကျွမ်းဝင်သူများ ဖြစ်နေသည်ကို တွေ့ရသည်။

“သက်ငယ်မုဒိန်းတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့အကြောင်းက အခုက ဖုန်းတွေ၊ အင်တာနက်တွေကို စည်းကမ်းမရှိ သုံးကြတယ်။ အဲဒါတွေကြောင့် ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေလို လက်တွေ့ဘဝမှာ ပြုလုပ်ဖို့ ကြိုးစားလာကြတယ်” ဟု စစ်တွေမြို့က ပညာရေးဝန်ထမ်း ဒေါ်မလွမ်းပိုက ပြောသည်။

ရခိုင်ပြည်အတွင်း ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု စသည့် မှုခင်းဖြစ်စဉ်များ ထူပြောလာပြီး ဒေသခံများမှာ လုံခြုံမှုကင်းမဲ့နေကြသည်။ အထူးသဖြင့် ယခုနောက်ပိုင်းတွင် သက်ငယ်မုဒိမ်းများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျူးလွန်သူများမှာ ကလေးနှင့်ဆွေမျိုးတော်စပ်သူများ၊ အိမ်သို့အဝင်အထွက်ရှိသူများ ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် သက်ငယ်မိန်းကလေးများကို အဓမ္မကျူးလွန်သူများအား ထိရောက်သောပြစ်ဒဏ်များ ချမှတ်ကာ အရေးယူသင့်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောဆိုနေကြသည်။

“တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် ရာဇဝတ်မှုကို ရာဇဝတ်မှုဥပဒေအရ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်တာမရှိတဲ့အတွက်ကြောင့် အခုလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ထပ်ခါထပ်ခါဖြစ်တာလို့ သုံးသပ်လို့ရတယ်” ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဉက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောသည်။

#I003

ဗီဒီယိုများ