မြောက်ဦးမြို့ အနူမကန်မှရေကို လက်ဆည်ကန်သို့ ရေဖြည့်သွင်းဖြန့်ဝေမည့်အပေါ် ဝေဖန်မှုများရှိနေ

မြောက်ဦးမြို့တွင် ရေရှားပါးမှုမဖြစ်စေရန် ရေတွန်းစက် ၂ လုံးဖြင့် တစ်ရက်လျှင် ရေဂါလံ ၈ သိန်းကို အနူမကန်မှ လက်ဆည်ကန်သို့ ရေအကူဖြည်သွင်းပေးသွားရန် စစ်ကောင်စီက စီစဉ်နေသည်။ 

By Admin 22 Mar 2023

ရေခမ်းခြောက်နေသည့် လက်ဆည်ကန်အား တွေ့ရစဉ်။
ရေခမ်းခြောက်နေသည့် လက်ဆည်ကန်အား တွေ့ရစဉ်။

DMG ၊ မတ် ၂၂

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် အနူမကန်မှရေကို လက်ဆည်ကန်သို့ ရေဖြည့်သွင်းကာ ဖြန့်ဝေးပေးသွားရန် စစ်ကောင်စီ စီစဉ်နေမှုအပေါ် ဒေသခံများအကြား ဝေဖန်မှုများ ရှိနေကြသည်။ 

မြို့ပေါ်ရပ်ကွက်အသီးသီးကို အဓိက ရေဖြန့်ဝေပေးနေသည့် လက်ဆည်ကန်မှာ လက်ရှိ ရေခမ်းခြောက်နေပြီဖြစ်၍ ဒေသခံများမှာ ရေသုံးစွဲမှုအတွက် အခက်အခဲများဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။ 

မြောက်ဦးမြို့တွင် ရေရှားပါးမှုမဖြစ်စေရန် ရေတွန်းစက် ၂ လုံးဖြင့် တစ်ရက်လျှင် ရေဂါလံ ၈ သိန်းကို အနူမကန်မှ လက်ဆည်ကန်သို့ ရေအကူဖြည်သွင်းပေးသွားရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရသည်။ 

မြောက်ဦး စည်ပင်သာယာရေးအဖွဲ့မှ အမှူဆောင်အရာရှိ ဦးရွှေမောင်က “မြို့ပေါ်ရပ်ကွက်မှာ ရေပြတ်လပ်မှုမရှိရအောင်အတွက် ရေပေးဝေသွားမယ်။ အခုကတည်းကနေ ကျနော်တို့ ကြိုတင် ပြင်ဆင်နေပါပြီ။ အခုထက်ပိုပြီး ရေနှောက်သွားမှာကို ဒေသခံတွေစိုးရိမ်နေပေမဲ့ သန့်သန့်ရှင်းရှင်းဖြစ်အောင်တော့ လုပ်ဆောင်သွားမယ်။ ကန်အနီးရေဝပ်နားမှာ မဆင်မခြင် ရေအသုံးပြုတာ၊ ရေချိုးတာတွေလုပ်လုပ်၊ စိုက်ပျိုးရေးလုပ်တဲ့သူတွေ၊ ငါးဖမ်းတဲ့သူတွေကို တားဆီးသွားမယ်။ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်” ဟု ပြောသည်။ 

အနူမကန်မှရေကို လက်ဆည်ကန်သို့ ရေဖြည့်သွင်းမှုမှာ ရေရရှိမှုအတွက် အဆင်ပြေသော်လည်း စည်းကမ်းမဲ့ ရေသုံးစွဲမှုများရှိလာနိုင်ကာ ရေမသန့်ရှင်းမှု ဖြစ်သွားနိုင်သည့်အတွက် နည်းလမ်းမှန်ကန်စွာ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။ 

“ဒီရေကို ပြောင်းပေးလိုက်တော့ကော ဘာထူးလာမှာလဲ။ ကန်ထဲကို ဆင်းပြီးတော့ ရေကူးကြတယ်။ အဝတ်လျှော်ကြတယ်။ ရရှိလာတဲ့ ရေကိုရော သန့်ရှင်းမှုအပိုင်းမှာ ဘယ်လောက်ထိ တာဝန်ယူနိုင်မလဲ။ ဒီထက်ပိုပြီးတော့ ဆိုးသွားနိုင်တယ်” ဟု မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောသည်။ 

လက်ဆည်ကန်နှင့် အနူမကန်ကို ခွဲခြားထားသည့် ဆည်ဘောင်ရိုးကို ဖယ်ရှားနိုင်မှသာ ရေရှားပါးမှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်သန်းက ဆက်ပြောသည်။

အနူမကန်မှရေကို လက်ဆည်ကန်သို့ ရေကူဖြည့်တင်းပေးခြင်းမှာ ကောင်းမွန်သည့်ဖြေရှင်းချက် နည်းလမ်းမဟုတ်ဘဲ ကန်နှစ်ကန်ခြား တည်ဆောက်ထားသော ကန်ဘောင်ရိုးကို ဖြိုချသည့်နည်းလမ်းသာ ရေရှားပါးမှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

မြောက်ဦး၊ တောင်ရပ်ရပ်ကွက်မှ မြို့မိမြို့ဖတစ်ဦးက “မြောက်ဦးမှာ ရေက တော်တော်လေး ဆိုးနေတာ။ ရေက သံချေးရောင်တက်နေတဲ့အတွက် အသုံးပြုမယ်ဆိုရင် တစ်ရက်လောက် အနည်ထိုင်ပြီးမှ အသုံးပြုရတယ်။ ဒီလိုဖြစ်နေတာဟာ ၃ နှစ်လောက် ကြာပါပြီ။ အခုနှစ်က စောပြီး ခမ်းသွားလို့ အစောကြီး ကြုံတွေ့ရတာ” ဟု ပြောသည်။ 

မြောက်ဦးမြို့တွင် ရေရှားပါးမှုမဖြစ်ပေါ်စေရန် စစ်ကောင်စီအနေဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက ရေတိုအတွက်မဟုတ်ဘဲ ရေရှည်အတွက် အဆင်ပြေနိုင်အောင် စနစ်တကျနှင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း မိုးရွာသွန်းမှုနည်းပါးခြင်း၊ လက်ဆည်ကန်အနီး စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့အပြင် စည်းကမ်းမဲ့ ရေသုံးစွဲမှုတို့ကြောင့် သတ်မှတ်ချိန်ထက် အလျင်အမြန် ရေခမ်းခြောက်သွားခြင်း ဖြစ်သည်။ 

“ကျနော့်အမြင်ကတော့ ကန်ထဲက ဒိုက်နွယ်တွေကို ဆည်ဖို့ နည်းစနစ်တကျနဲ့ လုပ်ဖို့လိုပါတယ်။ ကန်ကိုလည်း သန့်သန့်ရှင်းရှင်း ဖြစ်အောင်လုပ်ရမယ်။ ဒီအတိုင်ထားထားရင်တော့ နောက်နှစ်တွေမှာ အဆင်ပြေမှာ မဟုတ်ဘူး ” ဟု မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ဦးသန်းထွန်းက ပြောသည်။ 

ရခိုင်ပြည်တွင် ရေအရင်းအမြစ်ပေါများသည့် မြစ်ချောင်း၊ အင်းအိုင်များရှိသော်လည်း နွေရာသီရောက်တိုင်း မြို့ပေါ်ကျေးလက်မကျန် နှစ်စဉ်ရေရှားပါးမှုကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။ 

#R010

ဗီဒီယိုများ